(မင်းဆွေသစ်)
(က)
ကိုသူရ မိခင်၏ဇာတိက မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကဖြစ်သည်။ အထက်တန်းကျောင်းသား မောင်သူရ ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း မိခင်ဇာတိ တောင်စွန်းသို့ အလည်ရောက်၍နေသည်။ ဆွေမျိုးများနှင့်တရုန်းရုန်း ….။ ကေလာသတောင်သို့တတ်သည်။ ကျိုက်ထီးဆောင်းဘုရားသို့သွား၏။ ဆွေမျိုးညီအစ်ကိုမောင်နှမများနှင့် …..။ ရန်ကုန်သား မောင်သူရ ကျေးလတ်တွင် ပျော်နေ၏။ ထိုစဉ် …. တောင်စွန်းသို့ အငြိမ့်ပွဲဝင်၏။ အငြိမ့်က မော်လမြိုင်အငြိမ့် ….။ ဗလာပွဲပင် …..။ စင်ထိုးသည်နှင့် မောင်သူရ အငြိမ်မနေနိုင်တော့ …… စင်ပေါ်တတ်ချင်နေ၏။ ဆွေမျိုးများက မြှောက်ပေးကြ၏။ အငြိမ့်မှ လူရွှင်တော်ကြီးများနှင့် ရင်းနှီးအောင် ကြိုးစားပေးကြ၏။ မြို့ခံများက ဧည့်ခံရင်း ….လူရွှင်တော်ကြီးများနှင့် ရင်းနှီးသွားကြသည်။ လူရွှင်တော်ကြီးနှစ်ယောက်က မောင်သူရအား ပျက်လုံးတွေ တိုက်ပေး၏။ သင်ပေး၏။ မောင်သူရက ခြေတကြွကြွ…..။ ဆွေမျိုးများကလည်း အားပါးတရ….။ ညရောက်ပြီ…..။ အငြိမ့်ထွက်ပြီ ……။ ၁၅-နှစ်သား မောင်သူရလည်း လူရွှင်တော်အ၀တ်အစားများနှင့်စင်ပေါ်မှာ …..။ ညနေက လူရွှင်တော်ကြီးများ တိုက်ပေးထားသည့် ပျက်လုံးများကို ပျက်ရန်အသင့် ….။ စင်ပေါ်ရောက်တော့ …. ညနေက ပျက်လုံးများသင်ပေးခဲ့သည့် လူရွှင်တော်ကြီးနှစ်ယောက်က လူရွှင်တော်လေး မောင်သူရအား လှည့်၍ပင် မကြည့် …. ။ သူတို့နှစ်ဦးပင် ပျက်လုံးများအား ရေပက်မ၀င် ပျက်၍နေကြ၏။ ပရိတ်သတ်က တ၀ါးဝါး ….တဟားဟား…..။ လူရွှင်တော်လေးမောင်သူရငေါင်၍နေသည်။ ဘယ်အချိန် သူဝင်ပျက်ရပါ့မလဲ ….။ တွေး၍ကြည့်၏။ ငေး၍ကြည့်၏။ ဤသို့နှင့် ဇက်စင်ပေါ်၌ တောကြည့်တောင်ကြည့် ဖြစ်၍လာသည်။ ပရိတ်သတ်အား ကြည့်ရင်း အားငယ်လာသည်။ လူရွှင်တော်ကြီးနှစ်ယောက်ကတော့ မင်မောင်းအပြည့်နှင့် ပျက်၍ကောင်းဆဲ …..။ တဖြည်းဖြည်းနှင့် လူရွှင်တော်လေးမောင်သူရ ဇာတ်စင်ပေါ်၌ နေရင်း ….. ရင်ထဲ၌ မျက်ရည်တွေပြည့်လာ၏။ အငြိမ့်စင်တိုင်အကွယ်သို့ မသိမသာခိုဝင်းရင်း …. တိုးဝင်ရင်း နှင့် ……။ ပရိတ်သတ်အား မျက်နှာမပြ၀ံ့တော့ ….။ နှင်းမှုန်များအောက်၌ မောင်သူရ ချွေများစို၍နေခဲ့ရ၏။
ထိုစဉ်က …. ဇာဂနာဟူ၍ မဖြစ်သေး …..။
“ ကျနော့် ဘ၀မှာ ဘယ်လိုမှ မမေ့နိုင်ခဲ့သလို သင်ခန်းစာအကြီးကြီးရခဲ့တဲ့ အချိန်တစ်ခုပါပဲ။ ကိုယ့်မှာ ကျည်ဆန်မရှိလို့ဆိုပြီး သူများပစ်တာ ခံခဲ့ရတာပါ။ သည့်အတွက်ကြောင့်လည်း ကျနော် ၀မ်းစာပြည့်အောင် ကြိုးစားခဲ့ရသလို နေရာရအောင် ကြိုးစားခဲ့ရပါတယ်”
( ရတီ -၂၀၀၆ခုနှစ် မတ်လထုတ် ဇာဂနာ၏ဆောင်းပါး -စာမျက်နှာ ၁၇၄ မှ )
(ခ)
ကိုသူရသွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ကျောင်းသားဘ၀တွင် ….. ကျောင်းကပွဲများ၌ အငြိမ့်ကဖြစ်လာ၏။ ဆဌမအကြိမ် သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်၏ ဘွဲနှင်းသဘင်အခမ်းအနား၌ အငြိမ့်ပွဲပါ၏။ ကိုသူရတို့၏ အငြိမ့် ….။ “ ပုလဲသွယ်အငြိမ့်” ဟူ၍အမည်ပေးသည်။ အခြားကျောင်းသားများနှင့်အတူ ကိုသူရလဲ လူရွှင်တော်လုပ်သည်။ ပုလဲသွယ်အငြိမ့်တွင် …. လူရွှင်တော် လေးယောက်ရှိ၏။ မိုလာ၊ စကေလာ၊ တင်ချာနှင့် ဇာဂနာဟူ၍အမည်ပေးကြ၏။ အားလုံးသွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ကျောင်းသားများနှင့် ရင်းနှီးသည့်အသုံးအဆောင်အမည်များ …..။ ဤတွင်ကိုသူရမှ ဇာဂနာဖြစ်လာခဲ့၏။ (ကို) ဇာဂနာ၏ အနုပညာဖြေဖျော်မှုက ……သစ်ပုတ်ပင်နှင့် အင်းယားကမ်းစပ်၌ပင် ရပ်၍မနေ ….။ ပြည်သူလူထုအတွင်းသို့ တိုး၍ စီးဝင်ရန်ကြိုးစား၏။ ရန်ကုန်တက္ကသိုလ်(လှိုင်)မှ အနုပညာရှင်များနှင့် ပေါင်းပြီး ရန်ကုန်မြို့တော်ခမ်းမတွင် ဖျော်ဖြေခဲ့ကြ၏။ ဂီတဖက်မှ ကိုင်ဇာ၊ ဗထူးချစ်၊ မောင်မောင်ချန်တို့နှင့် တွဲမိလာခဲ့၏။
(ဂ)
ရန်ကုန်မြို့တော်ခမ်းမရှေ့ စင်တင်ဖျော်ဖြေပွဲပြီးသည့်နောက် …. (ကို) ဇာဂနာစဉ်းစားသည်။ ကံ့ကော်တောအား ကျော်ခဲ့ပြီ….။ လူထုကြီးအတွင်း များများနဲ့ မြန်မြန် ပျံ့နှံနိုင်အောင် အနုပညာကို ဘယ်လိုဖြန့်မလဲ……။ အငြိမ့်စင်ပေါ် တတ်ကပါက …. တစ်ပွဲကြည့်မှ ပရိတ်သတ်က ငါးထောင်….တစ်သောင်း……။ နည်းသည်။ အားမရ…..။ (ကို) ဇာဂနာစဉ်းစား၏။ ကြားခံမီဒီယာ အသုံးပြုရမည်။ အများဆုံးနှင့်အမြန်ဆုံး ပျံ့နှံနိုင်သည်က ရုပ်မြင်သံကြား…..။ TV ပရိတ်သတ်က သန်းဂဏန်းအထိရှိသည်။ တစ်နိုင်ငံလုံး ….တနံ…တလျား….။ ချက်ချင်းပျံနှံမည်။ ဤတွင် မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်တွင် ဖျော်ဖြေအငြိမ့်ကပြနိုင်ရေး အတွက် (ကို) ဇာဂနာလုံးပမ်း၏။
၁၉၈၄….ခုနှစ် ။
လွတ်လပ်ရေးနေ့ ဂုဏ်ပြုအငြိမ့်အား မြန်မာ့ရုပ်မြင်သံကြားတွင် ဖျော်ဖြေနိုင်ရေးအတွက် (ကို) ဇာဂနာကြိုးစား၏။ ထိုစဉ်က “ မိုးနတ်သူဇာအငြိမ့်” အား ထူထောင်ပြီးဖြစ်သည်။ မင်းသမီးက (မ) သီတာဝင်း……။ လူရွှင်တော်များက …..တတ်တူ၊ စုတ်ချွန်း၊ ပိန်ပိန်နှင့် ဇာဂနာတို့ဖြစ်သည်။ ရုပ်မြင်သံကြားဂုဏ်ပြုအစီအစဉ်တွင် (ကို) ဇာဂနာက သမိုင်းရေးရာ နောက်ခံထားသော အငြိမ့်ခန်းအား လုပ်ချင်၏။ (ကို) ဇာဂနာအချိန်ပေး၍ လုပ်ခဲ့ရသည်။ ရှေ့မှီ….အနုပညာသည်ကြီးများနှင့် တွေ့၏။ မေး၏။ မှင်သက်ခဲ့ရ၏။ အမေ (ဒေါ်)အောင်ကြည်၊ ဆရာကြီး ဦးခင်မောင်လတ်၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ ဂီတလုလင်မောင်ကိုကို၊ (ဒေါ်)ထား၊ မြန်မာ့အသံ ဦးသစ္စာ…..တို့က (ကို) ဇာဂနာအား ကူညီပေးကြ၏။ လမ်းညွှန်းပေးခဲ့ကြ၏။ ဤသို့နှင့် …… သမိုင်းအချက်အလက်များအား (ကို) ဇာဂနာမှတ်သားရှာဖွေခဲ့ရ၏။ ၁၉၄၇ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့တွင် မြန်မာနိုင်ငံရုပ်ရှင်နှင့်ပြဇာတ်ဌာနအား ဆရာကြီး ဦးဥာဏခေါင်းဆောင်၍ ဖွဲ့စည်းခဲ့၏။ ပြဇာတ်ဌာန၏ဌာနမှူးက ဒဂုံဆရာတင် …။ ဆရာရန်နိုင်စိန်က ထိုဌာန၏ ၀န်ထမ်းတစ်ဦး….။
၁၉၄၈ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့ …..လွတ်လပ်ရေးရလျှင် ….. မြန်မာ့အသံမှ ထုတ်လွှင့်ရန် လွတ်လပ်ရေးသီချင်းတစ်ပုဒ်လိုသည်။ ရှိပြီးသီချင်းက ဆရာရွှေတိုင်ညွှန့်ရေးသည့် ဂျပန်ခေတ်ရွှေရည်စိမ် လွတ်လပ်ရေးပေးတုန်းက သုံးခဲ့သည့်သီချင်းဖြစ်သည်။ မသုံးချင်….။ သို့နှင့် ….. သီချင်းသစ်အား ရွေးကြ၏။ ဆရာကြီးဦးဥာဏက စာသားရေးပြီး ….ဆရာရန်နိုင်စိန်က အသံထည့်၏။ ဤသို့နှင့် လွတ်လပ်ရေးသီချင်းသစ် တစ်ပုဒ်ရလာ၏။ ဤသီချင်းအား ၁၉၄၈ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့ မနက် (၄)နာရီ (၂၀) မီနစ်တွင် မြန်မာ့အသံမှ လွတ်လပ်ရေးကြေညာပြီးသည်နှင့် ထုတ်လွှင့်ခဲ့၏။
ဤသီချင်းအား (ကို) ဇာဂနာက ၁၉၈၄ခုနှစ် လွတ်လပ်ရေးနေ့ မြန်မာ့ရုပ်မြင်သံကြား ဂုဏ်ပြုအစီအစဉ် ဖြေဖျော်ခန်းတွင် “ မိုးနတ်သူဇာ အငြိမ့်” ၏အဖွင့် သီချင်းအဖြစ် ပြန်၍ဖော်ထုတ်ခဲ့၏။
“……. ဗမာဟေ့ ဗမာ ကမ္ဘာရှေ့မှာ ဗမာဟေ့လို့ ကြွားဝင့်စရာ တို့အဆင့်အတန်းနဲ့ လျှမ်းတင့်ဝေဆာပြီ ဒါတို့ပြည် ဒါတို့မြေ ဒါတို့ပြည် အဖိုးမဖြတ်တဲ့ လွတ်လပ်ရေးနဲ့ အေးချမ်းသာယာစည် တိုင်းရင်းသား လူမျိုးတိုင်းသည် အခွင့်အရေးညီညီ တကယ်လွတ်လပ်ပါပြီ”
(ရတီ-၂၀၀၅ခုနှစ် အောက်တိုဘာလထုတ် ဇာဂနာ၏ဆောင်းပါး၊ စာမျက်နှာ ၁၇၃ မှ )
(ဃ)
ဇာဂနာနှင့် မိုးနတ်သူဇာက ခွဲ၍မရတော့ ….။ တွဲ၍သာမြင်နေကြသည်။ ဇာဂနာ၏ပျက်လုံးများက လူထုကြားမှလာသည့်ပျက်လုံးများဖြစ်၍ လူထုနှင့်ထိမိ၏။ ခေတ်ကြီးက သရော်စရာများနှင့် ပြည့်နေ၍ ဇာဂနာ၏ပျက်လုံးများက ခေတ်နှင့်ညီ၍နေသည်။ မြန်မာ့ရုပ်မြင်သံကြားတွင် ဖျော်ဖြေရသလို ….၊နိုင်ငံအနှံမြို့ကြီးများတွင်လည်း စင်တင်၍ ဖျော်ဖြေကြရသည်။ ဇာဂနာက မိုးနတ်သူဇာအား ဤမျှနှင့်အားမရ …..။ ရပ်မနေချင်….။ အငြိမ့်သဘင်အား ပြောင်းလဲချင်၏။ ဤတွင် မိုးနတ်သူဇာမှ စလိုသည်။
ထိုင်မသိမ်းတွေဝတ်၊ ဆံထုံးကြီးတွေထုံးပြီး အငြိမ့်မင်းသမီးတွေ ကနေတာကြာပြီ…..ရိုးလောက်ပြီ။ ကိုးရီယားမှာလို ၊ ဗီယက်နမ်မှာလို ယပ်တောင်ယိမ်းတွေ …..၊ လယ်သမားယိမ်းတွေလိုမျိုးနှင့် အငြိမ့်ကို တင်ဆက်ချင်သည်။
ကောက်စိုက်သမ သီချင်း……။
အငြိမ့်မင်းသမီးနှင့်အဖွဲ့က ကောက်စိုက်သမ၀တ်စုံနဲ့ လယ်ကွင်းထဲတွင် ကောက်စိုက်ရင်း သီချင်းဆိုမည်။ ပြီးလျှင် ….. အကအပိုဒ်ပြောင်း ….။ ဒီတော့ ….. မင်းသမီးဝတ်စုံနှင့်ပြန်ကမည်။ တင်ဆက်ပုံပြောင်းမည်။ အကြောင်းအရာက လူထုဘ၀သို့ ၀င်မည်။
ညဘက် အပျိုမလေးတွေအနား ကာလသားလူပျိုတွေ လူပျိုလှည့်မည်။ လသာသာတွင် ….။ ကောင်မလေးတွေက ဗိုင်းငင်ချင်ငင်နေကြမည်။ လူပျိုကာလသားတွေက အနားတွင် စကားထာဖွက်မည်….။ ကျေးလတ်ကို ဖော်မည်။ သီချင်းက ကျေးလတ်သီချင်း ….။ ပြီးလျှင်တော့ အငြိမ့်မင်းသမီးက ….အကစွမ်းရည်ပြဖို့အတွက်ကတော့ စင်ပေါ်တတ်ပြီးကစေမည်။ ဤတွင်လည်း မင်းသမီး၏အကကို တစ်ယောက်တည်း ကနေသည်ထက် ပို၍ “ကြွ”စေရန် အားဖြည့်မှုအဖြစ် ဟာမိုနီယိမ်းအဖွဲ့ကို ထည့်မည်။ မင်းသမီးနှင့် ယိမ်းအဖွဲ့၏ အကသည် ဆန့်ကျင်ဖက်ဆန်မည်ဆိုသော် …..ကြည့်သူအမြင်တွင်မူ လိုက်ဖက်မှုရှိနေရမည်။ ဤသိုပ….မိုးနတ်သူဇာတွင်စ၍ အငြိမ့်ရှုတင်အားပြောင်းချင်၏။ ပြောင်းလဲလိုသော် ဇာဂနာနှင့် ရှေးရိုးစွဲတို့အကြား ပြဿနာဖြစ်၏။ ပရိပက္ခသည်ကြီး၍လာသည်။ နောက်ဆုံး …..မိုးနတ်သူဇာ ကွဲခဲ့၏။ မင်းသမီး (မ) သီတာဝင်းဦးဆောင်သည့် မိုးနတ်သူဇာနှင့် (ကို) ဇာဂနာအသစ်ထူထောင်သည့် မြပုဏ္ဍာမာအငြိမ့်ဟူ၍ ….။
မြပုဏ္ဍာမာတွင် (ကို) ဇာဂနာနှင့်တွဲဖက် အညီဆုံးက “အရိုင်း” ဖြစ်သည်။ ပြုပြင်ပြောင်းလဲလိုသော တင်ဆက်မှုအသစ်များနှင့် မြပုဏ္ဍာမာအား စခဲ့ကြ၏။ မြန်မာ့ရုပ်မြင်သံကြားမှ “ အမှတ်တရ ရတနာပုံ” အစီအစဉ်တွင် မြပုဏ္ဍာမာ၏ “ ရှေးအငြိမ့်၊ အမျိုးသားအငြိမ့်” အစီအစဉ်တို့အား တင်ဆက်ဖျော်ဖြေခဲ့၏။ (ကို) ဇာဂနာ၏ “နေကောင်းသွားမှာပါ ….” ၊ “ အားလည်း နာတယ်၊ ခင်လည်း ခင်တယ် …..” ၊ သနားတယ် ….” ၊ သိနေတယ်လေ ….” ။ ပျက်လုံးများက လူထုစကားဖြစ်၍လာသည်။
လူရွှင်တော်များနှင့် ပျက်လုံးများမှာမူ ပြောစရာမရှိ…..။ “အား”ကောင်းသည်ဟု ဆိုရမည်။ မြပုဏ္ဍာမာ၏ အငြိမ့်ခန်းအဖွင့်အား ပရိတ်သတ်စိတ်ဝင်စားရန် (ကို) ဇာဂနာတို့ ပြင်ကြရပြန်သည်။ မင်းသမီး၏အကအား ပရိတ်သတ်က တခုတ်တရထိုင်ပြီး ကြည့်ရှုချင်စေရန် မြပုဏ္ဍာမာ၏အငြိမ့်အဖွင့်တေးထပ်အား အမျိုးသားနေ့ ဂုဏ်ပြုတေးထပ်နှင့်စသည်။ ရုပ်ရှင်မင်းသားကြီး (ဦး)၀င်းဦးက ရေးပေး၏။
“….. မျိုးမြန်မာ စံပမာပြုသိရန်ဆို ကနက်၏သဏ္ဍာန် သီဟာကြငှာန်း ရွှေနန်းရွှေထီး ပြည်ကြီး ဟန်ထည် စည်တီးသံကြွယ် တစ်ခေတ်တစ်ချိန်က လျှမ်း …….“
(ရတီ-၂၀၀၆ခုနှစ် ဖေဖော်ဝါရီလထုတ် ဇာဂနာ၏ဆောင်းပါး စာမျက်နှာ -၁၈၁ မှ)
(င)
၁၉၈၈ ခုနှစ် “၈” လေးလုံး အရေးတော်ပုံကြီးအတွင်း၌ (ကို) ဇာဂနာသည် အနုပညာရှင်တစ်ဦးအနေနှင့် ဒီမိုကရေစီအရေးတိုက်ပွဲတွင် တတ်တတ်ကြွကြွ ပါဝင်ခဲ့၏။ ရန်ကုန်မြို့ရှိ လူထုတရားပွဲများတွင် (ကို) ဇာဂနာ အုပ်စိုးသူ အာဏာရှင်များအား သရော်သည့် ပျက်လုံးများက ထိမိလှ၏။
မကြာ …. ။ ၁၉၈၈ ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့တွင် အာဏာသိမ်းစစ်အုပ်စုက (ကို) ဇာဂနာအား ရန်ကုန်မြို့ဘားလမ်းရှိ စပယ်ဦးစာပေတိုက်အတွင်းမှာပင် ၀င်ရောက်၍ ဖမ်းဆီးခဲ့၏။
အငြိမ့်စင်မီးရောင်အောက်မှ နံရံလေးဘက်အကြား အမှောင်တိုက်အတွင်းသို့ (ကို) ဇာဂနာရောက်သွားခဲ့တော့၏။ သို့သော် …. (ကို) ဇာဂနာ၏ပျက်လုံးများကမူ လူထုအကြား၌ ပျံ့နှံ၍နေ၏။ စစ်အုပ်စုမှ သေနတ်ပြ၍ (ကို) ဇာဂနာ၏ ပျက်လုံးများအား ဖမ်းဆီး၍မရ ….။
(စ)
“အင်းစိန်” မှ ပြန်လာခဲ့ပြီးနောက် (ကို) ဇာဂနာအငြိမ့်စင်ပေါ်သို့ တတ်ခွင့်မရတော့ …..။ အာဏာရှင်တို့သည် (ကို) ဇာဂနာ၏ ပျက်လုံးများအား ဒီဝီဇံတပ်မကြီးတစ်ခု၏ ကျည်ပစ်အားထက် ကြောက်လန့်ဟန်တူ၏။ (ကို) ဇာဂနာအား အငြိမ့်ကခွင့် လုံးဝခွင့်မပြုတော့ …..။
နှစ် နှစ်ဆယ်လုံးလုံး (ကို) ဇာဂနာအငြိမ့်ကခွင့်မရ၊ ပျက်လုံးထုတ်ခွင့်မရ …..။
ကန့်လန့်ကာ …..။ မီးရောင်အောက်၌ ဖျော်ဖြေကပြခွင့်မရသည့် (ကို) ဇာဂနာ…..။ ဘာလုပ်မည်နည်း ….။ သူ၏ အနုပညာက “ရပ်” ၍ မနေ…..။ “အ”၍ မသွား…..။ လူထုထံသို့ စီးဝင်ရန် ကြိုးစားဆဲ….။ (ကို) ဇာဂနာသည် …..ကန့်လန့်ကာ မီးရောင်အောက်မှနေ၍ ….ပိတ်ကားဖလင်ကြားနှင့် ဖန်သားပြင်သို့ ကူးပြောင်းရန် သူ့၏အနုပညာအား လူထုထံသို့ စိမ့်ဝင်စီးဆင်းစေပြန်၏။
ဤတွင် ….ဟာသသရုပ်ဆောင် (ကို)ဇာဂနာ …. ဒါရိုက်တာ မောင်သူရ …. ဟူ၍ ဖြစ်လာခဲ့ပြန်၏။ အငြိမ့်စင်တွင်ကိုယ်တိုင်မီးရောင်အောက်သို့ မ၀င်နိုင်သော်လည်း …. ကန့်လန့်ကာနောက်ကွယ်မှနေ၍ ၀ါယမ စိုက်ပြန်သည်။ ကင်ကောင်း၊ ဂေါ်ဇီလာ၊ ညောင်ညောင် ….။ ထင်ပေါ် ၊ ဒိန်းဒေါင်၊ အာနို ….။ ထိန်ထိန်၊ စုတ်ဖွား၊ ချက်စူး….တို့အား (ကို)ဇာဂနာက မီးရောင်အောက်သို့ ရောက်အောင်ပို့ပေး၏။
အငြိမ့်စင်ပေါ်သို့ တတ်ခွင့်မရသည့် (ကို)ဇာဂနာသည် ဖန်သားပြင်မှတဆင့် “ မိုးအငြိမ့်” ဟူ၍ VCD နှင့် လူထုအား ဖျော်ဖြေပြန်၏။ အောင်မြင်၏။ လူထုမှ အားပေး၏။ ထိုနောက်…. ရာဇာနေ၀င်းနှင့် “ ရာဇာကြီး နှစ်ပါးခွင်” အား ဒါရိုက်တာ မောင်သူရမှ ရိုက်၏။ အငြိမ့်စင်မြင့်မှ လုပ်ချင်သည်များအား လုပ်ခွင့်မရခင် (ကို)ဇာဂနာမှ လုပ်နေခြင်းဖြစ်၏။ သြဂတ်စတြာနှင့်နှစ်ပါးက၏။ မြေ၀ိုင်းအကလည်းပါ၏။
အငြိမ့်စင်မြင့်မှ စ၍ ပရိတ်သတ်သိခဲ့ရသော (ကို)ဇာဂနာ သည် နှစ်-နှစ်ဆယ်လုံးလုံး အငြိမ့်ကခွင့် မရခဲ့…။ သို့သော် …. လူထုပရိတ်သတ်ကမူ လူရွှင်တော် ဇာဂနာအဖြစ် သူတို့၏နှလုံးသည်းပွတ်၌ စွဲမြဲစွာ ထင်နေဆဲ ….။ အငြိမ့်ကပြခွင့် မရသည့်နောက် …. ရုပ်ရှင်နှင့် ဗွီဒီယိုတို့တွင် သရုပ်ဆောင်သည်။ ဟာသ သရုပ်ဆောင် (ကို)ဇာဂနာ အဖြစ် လူထုပရိတ်သတ်က လက်ခံအားပေးကြ၏။ တဖန်…. ရုပ်ရှင် ၊ ဗွီဒီယိုဇာတ်ကားများရိုက်၏။ ဒါရိုက်တာ မောင်သူရအဖြစ်နှင့် ….။ ဒါရိုက်တာ မောင်သူရ ရိုက်ကူးသည့် ဇာတ်ကားများက …. မဲပြာပုဆိုးကားများမဟုတ် ….။ တွေးစရာပါ၏။ စဉ်းစားရန် ပါ၏။ နိမိတ်ပုံများသုံး၏။ သင်္ကေတများပါ၏။ ထူးသည်ဟု ဆိုရမည့်ကားများ ….။
(ဆ)
လွန်ခဲ့သည့် ၂-နှစ်လောက်က ကြည့်ခဲ့ရသည့် VCD ဇာတ်ကားအား ပြန်၍သတိရမိသည်။ ဒါရိုက်တာက မောင်သူရ ….။ မင်းသမီးတစ်ယောက်မှ မပါ။ မင်းသားဟု ပြော၍ရမည်က …..လူမင်း ….။ အဓိကဇာတ်ကောင်များက ….(ကို)ဇာဂနာနှင့် (ကို)ကျော်သူတို့ နှစ်ယောက် ….။ ဇာတ်ရံများပါသည်။ အားလုံးလူရွှင်တော်များပင် ….။ ညောင်ညောင်… တစ်ယောက်ကိုတော့ မှတ်မိနေ၏။ (ကို)ကျော်သူနှင့် (ကို)ဇာဂနာတို့နှစ်ယောက် ငွေကြေးပြည့်စုံသည့် လုပ်ငန်းရှင်ကြီးများ …..။ သူတို့နှစ်ယောက် အလောင်းအစားပြုလုပ်ကြ၏။ အခြေခံမရှိသော သူတစ်ယောက်အား ငွေကြေးများပုံပေးလိုက်လျှင် ဘာဖြစ်သွားမလဲ……။ အလုံးစုံပျက်စီးခြင်းသို့ ဆိုက်သွားမည်လား….။ ဒါမှမဟုတ် …. ။ လောင်းကြေးက ကော်ဖီခါးခါးတစ်ခွက်ကြေး….။ ဤတွင် ဒါရိုက်တာ မောင်သူရ ရိုက်ပြ၏။ လူမင်းက ရန်ကုန်ဆင်ခြေဖုံး ကျူးကျော်ရပ်ကွက်တွင် နေသည်။ ပထွေးနှင့် … … ပထွေးက အရက်သမား၊ အမေက ပထွေးကို ကြောက်ရသည်။ ပထွေးက မင်းသားကြီး (ဦး)အောင်လွင် …..။ လူမင်းက မြို့တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် လုပ်သည့် အလုပ်ကြမ်းသမား …..။ အလုပ်သမားပထွေးနှင့်ကြီးခဲ့ရသည့် လူငယ်တစ်ဦး …..။ ပညာမသင်ခဲ့ရ…..။ လောကနီတိမသိ။ လုပ်ခထဲမှ ပထွေးအား အရက်ဖိုးပေးရသည်။ ဤဇာတ်ကောင် လူမင်းအား (ကို)ကျော်သူနှင့် (ကို)ဇာဂနာက ငွေကျပ် ဆယ်သိန်းခေါ်ပေးပြီး …. သူဘာဖြစ်မည်ကို အလောင်းအစားလုပ်ကြ၏။ မကြာ …. ငွေဆယ်သိန်းအား မစီမံတတ်၍ လူမင်း အလုံးစုံပျက်သုဉ်းခြင်းသို့ ဆိုက်သွား၏။ မိခင်သေ၏။ ဘ၀ပျက်၏။
ဤတွင် (ကို)ကျော်သူနှင့်(ကို)ဇာဂနာတို့၏ ဒိုင်ယာလော့များနှင့် ဇာတ်လမ်းအားပို့၏။ အာဏာ ၊ လုပ်ပိုင်ခွင့်၊ ငွေကြေးဓနတိုကား ကောင်းမွန်စွာ စီမံခန့်ခွဲမှု မပြုလုပ်နိုင်ပဲ ပိုင်ဆိုင်နေပါက … မိမိနှင့် မိမိပါတ်ဝန်ကျင်းကိုပါ အလုံးစုံ ပျက်သုဉ်းခြင်းသို့ ဆိုက်ရောက်စေကြောင်း …..။ ပြီးပြီ …..။
သို့သော် …. ကျနော်က ဒါရိုက်တာ မောင်သူရရိုက်ပြသည့် “နိမိတ်ပုံ” များအား ရှာနေမိသည်။ လူမင်းအား လူမင်းအဖြစ် မမြင်တော့…..။
(ကို)ဇာဂနာက အနုပညာတွင် အဘက်ဘက်မှ အောင်မြင်သည်ဟု ဆိုရမည်။ ဘာကြောင့်နည်း …။ (ကို) ဇာဂနာ က သူ၏အနုပညာအား သူ၏နှလုံးသားနှင့်ဖန်တီး၏။ သူ့နှလုံးသွေးက လူထု၏နှလုံးသွေးနှင့် ဆက်၍စီးမျှောနေသည်။ လူထုရင်ခုန်လျှင် (ကို)ဇာဂနာ ရင်ခုန်၏။ လူထု ရယ်ရွှင်လျှင် (ကို)ဇာဂနာ ရယ်ရွှင်၏။ လူထုတိုက်ပွဲဝင်လျှင် ထိုတိုက်ပွဲ၌ (ကို) ဇာဂနာရှိ၏။ ထိုကြောင့် …. (ကို)ဇာဂနာ၏ အနုပညာက လူထု၏အနုပညာ….။ လူထုနှလုံးသည်းပွတ်မှ လာသည့် အနုပညာ ……။
(ပြည်သူ့အနုပညာရှင်များအား ဂုဏ်ပြုပါသည်)
၂၀၀၈ခုနှစ် အောက်တိုဘာလ(၁၆)ရက်နေ့၌ Mizzima Website တွင် ဖော်ပြခဲ့သည်။
Friday, April 10, 2009
“မယ်လဲထ ….”
(ရွှေအိမ်စည်)
(က)
“တုန်း….ကျီ”
”“တုန်း….ကျီ”
“တုန်း…..ကျီ”
နရီမှန်စွာ ထွက်ပေါ်နေသည့် အသံကြောင့် အိပ်နေရာမှ ကျနော်နိုးလာသည်။ အမှောင်ထုက လွှမ်းခြုံထားဆဲ….။ အသံသည် ကျနော်တို့ အိပ်နေသည့် တဲငယ်၏ခြေရင်းဖက်အောက်မှဖြစ်သည်။ ပထမမည်သည့်အသံဟူ၍မသိ….။ ရေနံဆီမီးခွက်၏အလင်းရောင်အား အသံကြားရသည့် နေရာဆီမှ တွေ့ရသည်။ တလက်လက်….။ မောင်းထောင်သံ…။
အိပ်နေရာမှထပြီး ကြောပိုးအိတ်အား လွယ်၍ တဲအိမ်ငယ်ပေါ်မှ ဆင်းသည်။ ၀ါးလှေကားကလက်ကိုင်မရှိသည့်အတွက် အမှောင်ထဲ၌ သတိထား၍ဆင်းရ၏။
တဲအိမ်၏အောက်သို့ရောက်သည်နှင့် ဗိုလ်အောင်နိုင်အား တွေ့ရ၏။ သူကား…ကျနော်တို့အားလုံး၏စစ်ကြောင်းမှူး….။ မောင်းထောင်းနေသည့်အမိုးအို (အမေအို)၏ အနီးတွင် ထိုင်၍ စကားပြောနေသည်။ မောင်းစဉ်၏ခြေနှင်းခုံတွင်မူ ကျနော်တို့ အဖွဲ့မှ ရဲဘော်တစ်ဦး ….။
ရဲဘော်သည် ခြေအားဖိ၍ နင်းလိုက်သည်နှင့် “ကျီ” ဟူ၍အသံမြည်၏။ အမိုးအို(အမေအို) သည် ဆုံထဲရှိ စပါးအား အပေါ်အောက်လှန်၏။ ပြီးလျှင် …. ရဲဘော်ငယ်သည် ဖိထားသည့်ခြေအား လွှတ်ချသည် ….။ “တုန်း”…။
“တုန်း….ကျီ” ဟူ၍ နရီမှန်စွာဖြင့် ရဲဘော်နှင့် အမေအို တို့ မောင်းဆုံထောင်း၍နေကြ၏။ ရောင်နီက မပြူသေး….။
(ခ)
ချဉ်မောင်ဖာလာတောများအတွင်း လူသွားလမ်းငယ်မှ လျှောက်ကြရ၏။ ၀ဲ…ဘေးယာသို့လည်း မတိမ်းစောင်းရဲ….။ မြေမြုပ်မှိုင်းများက နှစ်ဘက်လုံးမှ ထောင်ကြသည်။ စွန့်ပစ်မှိုင်း….။
ကျနော်တို့သွားနေသည်က တောင်ကြောအတွင်းမှ ကွေ့၍ ….။ ပတ်၍ ကြောင်လိမ်လှေကားသဏ္ဍာန်မဲညောခီးတောင်တန်းများအား ရစ်၍ သွားနေသည်။ တရံတခါ …..“ခွေးအိပ်တောင်”အား တွေ့ရ၏။ တခါတရံသံလွင်မြစ်အတွင်းမှ စက်လှေသံများအား ကြားရ၏။ မသဲကွဲ…..။
သံလွင်ကစုန်၍ဆင်းလာ၏။ ကျနော်တို့က ဆန်၍တတ်၏။ ခွေးအိပ်တောင်က ကျနော်တို့၏ အနောက်မြောက်အရပ်၌ ….။ မြူများတိမ်ခိုများအကြားမှ ခွေးအိပ်တောင်သည် ခေါင်းပြူ၍ ထွက်နေ၏။ ချဉ်ပေါင်ဖာလာရွက်ဖျား၌ နှင်းဥတို့သည် တွဲလွဲခို၍ နေကြရာမှ တစ်စက်….တစ်စက်….သွန်ချ၍နေသည်။ ချဉ်ပေါင်ဖာလာတောအတွင်း လူသွားလမ်းမှ မြောက်ဖက်သို့ ထောင်၍တတ်သည်။ အတတ်ဖြစ်သော်လည်း မတ်မတ်စောင့်စောင့်မဟုတ်….။ မော့၍ ….မော့၍ တဖြည်းဖြည်းမြှင့်တတ်သွားခြင်းမျိုးသာ ….။ ချဉ်ပေါင် ဖာလာတောဆုံးသည်နှင့် မြေသားလမ်းအားတွေ့ရ၏။ မြေသားအရောင်က နီညိုညို….။ လူသွားလမ်းထက်လည်းကျယ်၏။ သစ်ထုတ်လုပ်ရေးလမ်းလည်းမဟုတ်….။ ကျွဲ….နွား သွားသည့်လမ်းဖြစ်မည်။ ရွှေကျင်၊ဝေါမြို့များမှ ကျွဲ၊နွားကုန်သည်တို့ ဤလမ်းမှဖြတ်ပြီး မယ်လဲထ ဈေးတန်းတွင် ကျွဲ၊ နွား အရောင်းအ၀ယ်ပြုလုပ်ကြသည်။ ယခုမူ စစ်ပူသဖြင့်မည်သည့်ကုန်သည်မျှ အသွားအလာမရှိတော့ ….။
မြေနီလမ်းအတိုင်း ကျနော်တို့ မြောက်ဖက်သို့ တတ်ခဲ့၏။ သံလွင်က ကျနော်တို့၏ လယ်ယာဖက်…။ လက်ဝဲဖက်တွင်မူ “ခွေးအိပ်တောင်”…..။
နာရီဝက်ခန့်လျှောက်ခဲ့ပြီးနောက် …မဲပရွာအား ရောက်သည်။ အိမ်ခြေနှစ်ဆယ်မျှပင် ရှိမည့် တောင်ပေါ်ကရင်ရွာ…..။ ယခုတော့ လူမရှိသည့် ရွာပျက်….။ ထက်ပိုင်းပျက်နေသည့် အုန်းပင်များအား တွေ့ရ၏။ အိမ်တချို့မီးလောင်၍ ပြိုပျက်၍နေသည်။ အိမ်တိုင်များက ထင်းမီးသွေးခဲတုံးများအဖြစ် ပုံကျ၍နေသည်။ မပြိုပျက်သည့် အိမ်နံရံအချို့၌ ကျည်သင့်သည့်အရာများအား တွေ့ရသည်။ စပါးကျည်တစ်ခုသည် လက်နက်ကြီးကျည်သင့်၍ ပွင့်၍နေသည်။ စပါးစေ့အချို့က …..စပါးကျည်ပုတ်အောက်၌ ဖိတ်ကျ၍နေသည်။ စပါးကျည်ပုတ်အောက်၌ အစာစားနေသည့် တောင်ပေါ်ဝက်ငယ် နှစ်ကောင်သည် ကျနော်တို့အား မြင်ပြီး လန့်၍ပြေးထွက်သွားကြ၏။
လမ်းနှင့်စပါးကျည်အကြား “ကနစို” ပင်ရင်း၌ ကျည်ဆံခွံများအား ပုံလျက်တွေ့ရ၏။ “နာတိုး” အမျိုးအစားစက်လက်ကျည်ဆံခွံများဖြစ်မည်။ “နာတိုး” ကျည်ဆံခွန်က “BA-64” အမျိုးအစား ကျည်ဆံခွန်နှင့် ဆင်တူ၏။ ကျည်ဆံခွံ များအနီး တောစီး စစ်ဖိနပ်တစ်ရံအား တွေ့ရ၏။ ဖိနပ်က ….ခြေဖနှောက်နေရာ၌ ပွင့်ထွက်၍နေသည်။ ဖိနပ်အနီးရှိ မြက်ပင်တို့သည် ကွက်၍ခြောက်နေသည်။
ကျနော်တို့မှ လွဲ၍ ရွာအတွင်း၌ မည်သူမျှရှိဟန်မတူ ….။ တိတ်ဆိတ်၍နေသည်။ ငြိမ်သက်မှုက ခြောက်ခြားဖွယ်ရာ ….။ အုန်းလက်များအကြား ဖြတ်တိုက်သွားသည့်လေတိုးသံသည်ပင် ခြောက်ခြားဖွယ်ရာ ….။
မဲပရွာမှ ကျနော်တို့ ထွက်ခဲ့ကြ၏။ ရွာသည် ကျနော်တို့အား ငြိမ်သက်မှုနှင့်နှုတ်ဆက်၏။ တိတ်ဆိတ်ငြိမ်သက်မှုအတွင်း၌ အသံပေါင်းများစွာ၏အနက်အား ကြားရ၏။
ရွာအတွင်းမှ ဆရာနိုင်ဝင်းဆွေ၏လေညှင်းကလေး လာနေပြီ ကဗျာရွက်ဆိုသည့် အသံများအား ကြားရသည်ဟု ထင်မိ၏။
ချွေးတို့နှင့် ဆွဲနစ်နေ၍ ကြောပိုးအိပ်သည် ကြောပြင်နှင့် ကပ်၍နေသည်။ ကြောပိုးအိပ်အား “မ”၍ ပြင်ပိုးလိုက်သည်။
အရှေ့တွင် “မယ်လဲထ”….။ နာရီဝက်ခန့်လျှောက်လျှင် “မယ်လဲထ” သို့ရောက်ပြီ။
(ဂ)
မယ်လဲထချောင်းငယ်သည် အနောက်မြောက်မှ အရှေ့တောင်သို့စီး၍သံလွင်အတွင်းသို့ ၀င်၏။ ချောင်းအတွင်း ကျောက်တုံးကျောက်ဆိုင်များနှင့်ပြွတ်သိပ်၍နေသည်။ ချောင်းရေသည် တိမ်သ်ာလည်း ရေစီးကမူ ကြမ်း၏။ သံလွင်မြစ်နှင့် မယ်လဲထချောင်းဆုံရာ အရပ်၌ မယ်လဲထချောင်းအား မှေးတင်၍ မယ်လထဈေးတန်းအား တည်ထား၏။ မယ်လဲထဈေး၌ ကျွဲ ၊နွားဈေးကွက်ရှိ၏။ အ၀တ်အထည်လူသုံးကုန်ပစ္စည်း …။ အီလက်ထရောနစ်လျှပ်စစ်ပစ္စည်းမျိုးစုံ၊ ဆေးဝါး၊ စသည့်… ထိုင်းနိုင်ငံမှ ထွက်သည့် ကုန်စည်မျိုးစုံရောင်းသည့် ဆိုင်များရှိသည်။ ငွေကြေးလှဲလှယ်သည့် ဈေးကွက်လည်းရှိသည်။ ရွှေဆိုင်များလည်းရှိသည်။
ညဦးယံတွင် မယ်လဲထသည် လျှပ်စစ်မီးရောင်များနှင့်ဝင်းပ၍နေသည်။ သံလွင်မြစ်ယံမှ ဖြတ်တိုက်လာသည့်လေပြေနုအေးကြောင့် မယ်လဲထသည် အေးမြမြ….။
ဈေးတန်းအတွင်း စိုင်းထီးဆိုင်၏ သဘာဝရင်သွေးငယ် ….။ ခိုင်ထူး၏ အားလုံးကို ကျော်ဖြတ်ရမယ် ….။ ခင်ဝမ်း၏ ပန်းခရမ်းပြာ….။ မွန်းအောင်၏ ၀တ်မှုံ….။ တေးသံတို့က ချို၍လွင်နေကြမြဲ…..။
နံနက်ဆိုလျှင် …..ပဲပြုတ်နှင့်နံပြားစားချင်လား ….ရ၏။ ထိုင်းရိုးရာအစားအစာများ ….ရ၏။
ကျနော်… ဤသို့မယ်လဲထအားမြင်ထား၏။ သိထား၏။ ခြေလှမ်းတို့သည် ပို၍ သွက်လာသည်ဟု ထင်သည်။ မယ်လဲထချောင်းငယ်အတွင်းသို့ ဆင်းလိုက်၏။ တန်ခူးလဖြစ်၍ ချောင်းငယ်အတွင်းရေက တိမ်၍ နေသည်။ ရေစီးမှာလည်း မကြမ်း….။ ကျောက်တုံးများက ရေညှိများတတ်၍နေသည့်အတွက် ချောသည်။ ချောင်းငယ်အား ဖြတ်ကူးပြီး မြေကမ်းပါးပေါ်သို့ တတ်လိုက်၏။ ကမ်းပါးထပ်တွင် မယ်လဲထဈေးတန်း ….။ ကမ်းပါးထပ်မှ မယ်လဲထဈေးတန်းရှည်ကြီးအား ကြည့်၍ ကျနော်မှင်သက်မိ၏။ ခြေလှမ်းတို့သည် ရှေ့သို့ လှမ်း၍မရ….။ ကျနော့်အမြင်အာရုံအပေါ် သံသယ၀င်မိ၏။ ဟုတ်ရဲ့လား…။ မယ်လဲထဈေးတန်းကမီးလောင်ပြင်ဖြစ်၍နေပြီ…။ စစ်အုပ်စု၏ ဗုံးကျဲလေယာဉ်များ၏ ဒဏ်ကြောင့် ပြာပုံကြီးဖြစ်၍ နေပြီ…။ အလယ်လမ်းအူကြောင်းအား ခွ၍ တည်ထားကြသည့် မယ်လဲထဈေးတန်းက မီးသွေးခဲနှင့်ပြာပုံအတိ ….။
ကျနော်လမ်းအတိုင်းလျှောက်ခဲ့၏။ တစ်လှမ်းချင်း ….။ ဈေးတန်းကရှည်၏။ မီးသွေးခဲနှင့်ပြာပုံတန်းမှာလည်းရှည်၏။ သံလွင်နှင့်မယ်လဲထချောင်းငယ်ပေါင်းဆုံရာတွင် လမ်းသည် မြောက်ဖက်သို့ “အယ်” ပုံသဏ္ဍာန်ကွေ့၏။ ပြာပုံတန်းကြီးသည်လည်း ကွေ့၏။ ယခင်က ဤလမ်းကွေ့တွင် “ကမမောင်း” မှလာ၍ ဖွင့်သည့် “ခါလာကြီး” လက်ဖက်ရည်ဆိုင်ရှိသည်။ ပဲပလာတာရသည်။ အမဲစွပ်ပြုတ်ရသည်။ ပဲနံပြားရသည်။ လက်ဖက်ရည်က ကျနော်တို့အကြိုက် ပေါ့ကျ …။ထီးဆိုင်၏ သဘာဝရင်သွေးငယ်အား ဖွင့်သည်။ ကျနော်တို့ မယ်လဲထရောက်တိုင်းဤဆိုင်တွင် ထိုင်ဖြစ်၏။ ကျနော်တို့ ထိုင်ခဲ့သည့် စားပွဲနေရာအား ကြည့်မိသည်။ ကန့်လန့်ဖြတ်လဲကျနေသော မီးကြွမ်းထားသည့် မဓမတိုင်….။ မတတ်နိုင်။ ….ပြည်တွင်းစစ်က အရာရာအားမီးသင်္ဂြုလ်၍ ဖျက်ဆီးပစ်လိုက်ပြီ…။ လမ်းကွေ့အတိုင်း ဆက်လျှောက်ခဲ့၏။ သံလွင်သည်လမ်းနှင့်မျဉ်းပြိုင်ဖြစ်၍နေသည်။ ကမ်းပါးထက်လမ်းမပေါ်မှ သံလွင်အား ကြည့်မိသည်။ နီညိုညိုမြစ်ရေတို့သည် အရှိန်အဟုန်ပြင်းစွာနှင့်စီးဆင်းမြဲ….။
ကျနော့်အနီး လေညှင်းကလေးဖြတ်တိုက်တိုးဝှေ့နေသည်….။ လမ်းမအတိုင်းအစုန်အဆန်တိုးဝှေ့ဖြတ်တိုက်နေသည်။ ဟုတ်သည်….။ ဆရာနိုင်ဝင်းဆွေ၏ လေညှင်းကလေး ……။
၂၀၀၈ခုနှစ် ဧပြီလ (၂၄)ရက်နေ့၌ Mizzima တွင် ဖော်ပြခဲ့သည်။

`စောထ နှင့် လွတ်မြောက်ရေးတရား´
(ရွှေအိမ်စည်)
(၁)
စက်လှေ၏စက်အားရပ်၍ သတ်လိုက်သည်။ အရှိန်နှင့်လှေဦးသည် ၀ါးဖောင်ကြီးတစ်ခုဆီသို့ တရွှေ့ရွှေနှင့်ကပ်သွား၏။ လှိုင်းလုံးများကြောင့်ဝါးဖောင်သည် မြင့်လိုက်၊ နိမ့်လိုက် လှုပ်ယမ်း၍နေသည်။ လှိုင်းပုတ်သဖြင့် လှေနှင့်ဝါးဖောင်သည် ဝေးလိုက်၊ နီးလိုက်ဖြစ်နေ၏။ လှေကြိုးအား ၀ါးဖောင်တွင် ချည်လိုက်ပြီးမှသာ လှေသည် ၀ါးဖောင်နှင့် ကပ်၍သွားတော့သည်။
လှေပေါ်မှ ၀ါးဖောင်ပေါ်သို့ ကျနော်တို့ အားလုံးတတ်လိုက်ကြသည်။ ၀ါးဖောင်က အလျားပေ ၃၀၊ အနံပေ ၂၀ခန့်ရှိမည်။ ၀ါးပိုးလုံးကြီးများအား လေးထပ်မျှ ထပ်၍တွဲထားသည့် ၀ါးဖောင်ကြီး ဖြစ်သည်။ ဖောင်၏တစ်ဝက်ခန့်အား အင်ဖက်များနှင့် အမိုး မိုးထား၏။ အမိုးအောက်၌ စက်လှေအင်ဂျင်တုံးများအား ပြုပြင်သည်။ တွင်ခုံတစ်ခုလည်း ရှိသည်။ စက်လှေများပြုပြင်သည့်အလုပ်ရုံ ၀ါးဖောင်များဖြစ်သည်။ ၀ါးဖောင်ပေါ်မှ ဆင်းလျှင် `စောထ´ကမ်းပါးသို့ ရောက်၏။ ကမ်းပါးက မတ်စောက်သည်။ ကမ်းပါးသည် ၁၅-ပေ၊ ပေ-၂၀ခန့် မတ်သည်။ လှေကားထစ်များပြုလုပ်ထားသည်။ လှေကားထစ်များအတိုင်း ကျနော်တို့ ကမ်းပါးပေါ်သို့ တတ်လာခဲ့ကြ၏။ ကမ်းပါးထပ်တွင် KNU ၏အလံအား လွှင့်ထူထား၏။ အလံတိုင်၏အနောက်နားတွင်မူ KNUစစ်ဆေးရေးနှင့် အခွန်စည်းကြပ်သည့် အဆောက်အဦးငယ်တစ်လုံးရှိသည်။
`စောထ´ဈေးတန်းက `မာနယ်ပလော´ ထိုးစစ်အတွင်း တိုက်ခိုက်ခြင်းမခံရသည့်အတွက် ဈေးဆိုင်တို့မှာ အပျက်အစီးမရှိ…..။ `စောထ´ဈေးတန်းက သံလွင်မြစ်အားမှေးတင်၍ ကမ်းပါးနှင့်အပြိုင်တည်ရှိနေသော ဈေးတန်းမဟုတ်…..။ သံလွင်အား ထောင့်မှန်ကျစွာနှင့် ခေါင်းထိုး၍ဆောက်ထားသော ဈေးတန်းဖြစ်သည်။`စောထ´အားလွန်၍ သံလွင်ကို ဆန်၍တတ်လျှင် …..`မော်ချီး´ သို့ရောက်မည်။ မြေပြင်ခရီးနှင့်မူ `စောထ´မှသည် `ဖာပွန်´ ၊ `ကျောက်ကြီး´ ၊ `ရွှေကျင်´ ၊ `ညောင်လေးပင်´ နယ်များသို့ ပေါက်သည်။ တောင်များအား တတ်ရမည်။ လျိုမြောင်များအတွင်း လျှောက်ရမည်။ လွင်ပြင်များအား ဖြတ်ရမည်။ လမ်းက လမ်းကြမ်း….။ နွားကုန်သည်တို့ အသုံးပြုသည့်လမ်းဖြစ်သည်။
`စောထ´ ဈေးခင်းလမ်းက မြေနီရွှံ့တို့နှင့် ချော၍နေသည်။ ခြေညှပ်ဖိနပ်စီး၍ လမ်းလျှောက်မရ….။ မိုးတွင်းစီး လည်ရှည်ဖိနပ်ကြီးများနှင့် သွားမှအဆင်ပြေသည်။ ကျနော်တို့က ခြေညှပ်ဖိနပ်အား ချွတ်၍ ခြေဖ၀ါးပြောင်နှင့် လျှောက်ကြရသည်။ `ခြေမ´အား ကုတ်၍ ထိန်းသွားမှ မလဲအောင် လျှောက်၍ရတော့သည်။ ဈေးတန်း၏အလယ်တွင် ရင်ကွဲဘားတိုက်ရှည်ကြီး ၂-လုံးရှိသည်။ ဘားတိုက်က လူ ၅၀-၆၀ခန့်နေနိုင်သည့် ဘားတိုက်ရှည်ကြီးဖြစ်သည်။ ဘားတိုက်ပေါ်၌ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ ရှိနေ၏။ ၇၀-၈၀ခန့်ရှိမည်။ ဗမာစကားလည်းပြောသည်။ အခြားတိုင်းရင်းသားဘာသာစကားလည်း ပြောကြသည်။ လက်မောင်းတံဆိပ်ကမူ KNUလည်းမဟုတ်။ KNU ၏လက်မောင်းတံဆိပ်က နေ၀န်းဖြာထွက်နေသည့် အမှတ်တံဆိပ်…..။ ဘားတိုက်အားလွန်လျှင် လက်ဖက်ရည်ဆိုင်တစ်ဆိုင်အားတွေ့ရ၏။ ဆိုင်က မြေစိုက်ပင် …..။ မြေပြင်အား သဲဖြူများ ၊ ကျောက်စရစ်ခဲငယ်များ ခင်းထားသဖြင့် သန့်ရှင်းသည်။ စားပွဲပုလေးများနှင့် ….။ ဆိုင်အတွင်းသို့ ကျနော်တို့ ၀င်ကြ၏။ ဆိုင်အတွင်း၌လည်း ဘားတိုက်ပေါ်၌တွေ့ခဲ့ရသည့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အချို့အား တွေ့ရသည်။ သူတို့၏၀ဲဘက်ရင်ဘတ်၌ စာတမ်းအား တွေ့ရသည်။ `က.လ.လ.တ´…..။ ဘာလဲ…..။ မသိ၍ ကျနော်တို့အား ဦးဆောင်ခေါ်လာသည့် သူအား မေးကြည့်၏။ `ကယားပြည်နယ်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဖွဲ့´ ဟုသိရသည်။
(၂)
လက်ဖက်ရည်ဆိုင်အတွင်း ဗိုလ်ရွှေဝါနှင့်တွေ့ဆုံသိကျွမ်းခဲ့ရသည်။ သူကား …..`စောထ´တွင်ရောက်နေသည့် `က.လ.လ.တ´ တပ်ဖွဲ့၏ နိုင်ငံရေးမှူးဖြစ်သည်။ ထိုစဉ်က …. သူ့အသက်မှာ ၅၀-၀န်ကျင်ခန့်ရှိမည်။ အသားညိုညို…. ပိန်ပိန်သွယ်သွယ်နှင့် ဖြစ်သည်။ တပ်ဖွဲ့ယူနီဖောင်းအားအပြည့်အ၀၀တ်မထား….။ ကရင်ပုဆိုးအား ခါးတွင်စည်းထား၏။ စကားပြောလျှင် ဖြည်းဖြည်းနှင့်တိုးတိုးညှင်းညှင်းဆို၏။ တိုင်းရင်းသား ကရင်နီ၊ ကယားလူမျိုးတစ်ဦးထက် မြေလတ်သားတစ်ယောက်၏ပုံသဏ္ဍာန်ပေါက်နေသည်ဟု ထင်မိ၏။
`အဖိနှိပ်ခံလူမျိုးပေါင်းစုံလွတ်မြောက်ရေး….´ ဟူသည်အား ဗိုလ်ရွှေဝါသည် သူပြောသည့် စကားများအတွင်း မကြာ၊ မကြာ ထပ်၍ထပ်၍သုံးသည်။ န.၀.တ အဖွဲ့အတွင်း ဗိုလ်စောမောင်အား အနားပေးပြီး ဗိုလ်သန်းရွှေတတ်လာသည့်အပေါ် သူ၏ထင်မြင်ချက်အား ပြော၏။ စစ်အုပ်စုခေါင်းဆောင်မှုအသစ်အတွင်း ဗိုလ်သန်းရွှေ၊ဗိုလ်တင်ဦး နှင့် ဗိုလ်ခင်ညွှန့်တို့၏နေရာအား ယှဉ်ထိုး၍ တွက်ပြ၏။ တပ်မတော်ထောက်လှန်ရေးအဖွဲ့နှင့် တပ်မတော်ကြည်းအတွင်းအား ပြိုင်မှုများရှိလာမည်ဟု သုံးသပ်ပြသည်။ ကျနော်တို့က နားထောင်၍သာနေ၏။ လွတ်မြောက်နယ်မြေရောက် ကျနော်တို့၏ပထမဆုံးသော …..လက်ဖက်ရည်ဆိုင်နိုင်ငံရေးတရားပွဲ…..။
သူသည် စကားအားစမ်းရေစီးသကဲ့သို့ အလျှင်းမပြတ်အောင်ပြော၏။ သူ့ပြောဟန်သည် တက္ကသိုလ်မှ ပါမောက္ခတစ်ဦး `လက်ချာ´ ပေးနေသည်နှင့်လည်းမတူ….။ နိုင်ငံရေးသမားတစ်ဦး လူထုရှေ့ စကားပြောနေသကဲ့သို့လည်းမဟုတ်….။
လက်ဖက်ရည်ဆိုင်နိုင်ငံရေစကားဝိုင်းဆိုသော်လည်း သူသာလျှင် ပြော၏။ ကျနော်တို့က နားထောင်ရုံ….။ ပြုံး၍ခေါင်းညိတ်သည့်အခါ ညိတ်ကြ၏။
…….` မာနယ်ပလောထိုးစစ်ကို အကျအဆုံးများပြီး တစ်ဖက်သတ်ရပ်စဲလိုက်ရတာ န.၀.တ အတွင်း တပ်မတော်ကြည်းအတွက် အားနည်းချက်လို ဖြစ်သွားတယ်ဗျာ…..´ သူသည် စကားအားရပ်ပြီး ….မီးသေနေပြီဖြစ်သည့် ဆေးပေါလိပ်အား မီးညှိ၍ ဖွာရှိုက်၏။ မိုးခိုးငွေ့များအကြား၌ သူ့မျက်နှာသည် မှုန်ဝါး၍သွားသည်။
`အမျိုးသားညီလာခံဟာ ဗိုလ်ခင်ညွှန့်တိုရဲ့ အိုင်ဒီယာလို့ ထင်တယ်ဗျ…..´ `ခင်ဗျားတို့ကော ဘယ်လိုထင်လဲ….´ ။
သူသည်စကားအားဖြတ်ပြီး ကျနော်တို့အား ထင်မြင်ချက်တောင်းနေပြန်သည်။ ကျနော်တို့က …..န.၀.တမှ အမျိုးသားညီလာခံကျင်းပမည့်အကြောင်း ကြေညာချက်မထုတ်ပြန်မှီ ရန်ကုန်ရှိ နိုင်ငံရေးပါတီများမှခေါင်းဆောင်များအား န.၀.တက ပြည်ထဲရေးဝန်ကြီးဌာနရုံးခန်းတွင် ခေါ်တွေ့ကြောင်း၊ န.၀.တဖက် ကဗိုလ်ချုပ်ဘုန်းမြင့်၊ ဗိုလ်ချုပ်မျိုးညွှန့်နှင့် ဗိုလ်မှူးကြီးသန်းထွန်းတို့ တတ်ကြောင်း NLDမှလည်း ဦးအောင်ရွှေတို့ ဦးလွင်တို့ တတ်ကြကြောင်း …….။
အမျိုးသားညီလာခံ၏ဦးတည်ချက်ချမှတ်ရေး ဆွေးနွေးကြကြောင်း….. နိုင်ငံရေးပါတီများမှ အကြံပြုစာများရေးသားတင်ပြကြကြောင်း …..နောက်ဆုံးအားလုံးကို ပယ်ပြီး …..စစ်အုပ်စုက သူရဲ့ ဦးတည်ချက် (၆)ရပ်ကိုပဲ ထုတ်ပြန်ခဲ့ကြောင်း …..။ ကျနော်တို့သိခဲ့သည့် အခြေအနေအားပြောပြ၏။
`ရန်သူကတော့ဗျာ …..သူ့အကျိုးစီးပွားအတွက်ပဲ ကြည့်ပြီး ဘာဖြစ်ဖြစ်လုပ်မှာပဲ၊ နိုင်ငံရေးအင်အားစုတွေက ရန်သူ့အကျိုးပြုလုပ်ရပ်မျိုးတွေမှာ အသိမဲ့လိုက်မပါမိဖို့ လိုတယ်ဗျ….. အဓိကကတော့ ….ရန် ၊ ငါ စည်းပြတ်ဖို့ လိုတယ်ဗျ´
ကျနော်တို့၏စကားအဆုံးတွင် သူက နိဂုံးချုပ်ပေး၏။ အပြင်တွင်သည်းနေသောမိုးသည် စဲ၍သွားပြီ။ ကျနော်တို့က ခရီးဆက်ရဦးမည်။ `စောဖိုးထ´ သို့……။ `စောဖိုးထ´က `စောထ´ နှင့်နာရီဝက်ခန့် ခြေလျင်သွားရမည့်ခရီး….။ တောင်အဆင်းအတတ် မရှိ ….။ လွင်ပြင်အား ဖြတ်၍သွားရမည်။
ကျနော်တို့ သူ့အား နုတ်ဆက်၏။ `ကျနော်တို့ ရန်သူနဲ့ ရန်၊ငါ စည်းပြတ်ဖို့လိုတယ်ဗျ….´ ကျနော်တို့အား ထပ်၍ပြောပြန်၏။ ကျနော်တို့ ပြုံး၍ခေါင်းညိတ်ပြရင်း ကျောပိုးအိတ်အားလွယ်ပြီး ဆိုင်အပြင်သို့ ထွက်ခဲ့၏။ နောက်ပိုင်း …..သူနှင့် တစ်ကြိမ်မျှပြန်၍မဆုံတွေ့ဖြစ်တော့ …..။ ဆိုင်းအတွင်း ကက်စက်ဆောင်းဘောက်မှ ကိုမွန်းအောင်၏သီချင်းသံက ဆိုင်အပြင်လမ်းပေါ်သို့ ပြေး၍လိုက်လာသည်။
……..`အမှန်ကို ဆိုတဲ့ ငါ့ပါးစပ်ကို
ချုပ်နှောင်စဉ်မှာ ……အမှန်ကိုမြင်တဲ့
ငါ့မျက်လုံးပါ ……ဖောက်ပါတော့လား ……´
၂၀၀၈ခုနှစ် သြဂုတ်လ၌ Mizzima တွင် ဖော်ပြခဲ့သည်။

“ယွန်းစလင်း……..”
(ရွှေအိမ်စည်)
(က)
တန်ခူးလေသည် မိုးမခပင်များအတွင်း တိုးဝင်ပွတ်တိုက်၍ ရွက်ဝါ၀ါတို့အားချွှေနေ၏။ မိုးမခရွက်ကြွေတို့က သောင်ပြင် သဲဖြူပွင့်တို့အထက်၌ ဟိုသည်လွင့်ပါး၍နေသည်။ ကမ်းပါးစောက်အောက်ခြေ၌ ကပ်၍ပေါက်နေသည့် မိုးမခပင်အုပ်အုပ်များက ကမ်းပါးနှင့် သောင်ပြင်အား စည်းသား၍ ထားပေး၏။ တန်ခူး၊ကဆုန်လများ၌ ယွန်းစလင်းမြစ်ရေပြင်သည် ကျဉ်း၏။ မြစ်အလယ် ရေစီးကြောင်းအကျယ်သည် ကိုက်၅၀-မျှပင် မကျယ်တော့......။ သဲသောင်ပြင်တို့က ကမ်းပါးနှင့် ရေပြင်အကြား၌ ဖြူလွှလွှ ရင်ပြင်ဖြူ တစ်ခုသို့…..။ နေရောင်အောက်၌ သဲပွင့်တို့သည် တလက်လက်……။
ကမ်းပါးထက်မှ ကျနော်တို့ ဆင်းလိုက်ကြ၏။ ကမ်းပါးက မြေသားကမ်ပါး…..။ မိုးမခပင်အုပ်အုပ်များသည်သာ ဤနေရာတွင် အရိပ်ရစေ၏။ မိုးမခပင်အောက်၌ ကျနော်တို့ နားကြ၏။ မြစ်ပြင်အားဖြတ်တိုက်လာသည့်အတွက် ….တန်ခူးလေသည် အေးမြမှုအားပေး၏။ မွန်းမတည့်သေးသော်လည်း အပူရှိန်က ပြင်းသည်။ သဲပွင့်သောင်ပြင်သည် နေရောင်ကြောင့် အလင်းပြန်ကာ….. အမြင်တွင်ကျိန်းရှနေ၏။
(ခ)
ကျနော်တို့အဖွဲ့အား ခရီးစဉ်တလျှောက်၌ တာဝန်ယူခေါ်ဆောင်လာသည့် ဗိုလ်အောင်နိုင်သည် လမ်းလျှောက်စကားပြောစက်နှင့် ဆက်သွယ်၍စကားပြောနေသည်။ ဗိုလ်အောင်နိုင်က KNU တပ်မဟာ (၁) တပ်မဟာဆက်သွယ်ရေးတပ်စွယ်မှ ဖြစ်သည်။ သူလည်း မာနယ်ပလောသို့ သွားမည်။ ကျနော်တို့အဖွဲ့၌ ကျနော်တို့အပြင် “ထူးဝါးလူ” ဆေးရုံမှ ဆရာမနှစ်ဦးနှင့် “ဖွေးဘောလူ” အထက်တန်းကျောင်းတွင် ကျောင်းသွားတတ်မည့် ကျောင်းသူကျောင်းသား ဆယ်ယောက်ခန့်လည်းပါကြသည်။ အားလုံးမိုးမခပင်များအောက်၌ နားနေကြ၏။ ကျောင်းသူလေးများက တွတ်ထိုး၍နေကြသည်။ ကရင်လိုပြောခြင်းဖြစ်သဖြင့် နားမလည်……။ “ပရောကျိုးဖိုး”….. “ပရောကျိုးဖိုး” ….ဟူ၍ မကြာ ….မကြာ ကြားရသဖြင့် ကျနော်တို့ အကြောင်းပြောနေခြင်းဖြစ်မည်ဟု အကဲဖမ်းမိ၏။ ပရောကျိုးဖိုးဟူသည်ကား ဗမာလို “မြန်မာကျောင်းသား” ဟူ၍ဖြစ်သည်။
ကျနော်တို့ ယွန်းစလင်းမြစ်အား ဖြတ်ကူးကြမည့်နေရာက ကတိုင်တိရွာနှင့်ဆင်စွယ်ရွာအကြားမှဖြစ်သည်။ ကတိုင်တိရွာနှင့်ဆင်စွယ်ရွာက ကမမောင်း၊ ဖာပွန်ကားလမ်းနှင့် ယွန်းစလင်းမြစ်အကြား၌ ရှိသည်။ ထိုနေရာ၌ ကားလမ်းနှင့်မြစ်က မျဉ်းပြိုင်…..။ ပြိုင်လျက်ယှဉ်၍နေသည်။ ဆင်စွယ်ရွာ၏ အရှေ့ဖက်တွင်မူ ဒေါမွဲရွာရှိသည်။ ဒေါမွဲရွာက ယွန်းစလင်းမြစ်၏ အရှေ့ဖက်ကမ်း၌ရှိသည်။ ယခင်က အိမ်ခြေ ၅၀-ခန့်ရှိခဲ့သည့်ရွာ ……။ ယခုမူ ရွာပျက်ဖြစ်၍နေပြီ…..။ ဒေါမွဲရွာပျက်တွင် နအဖစစ်တပ်မှ စစ်စခန်းထိုင်၏။ နည်းဗျူဟာ ၃၃၁-လက်အောက်ခံ တပ်ရင်း ခလရ (၇၆)မှ ဒု-ဗိုလ်မှူးကြီး အောင်ကြည်က စခန်းမှူး( ယခု နအဖမှ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေးရန် ဆက်သွယ်ရေးအရာရှိအဖြစ် ခန့်အပ်ထားသူ) ဒေါမွဲရွာလယ်ရှိ ဘုန်းတော်ကြီးကျောင်းက ခလရ (၇၆) စစ်ကြောင်း(၁)၏ စစ်ကြောင်းရုံး။ ဗိုလ်မှူးအောင်ကြည်တို့ ရောက်ပြီးနောက် ဒေါမွဲရွာလည်းပျက်၏။ ဒေါမွဲရွာ၏အရှေ့တောင်ဖက်ရှိ မဲညောရွာလည်းပျက်၏။
ကျနော်တို့ကူးမည့်နေရာက မြစ်ဆိပ်မဟုတ်သည့်အတွက် ကူးတို့လှေမရှိ…..။မြစ်ရေက လူတစ်ရပ်မမှီ….။ ရေစီးက ၀ါးလုံးထိုးစီးခြင်းမဟုတ်သော်လည်း ဖြည်းဖြည်းညင်ညင်လည်းမဟုတ် …..။ရေကူးတတ်သူများအဖို့မူ မျော၍ ကူးလျှင်တော့ရမည်။ ကျနော်တို့အထဲ၌ ရေမကူးတတ်သည့်သူများလည်းပါသလို အမျိုးသမီးငယ်များလည်း ပါသည်ဖြစ်၍ မြစ်ဖြတ်ကူးရန်မှ အခက်တွေ့နေရ၏။
ခဏအကြာတွင် ဗိုလ်အောင်နိုင်တပ်ဖွဲ့မှ ရဲဘော်လေးတစ်ဦးက ၀ါးဖောင်တစ်ခုအား ရှာတွေ့ခဲ့၍ ယွန်းစလင်းမြစ်အား ကျနော်တို့ ဖောင်နှင့် ကူးကြရတော့၏။ ကျောပိုးအိတ်များအား ဖောင်ပေါ်သို့ တင်ပြီး ရေမကူးတတ်သည့်သူများက ၀ါးဖောင်အား ကိုင်၍ ကူးကြ၏။ ရေကူးတတ်သည့်သူများကမူ အလွတ်ကူးကြ၏။
အခေါက်ခေါက်အခါအခါ……..။
(ဂ)
ကမ်းပါးထက်သို့ တတ်လိုက်သည်နှင့် တောထနေသော ပိစပ်တောကြီးအားတွေ့ရသည်။ လူတစ်ရပ်ခန့်ရှိမည်။ လူသွားလမ်းမရှိ။ ပိစပ်တောအတွင်းမှပင် တိုးဝှေ့၍သွားရသည်။ ယခင်ကမူ ဤနေရာသည် လယ်မြေများဖြစ်ခဲ့မည်ဖြစ်သည်။ လယ်မလုပ်သည်မှာကြာ၍ လယ်ကွက်များအတွင်း ပိစပ်ပင်များ တောထ၍နေခြင်းဖြစ်မည်။ တစ်တီတူးငှက်မောင်နှံသည် ကျနော်တို့အား တွေ့ပြီး လန့်၍အော်မြည်၏။ ကျနော်တို့ လူတန်းကြီး၏ အရှေ့မှအနောက် ၀ဲပျံရင်း အော်နေသည်မှာမရပ်တော့ ……။
ယွန်းစလင်းမြစ်ကမ်းပါးမှ ၃-နာရီခန့်လျှောက်ခဲ့ပြီးသည့်နောက် “မဲညော်” ရွာသို့ရောက်၏။ မဲညော်ရွာက ရွာပျက်…..။ ကျနော်တို့ မဲညော်ရွာသို့ မ၀င် ၊ ရွာအား ကွင်း၍ အရှေ့ဖက်သို့ ထွက်ခဲ့၏။ မဲညော်ခီး တောင်တန်းများပေါ်မှ စီးဆင်းလာသည့် မဲညော်ချောင်းငယ်သည် မဲညော်ရွာအား အရှေ့မှ အနောက်မြောက်ဖက်သို့ ကွေ့ပတ်၍ ရစ်သိုင်းထားသည်။ ချောင်းရေက အေးစက်၍နေသည်။ ရေက ပေါင်လယ်ခန့်သာ နက်မည်။ ကျောက်တုံးများနှင့် ချောနေသည်ဖြစ်၍ ကူးရသည်မှာ လဲမကျစေရန် သတိထားသွားရသည်။ ချောင်းတစ်ဖက်၌မူ ကွမ်းသီးပင်များ ……။ ကွမ်းသီးပင်များက ရာနှင့်ချီ၍ ရှိလိမ့်မည်။ ချောင်းဘေးကွမ်းသီးခြံအတွင်း၌ပင် ကျနော်တို့ ညအိပ်ကြမည်။ ချောင်းရိုးနဘေးတစ်လျှောက် ကွမ်းသီးခြံအတွင်း စီ၍ ကျနော်တို့ နေရာယူကြ၏။ ကျနော်တို့က ရန်သူ့ စစ်စခန်း၃-ခု၏ဖိုခနောက်အလယ်တွင် ရောက်နေသည်။
ဒေါမွဲ၊ ကတိုင်တိ၊ သာလွန်……။ သာလွန်စခန်းက နည်းဗျူဟာ ၃၃၁-ထိုင်သည့်စခန်းကြီး ….။ ဗျူဟာမှူးက ဗိုလ်မှူးကြီး သောင်းဝေ( ယခု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်) ကတိုင်တိကမူ ယွန်းစလင်းမြစ်၏ အနောက်ဖက်ကမ်းတွင်ရှိ၍ စိုးရိမ်ဖွယ်မရှိ…..။
နေ၀င်သွားသည်နှင့် အမှောင်ထုသည် ကွမ်းသီးခြံအတွင်းသို့ ပြိုဆင်း၍ကျလာသည်။ ဘုတ်အီသံတို့က တဖြည်းဖြည်းတိုး၍ တိုး၍ သွားလေပြီ…..။
ပုခက်ပေါ်၌လှဲရင်း လှိုင်းတိုလေဒီယိုလေးအား ဖွင့်၍နားထောင်၏။ တိုးတိုးညှင်းညှင်း …..။ တိုးညှင်းသော်လည်း ဦးလေးကြီး ဦးဖေသန်းနှင့် ဒေါ်တင်ထားဆွေတို့၏ သတင်းကြေငြာသံက ပီပီသသ…..။ ကြည်ကြည်လင်လင်…..။
ဗိုလ်ချုပ်မောင်လှ၏ ကရင်ပြည်နယ်ထိုးစစ်အား ရပ်စဲလိုက်ကြောင်း စစ်အုပ်စု၏ ကြေငြာချက်အား မှီ၍ ဒေါ်တင်ထားဆွေက ကြေငြာသွား၏။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးအတွက် ထိုးစစ်အား ရပ်ဆိုင်းလိုက်ရသည်ဟုလည်း စစ်အုပ်စုက ဆို၏။ အမှောင်ထဲ၌ ကျနော်ပြုံးမိ၏။ “ခွေးအိပ်တောင်” အား သိမ်းပိုက်ရပြီးခါစ၌ စစ်သွေးကြွနေသော စစ်ဘီးလူးတို့၏ မာန်ဖီသံအား ပြန်၍ကြားယောင်မိသည်။
မာနယ်ပလောမှာ သင်္ကြန်ကျမယ်……။
ကရင်မတွေကို ယူကြ…….။
ရိုင်းပြစွာပြောခဲ့သည့် ဗိုလ်ချုပ်မောင်လှ၏ စကားသံများက ရက်ပေါင်း ၄၀-ပင် မပြည့်သေး……။
ထိုစဉ်က “ခွေးအိပ်တောင်”ရလျှင် မာနယ်ပလောကိုရပြီ……။ ဤသို့ထင်ခဲ့ကြ၏။ သို့သော် ထင်သလိုမဖြစ်ခဲ့……..။
အလောင်းများ အခေါင်းအတွင်း သွတ်၍သာ မင်္ဂလာဒုံသို့ အခါအခါအလီအလီ ပြန်ပို့ခဲ့ရ၏။ တပ်တွေက အမိန့်ပေး၍မရတော့……။
နော်တ စစ်မျက်နှာတွင်လည်း တိုး၍မနိုင်…..။ မဲညော်ခီးစစ်မျက်နှာတွင်လည်း ရှေ့တတ်မရ……။
အင်ဖားလမ်းမပေါ်၌ အပြိုပြိုအလဲလဲနှင့် ဆုတ်ပြေးရင်း ကြွေးကြော်နေသည့် ဆင်းမလားပြေး ဗြိတိသျှတို့၏ ပြောခဲ့သည့်အသံအား အမှတ်ရ၏။
“အောင်မြင်စွာ ဆုတ်ခွာခြင်း ….”
အမှောင်ထဲ၌ ကျနော်ပြုံးမိပြန်၏။
၂၀၀၈ခုနှစ် မတ်လ၌ Mizzima တွင်ဖော်ပြခဲ့သည်။

ရိုင်ဖယ်သေနတ်နှင့်ဆရာဝန်
(ရွှေအိမ်စည်)
(၁)
မြေ၀သုန်သည် ဂုဏ်ပြုအပ်သည့် ဧည့်သည်တစ်ယောက်အား ဆီးကြို၍ထွေးပွေ့ထားခဲ့သည်မှာ …ကြာပြီ။ သူ…..ကျဆုံးခဲ့သည့် ၁၉၆၇ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့မှ…..။ နှစ်ပေါင်း (၄၀) ရှိလေပြီ။
သူကား ….. ဆရာဝန်တစ်ဦး…..။ သို့သော် …. သူကား မောင်းပြန်ရိုင်ဖယ်သေနတ်ကိုသာ ကိုင်၏။
“ လူတစ်ယောက်ချင်း ခံစားရတဲ့ ရောဂါတွေကို ကုရတာထက် လူ့အဖွဲ့အစည်းအလိုက် ခံစားရတဲ့ ဝေဒနာတွေကို ကုသပေးရတာ ပိုအကျိုးရှိပါတယ်”
သူပြောခဲ့သည့်စကားဖြစ်၏။ ၁၉၅၉ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့က ကျူးဘားနိုင်ငံ ဟားဗားနားမြို့၌ ပြောခဲ့ခြင်းဖြစ်၏။
(၂)
၁၉၆၇ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့တွင် သူကွယ်လွန်ခဲ့ပြီဟူသည်အား အတည်ပြုနိုင်သည်က ….. အောက်တိုဘာလ (၁၅)ရက်နေ့မှဖြစ်သည်။ ကျူးဘားသမ္မတ ရဲဘော်ကြီး ဖီဒယ်ကက်စထရိုမှ အတည်ပြုထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။ သူ၏ရုပ်အလောင်းမှ ဖြတ်၍ယူလာခဲ့သည့် လက်မောင်းရင်းမှ ပြတ်နေသည့် လက်နှစ်ဖက်အား ကြည့်၍ သူကွယ်လွန်ခဲ့ပြီဟု အတည်ပြုခဲ့ရခြင်းဖြစ်သည်။ သူ၏အလောင်းကိုမူ မတွေ့ခဲ့ကြရ။ နှစ်ပေါင်း (၃၀)အထိ ပျောက်ဆုံးနေခဲ့၏။ ၁၉၉၇ခုနှစ် ဇူလိုင်လ (၁၂)ရက်တွင်မှပင် သူ၏ရုပ်အလောင်းအား မြေ၀သုန်အတွင်းမှ ပြန်လည်တူးဖော်ရရှိတော့၏။
ဘိုးလီးဗီးယားနိုင်ငံ “ ဗယ်ရီဂရန်ဒေသ” လေ ယာဉ်ကွင်းငယ်လေးအနီးမှဖြစ်သည်။ ကျင်းငယ်အတွင်း၌ ရုပ်အလောင်းအရိုးစု (၇)စုအား တွေ့ရ၏။ အရိုးစုအမှတ် (၂)က လက်မောင်းရင်းမှနေ၍ လွှနှင့်တိုက်ဖြတ်ထားခြင်း ခံရသဖြင့် လက်နှစ်ဖက်စလုံးမရှိ ……။ ဒီအင်အေ စစ်ဆေးမှု ပြု၍ အတည်ပြုနိုင်ခဲ့၏။
သူ …..။
သူကား …..နှစ်ပေါင်း (၃၀) ကြာမှပင် ကျူးဘားနိုင်ငံ “ ဆန်တာကလာရာမြို့” ရှိ သူ၏ ဂူဗိမာန်အတွင်း ကိုယ်အင်္ဂါစုံလင်စွာနှင့် လဲလျောင်းရတော့၏။
(၃)
သူနှင့်ပါတ်သတ်၍ သူ့ဝန်းကျင်၏ မှတ်ချက်အမြင်များမှ သူ့အား တွေ့ရမည်။ ပြင်သစ်အတွေးအခေါ်ပညာရှင် “ ယန်ပေါဆတ်” က သူ့အား ……
“ကျနော်တို့ခေတ်ရဲ့ အပြီးအပြည့်အစုံဆုံး လူသား” ဟူ၍ မှတ်ချက်ပေး၏။ အမေရိကန်နိုင်ငံ မေရီလင်းအင်စတီကျူ က သူ့အား “ ကမ္ဘာပေါ်တွင် နာမည်အကျော်ကြားဆုံး ၂၀-ရာစု ၏ သင်္ကေတတစ်ခု ” ဟု သတ်မှတ်၏။ သူ၏ရဲဘော်ကြီး ကျူးဘားသမ္မတ ဖီဒယ်ကက်စထရိုကမူ သူ့အား …..“ သူဟာ သူ့ရဲ့အကျင့်စာရိတ္တ၊ သူ့ရဲ့စိတ်ဓါတ်၊ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ အလုပ်လုပ်ရာမှာ စိတ်အားထက်သန်မှုတွေကို ထားရစ်ခဲ့တာဖြစ်တယ်။ တစ်ခွန်းတည်းအတိုချုပ်ပြောရမယ်ဆိုရင် သူ့ရဲ့ စံနမူနာတွေကို ကျနော်တို့အတွက် ထားခဲ့တာဖြစ်တယ်”
(၄)
သူ့အား အားဂျင်တီးနားနိုင်ငံ၏မြို့တော် “ ဗွေနိုဇာရီမြို့” မှ မိုင်၁၀၀-ကျော်ဝေးသည့် “ ရိုစာရီယို မြို့” တွင် မွေးဖွားခဲ့၏။ “ ရိုစာရီယို မြို့” က “ ပါရာနာ” မြစ်၏ မြစ်ဝကျွှန်းပေါ်ဒေသတွင် တည်ရှိသည့် မြို့ဖြစ်သည်။ စိုစွတ်၏။ အစဉ်အမြဲအေးခဲ၍နေသည်။
သူကား ….၁၉၂၈ခုနှစ် ဇွန် (၁၄)ရက်နေ့ဖွားဖြစ်သည်။ မောင်နှမ ၅-ယောက်အနက် အကြီးဆုံးဖြစ်သည်။ ဖခင် အာနက်စ်စတိုဂွေဗားယာလင်(ခ်ျ)က အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး မိခင်က စီလီယာဆာနာဖြစ်၏။ သူကား ငယ်စဉ်က ချူချာ၏။ ပန်းနာရင်ကျပ်သည်တစ်ဦး …..။ အေးလျှင် ပန်းနာဝေဒနာက ထပြီ။ ပန်းနာရင်ကျပ်ရောဂါရှိပေမယ့် သူကား အားကစားဖက်တွင်လည်းထူးချွှန်ခဲ့၏။ “ ရဂ္ဂဘီပွဲ” များတွင် ခပ်ကြမ်းကြမ်းကစားတတ်သည်။ ဖခင်က သူ့အား ငယ်စဉ်ကပင် သေနတ်ပစ်သင်ပေး၏။ စစ်တုရင်ကစားနည်းသင်ပေး၏။ သူသည် စစ်တုရင်ကစားရာတွင်လည်း ထူးချွန်သူတစ်ဦးဖြစ်ခဲ့သလို သေနတ်ပစ်ရာတွင်လည်း …….။
(၅)
သူက ငယ်စဉ်ကပင် စာအုပ်ပုံအကြား၌ ကြီးပြင်းခဲ့ရသူဟု ဆိုရမည်။ ဖခင်၏ကိုယ်ပိုင်စာကြည့်ခန်းတွင် စာအုပ်ပေါင်း ၃၀၀၀-ကျော်ရှိ၏။ စာကြည့်တိုက်ငယ်လေးတစ်ခုပမာ …..။ “ဂျက်လန်ဒန်” ၊ ”“ဂျူးလဘန်း”၊ “ ဆစ်ဂမန်ဖရိုက်”၊“ဘာထရန်ရပ်ဆဲလ်” တို့အား ငယ်စဉ်ကပင် ဖတ်ခဲ့ရ၏။
သူက ကဗျာကိုလည်း အရူးအမူးစွဲလမ်း၏။ “ပက်ဘလိုနီရူးဒါ” ၏ ကဗျာများအား အာဂုံဆောင်နိုင်သည်အထိ ဖတ်ခဲ့၏။
ဖခင်က လက်ဝဲ၀ါဒီတစ်ဦးဖြစ်၍ သူ့ဖခင်၏ စာကြည့်ခန်းတွင် ကားမတ်ခ်၏ ကျမ်းများက ရှိပြီးဖြစ်သည်။ သူ….. လေ့လာခွင့်ရခဲ့၏။
(၆)
၁၉၄၇ခုနှစ်တွင် သူ …. “ ဗွေနိုဇာရီး“တက္ကသိုလ်တွင် ဆေးပညာသင်ယူခဲ့သည်။ထိုတက္ကသိုလ်မှပင် ဒေါက်တာဘွဲ့ ရရှိခဲ့၏။ ၁၉၅၁ခုနှစ်တွင် သူသည် ဆေးတက္ကသိုလ်တတ်နေရင်း ခွင့်ယူ၍ သူငယ်ချင်းတစ်ဦးနှင့်အတူ မော်တော်ဆိုင်ကယ်တစ်စီးနှင့် လက်တင်အမေရိကတိုက်တလွှား ခရီးနှင်၏။ ချီလီသို့ရောက်၏။ ချီလီမှသည် ပီရူး ၊ အီကွေဒေါ ၊ ကိုလံဘီယာ……ထိုမှ ဗင်နီးဇွဲလား……။
ဤခရီးစဉ်မှ သူသည် လက်တင်အမေရိကရှိ ပြည်သူတို့၏ ဆင်းရဲမွဲတေမှု ၊ လူတန်းစားမညီမျှမှုများအား တွေ့ခဲ့မည်။ ဤခရီးစဉ်အကြောင်းအား သူကိုယ်တိုင် စာပြန်ရေး၏။ “ မော်တော်ဆိုင်ကယ်ဒိုင်ယာရီ” ဟူ၍ စာအုပ်အဖြစ် ထုတ်ဝေခဲ့၏။ စရေးသည်မှာ စပိန်ဘာသာနှင့်ဖြစ်သည်။ နောက်ပိုင်းတွင်မူ အင်္ဂလိပ်ဘာသာသို့ ပြန်၍ ထုတ်ဝေခဲ့သည်။ ၂၀၀၄ခုနှစ်တွင် ထိုစာအုပ်အား မှီ၍ ရုပ်ရှင်ပြန်ရိုက်၏။
(၇)
၁၉၅၃ခုနှစ်တွင် အာဂျင်းတီးနားအစိုးရက ဆရာဝန်များအား အတင်းအကျပ်အမှုထမ်းခိုင်း၏။ သူက လူတစ်ယောက်ချင်း ခံစားနေရသည့်ဝေဒနာအား မကုသချင်…..။ ဤတွင် သူသည် အာဂျင်းတီးနားမှ တိမ်းရှောင်ထွက်ခဲ့တော့၏။
ပီးရူး ၊ အီကွေဒေါ၊ ပနားမား၊ ကော်စတာရီကာ၊ နီကာရာဂွား၊ ဟွန်ဒူးရပ်စ်၊ အဲလ်ဘာလဗာဒို၊ ဂွာတီမာလာတို့မှ မက္ကဆီကိုသို့ရောက်၏။
မက္ကဆီကိုတွင် သူသည် ကျူးဘားမှ ဖီဒယ်ကက်စထရိုတို့ အုပ်စုနှင့်တွေ့၏။ ပေါင်းမိ၏။ ထိုစဉ်က ဖီဒယ်ကက်စထရိုတို့ အုပ်စုအား “ ၂၆ J ” ရဲဘော်များဟု ခေါ်ကြသည်။ ဖီဒယ်ကက်စထရိုတို့၏ “ ၂၆ J ” ရဲဘော်များက ကျူးဘားအာဏာရှင် “ ဖူလ်ဂျင်စီယိုဘာတစ္စတာ” အစိုးရအား လက်နက်ကိုင် ပုန်ကန်ရန် ကြိုးပမ်းနေကြသည့် တော်လှန်ရေးသမား လူငယ်များ …..။
မက္ကဆီကိုတွင်ပင် “ ၂၆ J ” ရဲဘော်များနှင့် အတူ သူ ….စစ်သင်တန်းတတ်ခဲ့၏။ သင်တန်းဆရာက မက္ကဆီကိုမှ ဗိုလ်မှူးကြီးဟောင်းတစ်ဦး …..။သင်တန်းမှူး ဗိုလ်မှူးကြီးဟောင်း “ အယ်ဘာတိုဘေးယို” က မှတ်ချက်ပြု ၏။ “ သူသည် သင်တန်းသားများအားလုံးအနက် အထူးချွန်ဆုံး ဖြစ်သည်” ဟူ၍ ….။
(၈)
၁၉၅၆ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့တွင် “ ၂၆ J ” ရဲဘော်များနှင့်အတူ သူသည် ကျူးဘားနိုင်ငံသို့ ၀င်ခဲ့ကြ၏။ Gramma အမည်ရှိ မော်တော်ငယ်တစ်စီးနှင့် …..။ မိုင် ၁၃၀-ကျော်ဝေးသည့် ပင်လယ်ခရီးအား နှင်ကြ၏။ ရဲဘော်ရှစ်ကျိပ်နှင့် တစ်ယောက် ……။ ဓါးကောက်သဏ္ဍာန် ကျူးဘားကျွှန်းပေါ်သို့ ရောက်၏။ မကြာ ….. ကျူးဘားအာဏာရှင်တပ်များနှင့် တိုက်ပွဲများ ဖြစ်သည်။ တိုက်ပွဲအဖြေက မကောင်း။ သူတို့ဘက်မှ ရဲဘော် ၆၉-ယောက် ကျဆုံးကုန်၏။ သူ …. ၊ ဖီဒယ်ကက်စထရိုနှင့် ရဲဘော် ၁၂-ယောက်သာကျန်တော့၏။ အငတ်ငတ်အပြတ်ပြတ်…..။ ကြံခင်းများအတွင်း ပုန်းနေကြ၏။ ကြံများစုတ်ရင်းသာ အဟာရဖြည့်နေကြရသည်မှာ ရက်သတ္တပတ်ခန့်ကြာ၏။ ဤမှ ……သူတို့ အာဏာရှင်အား ပြန်တိုက်၏။ မောင်းပြန်ရိုင်ဖယ် ၁၂-လက်…..။
လူ ၁၂-ယောက်နှင့် ……။
(၉)
ကျူးဘားနိုင်ငံ “ဆီအဲယားမေထရာ” တောင်တန်းများပေါ်မှ သူတို့ လွတ်မြောက်နယ်မြေတည်ဆောက်၏။ သူပုန်စခန်းဖွင့်၏။ အောင်မြေ …..။ မာနယ်ပလော….။
သူသည်….. ထိုဒေသမှစ၍ လူထုအတွင်း ဆေးခန်းများဖွင့်၏။ စာသင်ကျောင်းများ တည်ထောင်၏။ ဤတွင်…..သူသည် မောင်းပြန်ရိုင်ဖယ်အား လက်မှကိုင်းရင်း လူထုအား ဆေးကုသ၏။ လူတစ်ယောက်ချင်း၏ဝေဒနာအား သက်သာစေရန် ဆောင်ရွက်သလို လူ့အဖွဲ့အစည်း၏ခံစားနေရသော ဝေဒနာကိုလည်း ကု၏။ လူထုမှ ထောက်ခံလာသည်။ တော်လှန်ရေးသည် မြင့်တတ်၍လာ၏။ ဒီလှိုင်းများသဖွယ် …..အားနှင့်မာန်နှင့် ……အဆုံး၌ ကျူးဘားအာဏာရှင်အစိုးရ ကျဆုံးရ၏။
(၁၀)
ကျူးဘားတော်လှန်ရေးတွင် ကျူးဘားမဟုတ်သော သူသည် ရဲဘော်ကြီး ဖီဒယ်ကက်စထရိုပြီးလျှင် ဒုတိယသြဇာအာဏာအရှိဆုံးဖြစ်လာ၏။ ကျူးဘားနိုင်ငံ၏ ပြန်လည်ထူထောင်လုပ်ငန်းများတွင် အဓိကတာဝန်ယူခဲ့သည်။ လူတန်းစားမဲ့ လူ့အဖွဲ့အစည်းသစ်ဆီသို့ ချီတတ်ရာတွင် သူသည် စီးပွားရေးရာအပိုင်း၌ အဓိက ပဲ့နင်းကြီးအဖြစ် မောင်းနှင်ခဲ့ရသည်။ ကျူးဘားနိုင်ငံသုံး ငွေစက္ကူပေါ်၌ သူ့လက်မှတ်ထိုးပေးရ၏။
ထိုစဉ်က …..GATT (ကုန်သွယ်ရေးနှင့်အခွန်အကောက်ဆိုင်ရာ အထွေထွေသဘောတူညီချက်အဖွဲ့) အစည်းအဝေးပွဲများသို့ သူတတ်ရောက်ခဲ့ရသည်။ သံလွင်ရောင်စစ်ဝတ်စုံ ၊ပြောက်ကျားယူနီဖောင်းနှင့် …..။
(၁၁)
၁၉၆၂ခုနှစ်ကား ….. စစ်ရေးတိုက်ပွဲအရှိန်၏ အမြင့်မားဆုံးကာလဟု ဆိုရမည်။ ဆိုဗီယက်တို့၏ ဒုံးကျည်များအား ကျူးဘားတွင် တည်ဆောက်မည်။ အမေရိကန်က သဘောမတူ။ ဤတွင် …တင်းမာမှုက ကြီးမား၍လာ၏။ နူးကလီးယားစစ်ပွဲများ ဖြစ်လေမည်လား….။
ကက်စထရိုနှင့် ခရူးရှော့ ဆက်ဆံရေးက အထူးကောင်းမွန်၏။
(၁၂)
၁၉၆၄ခုနှစ် ဒီဇင်ဘာလမှ ၁၉၆၅ခုနှစ် မတ်လအထိ သူသည် နိုင်ငံတကာခရီးစဉ်များသွား၍ သံခင်းတမန်ခင်းများအား ခင်းကျင်း၏။ ပြင်သစ်၊ အီဂျစ်၊ အယ်ဂျီရီယား၊ ဂါနာ၊ ဂီနီ၊ မာလီ၊ ဒါဟိုမီ၊ကွန်ဂို၊ အိုင်ယာလန်၊ နှင့် တရုတ်ပြည်သစ်နိုင်ငံများသို့ …..။
ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်ပြည်တို့က သဘောတရားအရ ကွဲလွဲနေကြချိန်ဖြစ်သည်။ သူက သဘောတရားအရတွင် “မော်” တို့နှင့်တူ၏။ ဤအတိုင်းပင် သူ့ခရီးစဉ်များအတွင် ပြောဆိုဆွေးနွေး၏။ ကျူးဘားခေါင်းဆောင်တစ်ဦးပြောခြင်းဖြစ်၍ ကျူးဘားသဘောထားဟု ကမ္ဘာက မြင်ကြ၏။ ဤတွင် သူ့အပေါ် ဖီဒယ်ကက်စထရိုတို့ ညီအစ်ကို မနှစ်မြို့တော့…..။ သူတို့ ညီအစ်ကိုက “ခရူးရှော့”နှင့် နီးစပ်သူ…..။ သူခရီးစဉ်အပြီး “ဟားဗားနား” သို့ ပြန်ရောက်၏။ ဖီဒယ်ကက်စထရိုတို့ ညီအစ်ကိုနှင့် သူ၏ဆက်ဆံရေးက အေးအေးစက်စက်…..။ မကြာ …..သူ ကျူးဘားမှ ပျောက်သွားခဲ့တော့၏။ အားလုံးအား စွန့်လွှတ်၍ ….။
(၁၃)
အာဖရိကတိုက်ရှိ ကွန်ဂို -ကင်ရှာဆား ပြောက်ကျားစစ်ပွဲအတွင်း… သူ …. သေနတ်ကိုင်၍ရောက်သွား၏။ အာဖရိက တောနက်ကြီးအတွင်း ပြောက်ကျားစစ် ဆင်နေတော့၏။ ရာသီဥတုက ဆိုးသည်။ ထိုစဉ်က သူအသက်သည် ၃၈-နှစ်ခန့်ရှိပြီ။ ပန်းနာရင်ကျပ်ဝေဒနာက ပြန်ထ၍လာပြီ။ ဆိုးဆိုးဝါးဝါး…..။
မရတော့ …..။ သူ အနားယူရသည်။ အနားယူစဉ် ကာလအတွင်း “ ကွန်ဂိုဒိုင်ယာရီ” အားရေးခဲ့သည်။ သူ၏ တော်လှန်ရေးကာလ ကွန်ဂို အတွေ့အကြုံများ ……။
(၁၄)
ထိုနောက် …..။
သူသည် ဘိုလီးဗီးယား အစိုးရအား တော်လှန်ရန် ဘိုလီဗီးယားသို့ ထွက်ခဲ့၏။ သူနှင့်ရဲဘော် ၁၇-ယောက်…..။ ဗီယက်နမ်ရဲဘော်များလည်းပါသည်။ ပြီးလျှင် လက်တင်အမေရိကမှ ရဲဘော်များ …..။
၁၉၆၇ခုနှစ် အောက်တိုဘာ (၇)ရက်နေ့တွင် သူနှင့်ရဲဘော်များ ဘိုလီးဗီးယားနိုင်ငံ ယူဂို(ချူရီ) တောင်ကြားအတွင်းသို့ ၀င်ခဲ့ကြ၏။ ရိုင်ဖယ်သေနတ်များနှင့် ….။
ချောင်းရိုးငယ်အား ဖြတ်ကြ၏။ ဤတွင် …. ၀ိုင်းဝန်ပစ်ခတ်မှုအား သူတို့ ရုတ်တရက်ခံလိုက်ကြရ၏။ သူ …. ဦးဆောင်သည့်ပြောက်ကျားများ ဘိုလီးဗီးယားစစ်တပ်၏ ချုံခိုတိုက်ခိုက်ခြင်းအား ခံကြရပြီ ….။ အကျအဆုံးက များသည်။ သူလည်း ထိ၏။ ဆုတ်၍မရ …..။ တတ်၍မရ ……။ နောက်ဆုံး …… သူ ဘိုလီးဗီးယားစစ်တပ်၏ ဖမ်းဆီးခြင်းအား ခံလိုက်ရ၏။
(၁၅)
၁၉၆၇ခုနှစ်အောက်တိုဘာလ (၉)ရက်နေ့……..။
ဘိုလီးဗီးယားနိုင်ငံ၏မြို့တော်နှင့်ဝေးကွာလွန်းသည့် “ဗယ်လီဂရန်ဒေမြို့” လေယာဉ်ကွင်းငယ်၏ အနီးတွင် ဘိုလီးဗီးယားစစ်တပ်သည် ဒဏ်ရာနှင့်စစ်သုံ့ပန်တစ်ဦးအား နောက်ပြန်လက်ထိပ်ခတ်၍ ထားသည်။ လက်ထိပ်ခတ်ခံထားရသည့် စစ်သုံ့ပန်သည် ဘိုလီးဗီးယားစစ်သားများ၏အရှေ့၌ မတ်မတ်ရပ်၍နေသည်။ စစ်သားများက စစ်သုံ့ပန်အား မောင်းပြန်ရိုင်ဖယ်သေနတ်များနှင့်ချိန်ထား၏။ စစ်သုံ့ပန်က စစ်သားများအား သူ၏စူးရှသော မျက်လုံးများနှင့်ကြည့်၏။
အမိန့်သံထွက်လာ၏။
ယမ်းပေါက်ကွဲသံများ ဆူညံ၍သွားသည်။ ယမ်းညော်နံ့တို့က လေယာဉ်ကွင်းအနီး မွှန်၍နေသည်။
စစ်သုံ့ပန်သည် တဖြေးဖြေး ပျော့ခွေ၍ ကျသွားသည်။ သွေးတို့က ခန္ဓာကိုယ်အနှံ့မှ ယိုစီး၍ ထွက်လာသည်။ ပြီးလျှင် ….. ဘိုလီးဗီးယားစစ်သားများက သွေးအလူးလူးနှင့်လဲနေသော အလောင်း၏ လက်နှစ်ဖက်အား လက်မောင်းရင်းမှ လွှနှင့်တိုက်၍ ဖြတ်ကြ၏။ ထိုနောက် ….. လေယာဉ်ကွင်းအနီးတွင်ပင် လက်မပါသော ခန္ဓာကိုယ်အား ကျင်းတူး၍ မြုပ်နှံလိုက်ကြတော့၏။
(၁၆)
မပုပ်မသိုးရန် ဆေးရည်စိမ်ထားသည့် လက်နှစ်ဖက်အား ဘိုလီးဗီးယားအစိုးရမှ ကျူးဘားသမ္မတဖီဒယ်ကက်စထရိုထံသို့ ပို့လိုက်၏။
၁၉၆၇ခုနှစ် အောက်တိုဘာလ (၁၅)ရက်……။
ဤလက်နှစ်ဖက်အား ဖီဒယ်ကက်စထရိုသည် မြင်သည်နှင့်သိ၏။ သူနှင့် တော်လှန်ရေးများအတွင်း လက်တွဲခဲ့သည့်လက်များ ……။ မလွဲနိုင်…..။ သူ ….။ သူ ….။
“အာနက်စ်တိုဂွေဗားရားဒီလာဆနာ” သို့မဟုတ်……. “ချေ” ။
ချေ ဟူသည်က …..စပိန် ဘာသာအရ “ ရဲဘော်၊ ရဲဘက်” ဟူ၍ဖြစ်သည်။
“မြေ၀သုန်ရေ…..
ဂုဏ်ပြု့အပ်တဲ့ ဧည့်သည်တစ်ယောက်ကို
ဆီးကြိုပေတော့ ……”
(အော်ဒင်)
၂၀၀၇ ခုနှစ် ဒီဇင်ဘာလ၌ ခေတ်ပြိင်ဝက်ဆိုဒ် တွင်ဖော်ပြခဲ့သည်။

နေရောင်မခတဲ့တောင်တွေဆီမှာ
(ရွှေအိမ်စည်)
(၁)
`စောထ´နှင့်`စောဖိုးထ´ရွာက နာရီဝက်ခန့်ခြေလျင်လျှောက်လျှင် ရောက်၏။ မဝေး…..။ အတတ်အဆင်းမရှိသည့်အတွက်လည်း ပင်ပန်းသည့်ခရီးမဟုတ်ဟု ထင်မိ၏။ သို့သော် ….. `နွားလေးခို´ဆေးခန်းအတွက် ကျနော်တို့နှင့်အတူ ဆေးပစ္စည်းများပါလာသည်။ D5W နှင့် D5S ဆားရည်ပုလင်းများပင် စက္ကူပါကင်များနှင့် ၆-ပါကင်ပါ၏။ အခြားဆေးများနှင့်ဆိုလျှင် …..အထမ်းသမား ၅-ယောက်ခန့်ထမ်းရမည့် ပစ္စည်းများဖြစ်သည်။ စောထက ရွာမဟုတ်….ဈေးတန်းဖြစ်၍ ရွာလူကြီးဆီသွားပြီး `၀န်ထမ်း´တောင်း၍မရ…..။ အထမ်းသမားငှားရန်လည်းမလွယ်….။ ၀န်တင်`လား`ရှာ၍လည်းမရ…..။ခက်ပြီ။ မိုးက စဲသွားပြီးဖြစ်သော်လည်း အုံ့မှိုင်း၍နေသေးသည်။ နေမ၀င်မှီ `စောဖိုးထ´သို့ အရောက်သွားကြရမည်။ `စောဖိုးထ´ရောက်မှ ညစား ထမင်းချက်စားကြမည်။ မတတ်နိုင်…..။ ကျနော်တို့ ၄-ယောက်ပင် ဆေးပစ္စည်းများအား ထမ်းပိုး၍ သွားရန်သာ ရှိတော့၏။ မျှ၍ခွဲကြ၏။ တစ်ယောက်လျှင် ၁၅-ကီလိုခန့် ထမ်းပိုးရန် ဝေစုရ၏။ ထမ်းပိုးစရာက မရှိ….။ မတတ်နိုင်….။ လုံချည်ကွင်းအတွင်း စုပုံထည့်ပြီး လုံချည်ကွင်းသိုင်း၍ ထမ်းကြရတော့၏။ ကျောပိုးအိတ်အတွင်း ထည့်၍ထမ်းပိုးရခြင်းမဟုတ်သည့်အတွက် ပစ္စည်းများက ကျောပေါ်တွင် နေသားမကျ။ ဟန်ချက်မညီ….။ ဟန်ချက်မကျသည့်အတွက် ထမ်းရသည်မှာ ပို၍ခက်ခဲ၏။ လေးသည်ဟု ပိုထင်ရသည်။
စောထမှ ထွက်သည့်ခရီးတွင် ကျနော်တို့နှင့်အတူ `အမိုးကြီး´ တစ်ဦးလည်းပါသည်။ သူလည်း KNU၏ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်သို့ပင် သွားမည်ဖြစ်သည်။ သူ၏ခင်ပွန်းက KNU ကျောက်ကြီးမြို့နယ်ဥက္ကဌ……။ ဖဒိုအယ်မှူး….။ ဖဒိုအယ်မှူးက မော်လမြိုင်တက္ကသိုလ်တွင် ပညာသင်ခဲ့ဖူး၏။ ဖဒိုမန်းရှားနှင့်သက်တူရွယ်တူခန့်ရှိမည်။ သူတို့အိမ်ကလေးက `ဟိတိုးထ´ ချောင်းဘေးတွင် ချောင်းအား မျက်နှာမူ၍ဆောက်ထား၏။ သက်ကယ်မိုး၊ သဲပွက်ခင်း၊ သဲပွတ်ကာ တဲအိမ်လေးမျှသာ….။ လင်မယားနှစ်ယောက်တည်းသာ နေကြ၏။ ခလေးများကိုမူ `ဖွေးဖေါ်လူ´ကျောင်းတွင်ထား၏။ `ဖွေးဖေါ်လူ´ကျောင်းက KNUပညာရေးဌာနမှဖွင့်ထားသည့် အထက်တန်းကျောင်းဖြစ်သည်။ နယ်ကျောင်းသားများအတွက် `ဘော်ဒါ´ရှိသည်။ `ဖွေးဖေါ်လူ´ရွာက မှိုင်းလုံးကြီးချောင်းဘေးတွင်ရှိသည်။ `ဖွေးဖေါ်လူ´တွင် ဗိုလ်ချုပ်မြနေသည်။ အခြားKNU၏စစ်ဖက်နယ်ဖက် ခေါင်းဆောင်များလည်း နေကြသည်။ ထိုစဉ်က ….. ဖွေးဖေါ်လူသည် ဗိုလ်ချုပ်ရွာ ……။
(၂)
စောထဈေးတန်းအားလွန်သည်နှင့် တောင်ကြားလွင်ပြင်ငယ်အတွင်းသို့ ရောက်သည်။ လူသွားလမ်းက ဖုံသည်။ လမ်းဘေးဝဲယာတွင်မူ ခါးစောင်းခန့်ရှိမည့် မြက်ရိုင်းပင်များ….။ တောင်ကြားလွင်ပြင်ဆိုသော်လည်း မြင့်မားသည့်တောင်တန်းကြီးများက အဝေးတွင် …. အထပ်ထပ်နှင့်….။ အချို့က စိမ်းညို၍နေသည်။ အချို့က ပြာမှိုင်းမှိုင်း ….။ တောင်ကြားလွင်ပြင်ကရေညီပြင်ကဲ့သို့ ပြန့်ပြူးနေသည်မဟုတ်…..တောင်တန်းငယ်များ၊ ဆင်ခြေလျောများနှင့် …..။ တောင်ကုန်းငယ်များတွင် သစ်ကြီးဝါးကြီးဟူ၍မရှိ…..ပြောင်၍နေသည်။ လွန်ခဲ့သည့် သုံးလေးနှစ်ခန့်က တောင်ယာခုတ်ထားသည့် တောင်ယာကုန်းဟောင်းများဖြစ်မည်။
ဘောလုံးကွင်းတစ်ခုအား ကျနော်တို့ဖြတ်ကြသည်။ ဘောလုံးကွင်ဟုဆိုသော်လည်း ကွင်းအတွင်း မြက်ရိုင်းများက ပေါင်လယ်ခန့် တောထ၍နေသည်။ ဘောလုံးကွင်း၏တစ်ဖက်၌ခြံစည်းရိုးပျက်တစ်ခုအား တွေ့ရ၏။ စည်းရိုး၏အတွင်းဖက်၌မူ ပြိုနေသည့်တဲတန်းရှည် နှစ်ခုအားတွေ့ရ၏။ ဘားတိုက်ဟောင်းများဖြစ်ခဲ့ဟန်တူသည်။
`အဲ့ဒါ …စောထ Camp လေ၊ ကျောင်းသားတပ်မတော် တပ်ရင်း (၂၁၀) နေရာဟောင်းပေါ့…..´
စောထစခန်း…..။
၁၉၈၈ …..စက်တင်ဘာအာဏာသိမ်းပြီးသည့်နောက် ….သပိတ်စခန်းအသီးသီးမှ သပိတ်တပ်သားတို့ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန် နယ်စပ်ဒေသအသီးသီးသို့ တောခိုခဲ့ကြသည်။ ကျောင်းသားလူငယ်များက အများစုဖြစ်သည်။ ဓါး၊ ဓါးချင်း၊ လှံ၊လှံချင်း ၀ါဒီတို့အား ရင်ဆိုင်ရန်မှာ လက်နက်ကိုင်တိုက်ပွဲမှတပါး ….အခြားမရှိ။ အစုလိုက်၊အပြုံလိုက်တောခိုကြသည်။ သပိတ်စခန်းနှင့်အနီးဆုံး လွတ်မြောက်ဒေသဆီသို့…..။
ဇေယျဝတီ၊ ဖြူး၊ တောင်ငူ၊ အုတ်တွင်း၊ ကညွှတ်ကွင်းဘက်မှ သပိတ်တပ်သားတို့ စောထသို့ရောက်ပြီး ဤနေရာတွင် စခန်းတည်ခဲ့ကြ၏။ စောထ Camp…..။ ထိုစဉ်က စောထ Campတွင် သပိတ်တပ်သား သုံးရာခန့်ရှိမည်။ အမျိုးသမီးများလည်းပါသည်။ အမျိုးသမီးများက ၂၀-ခန့်ပင်ရှိမည်။ ထိုအထဲ၌ …..ကိုကျော်ဦးလည်းပါသည်။ သူက ….ဇေယျဝတီသားဖြစ်သည်။ ညီအကို၂-ယောက်ရှိသည့်အနက် သူက အငယ်ဖြစ်သည်။ သူ့အကိုကမူ အာဏာသိမ်းစစ်တပ်အတွင်း၌….။ သူက အာဏာသိမ်းစစ်အုပ်စုအား လက်နက်ကိုင်၍တော်လှန်ရန် စောထသို့ ရောက်လာခဲ့၏။ ထိုစဉ်က သူ့အသက်သည် ၂၀-၀န်းကျင်သာရှိသေး၏။ အသားညိုညိုပိန်ပိန်သွယ်သွယ်နှင့်….။ ဆံပင်အားဘေးခွဲ၍ သပ်ရပ်စွာ ဖီးလေ့ရှိသည်။ မြို့ပြမှရောက်လာသည့် ကျောင်းသားတို့ ပထမဦးစွာရင်ဆိုင်ရသည်က ….. `ငှက်ဖျား´။ စောထသို့ရောက်ပြီး ၁၀-ရက်ခန့်ကြာသည်နှင့် ငှက်ဖျား၏ထိုးစစ်ဆင်မှုအား အားလုံးခံရသည်။ အလူးအလဲ….။ လူနာကများပြီး ဆေးဝါးကနည်းနည်း….ကုသမှုက မပြည့်စုံ…..။ ဤအထဲ ကိုကျော်ဥင်္ီးသည် ငှက်ဖျားဒဏ်အခံရဆုံးဟုဆိုရမည်။ ငှက်ဖျားဖျက်ဆေးအား ပဲလှော်စားသလို စားနေရသည်။ ထိုစဉ်က ….ငှက်ဖျားဖျက်ဆေးက `ဖန်စီမက်´ဟုခေါ်သည့် ဆေးဖြစ်သည်။ ကိုကျော်ဦးနှင့်`ဖန်စီမက်´ပျက်သည်မရှိခဲ့။ ထိုကြောင့်ပင် သူ့အား ရဲဘော်များက ကျော်ဦးဟု မခေါ်ကြ၊ ဖန်စီမက်ဟု ပင် ခေါ်ကြတော့၏။ စောထစခန်းကော်မတီအားဖွဲ့၏။ ရှစ်ဦးနှင့်ဖွဲ့သည့် ရှစ်ဦးကော်မတီဖြစ်သည်။ ကော်မတီတွင် ကိုကျော်ဦးလည်းပါသည်။ ဒု-စစ်ရေးတာဝန်ခံအဖြစ်နှင့်…..။ ABSDF အားဖွဲ့စည်းပြီးသည့်အခါ၌ စောထစခန်းသည် ABSDF၏ တပ်ရင်း(၂၁၀) ဖြစ်လာသည်။ တပ်ရင်း (၂၁၀)တွင် ကိုကျော်ဦးက တပ်ခွဲမှူး….။
ကျနော်တို့ စောထ Campဟောင်းနေရာအား ကျော်ခဲ့ပြီ။ လမ်းသည် ဆင်ခြေလျော ပြေလျှော့လျှော့ဆင်းသွား၏။ စောထ Camp နှင့်ကျောင်းသားတပ်မတော်တပ်ရင်း ၂၁၀-၏နေရာဟောင်းက အနောက်တွင်ကျန်ခဲ့ပြီ။
ထိုစဉ်က ကျနော်မတွေးမိ။ နောက် ….ဆယ်နှစ်….တစ်ခုသော အောက်တိုဘာတွင် ဤစခန်းမှ ကျောင်းသားရဲဘော်တစ်ယောက်သည် ဘန်ကောက်မြို့ရှိ စစ်အုပ်စု၏ အချုပ်အခြာအာဏာပိုင်ရာ မြန်မာသံရုံးအား အောင်အောင်မြင်မြင် ၀င်ရောက်စီးနင်းသိမ်းပိုက်သည့် ပျောက်ကျားတပ်ဖွဲ့အား ဦးဆောင်ခဲ့လေမည်ဟု …..။
စောဖိုးထရွာအတွင်းသို့ ၀င်ခဲ့သည်။ ရွာအ၀င်လမ်းက မော့မော့လေးတတ်သွားရသည်။ ရွာက ကုန်းမို့မို့ပေါ်၌ တည်ထားသောရွာ….။ ရွာအတွင်းရှိ ဘုရားရှိခိုးကျောင်းမှ ဓမ္မတေးသံအားကြားရ၏။ ခေါင်းလောင်းထိုးသံနှင့်ဝတ်ပြုဆုတောင်းသံတို့အား ရွာအတွင်း ပျံ့လွှင့်၍နေသည်။ ငြိမ်းချမ်းရေးတေးသံများ….။ ဘာသာတရားဆရာတို့ကား ငြိမ်းချမ်းရေးအတွက် ၀တ်ပြုဆုတောင်း၍ ဓမ္မတေးများအား ရွတ်ဆိုကြ၏။
အမေရိကန်သမ္မတကြီးတစ်ဦးကမူ …..`ငြိမ်းချမ်းရေးအတွက် ကျနော်တို့စစ်ခင်းနေကြရတာပါ´ဟု ဆိုသည်။ စစ်နှင့်ငြိမ်းချမ်းရေး ……။
၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ၌ Mizzima တွင်ဖော်ပြခဲ့သည်။

မျိုးချစ်တပ်မတော်၏အစဉ်အလာ ……
(ရွှေအိမ်စည်)
(က)
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်သားတွေအတွက် “စစ်သည်တော်ကျင့်ဝတ်” ဆိုတဲ့ လက်ဆွဲစာအုပ်ငယ်လေးကို ၁၉၉၂ခုနှစ် အောက်တိုဘာလ(၁)ရက် နေ့က ထုတ်ဝေခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ)ရဲ့ ညွှန်ကြားချက်အရ ထုတ်ဝေတာလို့လဲ လက်စွဲစာအုပ်ရဲ့ မျက်နှာဖုံးမှာ ရေးသားထားပါတယ်။ ဖြန့်ဝေတာကတော့ …..စစ်သည်တော်အားလုံး (တပ်မတော်သားအားလုံး) ကိုဖြန့်ဝေပါတယ်။ အဲ့ဒီမှာ ….. စစ်သည်တော် (တပ်မတော်သား) ဆိုရာမှာလည်း ဗိုလ်ချုပ်မှူးကြီးကစလို့ တပ်သားအဆင့်ထိ အကျုံးဝင်တာလို့ ဖွင့်ဆိုထားပါတယ်။
စာအုပ်ရဲ့ စာမျက်နှာ (၃)မှာ ……“ တပ်မတော်၏အစဉ်အလာ” ဆိုပြီး…..ခေါင်းစဉ်ငယ်တစ်ခုနဲ့ တပ်မတော်ရဲ့ အစဉ်အလာ (၁၂)ရပ် ကို ဖော်ပြထားပါတယ်။ ပြီးတော့ …..ဒီအစဉ်အလာ (၁၂)ရပ်ကို စောင့်ထိန်းဖို့လည်း ဆိုထားပါတယ်။ အစဉ်အလာ (၁၂)ရပ်ထဲက ပထမဆုံး အချက်က “ မျိုးချစ်တပ်မတော်ဖြစ်သည်” ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီတော့ ….. မျိုးချစ်တပ်မတော်ရဲ့ အစဉ်အလာကို စောင့်ထိန်းပါလို့ နားလည်ရပါတယ်…….။ မျိုးချစ်တပ်မတော်ရဲ့ အစဉ်အလာကို စောင့်ထိန်းမှလဲ ဒီနေ့ တပ်မတော်ဟာ မျိုးချစ်တပ်မတော်ဖြစ်သည် …..ဆိုတဲ့ အင်္ဂါရပ် နဲ့ ပြည့်စုံမှာပါ။
ဒီတော့ ……မျိုးချစ်တပ်မတော်ရဲ့ သမိုင်းမှန်ကူကွက် အချို့ကို ပြန်ကြည့်ကြရအောင်ပါ။
(ခ)
၁၉၄၅ ခုနှစ် စက်တင်ဘာလ ပထမအပတ်မှာ သီရီလကာင်္နိုင်ငံ ကန္ဒီမြို့မှာ မြန်မာ့တပ်မတော်သစ်နဲ့ပါတ်သတ်လို့ စာချုပ် ချုပ်ဆိုခဲ့ကြတယ်။ ကန္ဒီစာချုပ်ပါ ……။ မြန်မာဖက်က ဗိုလ်ချုပ်အောင်ဆန်းလက်မှတ်ထိုးပြီး ဗြိတိသျှတို့ဘက်ကတော့ ဗိုလ်ချုပ်ကြီး လော့ဒ်လူဝီမောင့်ဘတ်တန် လက်မှတ်ထိုးခဲ့တယ်။ စာချုပ်အရ…..မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းပြီး ၊ စစ်အင်အား ၅၂၀၀နဲ့ ဗြိတိသျှဘားမားရိုင်ဖယ်တပ်တွင် ပူးပေါင်း၍ တပ်မတော်အသစ်အား ဖွဲ့စည်းသွားရန် ဖြစ်ပါတယ်။
တပ်မတော်သစ်တွင် ပါဝင်ကြမယ့် မျိုးချစ်ဗမာ့တပ်မတော်က အရာရှိတပ်မှူးတွေကို အင်္ဂလိပ်တပ်က စစ်ပညာသင်တန်း ပြန်ပို့ချပါတယ်။ တပ်ရင်း(၄)က တပ်မှူးတွေကို ပြည်မြို့မှာ သင်တန်းပေးတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်မှူးချုပ် အောင်ကြီးတို့ တတ်ကြရပါတယ်။ တပ်ရင်း(၅)က တပ်မှူးတွေကိုတော့ ပျဉ်းမနားတွင် သင်တန်းပေးပါတယ်။ ဗိုလ်မှူးကြီးဇေယျတို့ ဗိုလ်မှူးကြီးကြည်မောင်တို့ တတ်ကြရပါတယ်။ မိတ္တီလာမှာဖွင့်တဲ့သင်တန်းကိုတော့ အမြောက်တပ်နဲ့အခြားတပ်က တပ်မှူးတွေ တတ်ကြရပါတယ်။ ဗိုလ်မှူးချုပ် အောင်ရွှေ၊ ဗိုလ်ချုပ်ကြီးတင်ဦးတို့ တတ်ကြရပါတယ်။ ဘားမားရိုင်ဖယ်တပ်ရင်း(၃) တပ်မှူးတွေရဲ့ သင်တန်းကိုတော့  သန်လျင်မှာဖွင့်ပါတယ်။ အဲဒီမှာ ဗိုလ်မှူးချုပ်ကျော်ဇော ၊ ဗိုလ်ချုပ်ကြီးစန်းယု၊ ဗိုလ်မှူးကြီး စိန်မြ၊ ဗိုလ်မှူးကြီး တင်မောင် (စာရေးဆရာ မြတ်ထန်) တို့ တတ်ကြရပါတယ်။ တပ်ရင်း(၃)သင်တန်းသား အားလုံးစုစုပေါင်း ၂၈-ယောက်ရှိပါတယ်။ အခြေခံစစ်ရေးပြ “လက်(ဖ)ရိုက်”..... “လက်(ဖ)ရိုက်” က စသင်ကြရပါတယ်။ ပြီးတော့ ….“ တပ်အုပ်ချုပ်မှုနဲ့ စစ်တပ်ဥပဒေ” ဘာသာရပ်တို့ကိုလည်း သင်ကြရပါတယ်။
တနေ့…..။
စစ်တပ်ဥပဒေဘာသာရပ်ကို သင်နေပါတယ်။
လူစုလူဝေးဆန္ဒပြမှုအား ဖြိုခွဲခြင်းအကြောင်းပါ။
လူစုလူဝေးဖြိုခွဲရာမှာ “ပြည်သူ့ရဲ” တို့နဲ့ မဖြေရှင်းနိုင်ပါက နယ်ဖက်အုပ်ချုပ်ပိုင်းမှ စစ်တပ်ကို အကူအညီတောင်းခံရပါတယ်။ အဲဒီအခါမှာ စစ်တပ်ဟာ လိုအပ်ရုံအင်အားနဲ့ လူစုလူဝေးကို ရင်ဆိုင်ရပါတယ်။ ပြီးတော့ …..တပ်ကိုအုပ်ချုပ်တဲ့ စစ်ဗိုလ်အရာရှိဟာ သက်ဆိုင်ရာ ခရိုင်တရားသူကြီးတစ်ဦးကိုလည်း သူ့အနားမှာ ခေါ်ထားရပါတယ်။ လူစုလူဝေးအား ပစ်ခတ်ဖို့ လိုအပ်ပါက ပစ်ခတ်နိုင်ရန် ပစ်ခတ်ခွင့်အမိန့်စာကို တရားသူကြီးထံမှ ရယူရပါတယ်။ ပြီးတော့ တပ်မှူးက လူစုလူဝေးရဲ့ အရှေ့မှာ မျဉ်းသားပြီး မျဉ်းကို ကျော်မလာဖို့ အကြိမ်ကြိမ် သတိပေးရပါတယ်။ အဲဒီလို သတိပေးရင်းနဲ့မှ လူစုလူဝေးဟာ မျဉ်းကို ကျော်လွန်လာလျှင် တပ်မှူးက တရားသူကြီးရဲ့ ပစ်ခတ်ခွင့်အမိန့်စာအရ ဆန္ဒပြသူတို့ရဲ့ ခေါင်းဆောင်လို့ ယူဆရသူ ……ဒါမှမဟုတ် တပ်ဦးက အလံကိုင်လာတဲ့လူကို တိတိကျကျ ညွှန်ပြပြီး တပ်သားကို ရိုင်ဖယ်သေနတ်နဲ့ ကျည်ဘယ်တောင့်ပစ်ပါဆိုပြီး ပစ်မိန့်ပေးရပါတယ်……။
ဒါက…..လူစုလူဝေးဖြိုခွင်းခြင်းဆိုင်ရာ စစ်တပ်ရဲ့ ဥပဒေဘာသာရပ်ရဲ့ သင်ကြားချက်ပါ။
သင်တန်းဆရာက ဘာသာရပ်ဆိုင်ရာ သဘောတရားကို ပို့ချပြီးတဲ့နောက် သင်တန်းသားတွေကိုကြည့်ပြီး လက်ချာဆက်ပေးပါတယ်။
“……ဟောဟိုလမ်းမကြီးပေါ်မှာ လူထုကြီးအလံတွေ ကိုင်လို့ ပါးစပ်ကလည်း အစိုးရကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေအော်လို့ ချီတတ်လာနေကြတယ်……ခင်ဗျားတို့ ဘာလုပ်မလဲ……”
သင်တန်းဆရာက သင်တန်းသားဗမာ့မျိုးချစ်တပ်မတော်သား တပ်မှူးတွေကို မေးပါတယ်။
“………. ရှေ့ကို တတ်မလာပါနဲ့ လို့ သတိပေးမယ်”
သင်တန်းသားတပ်မှူးများက ဖြေကြတယ်။
“……ဟုတ်ပြီး……ကဲဗျာ တားလို့မရဘူး။ ရှေ့ဆက်တတ်လာကြပြီဆိုပါတော့ ခင်ဗျားတို့ ဘာဆက်လုပ်မလဲ”
သင်တန်းသားအားလုံး ဗမာ့မျိုးချစ်တပ်မတော်သား တပ်မှူးများအားလုံး ချက်ချင်းအဖြေမပေးနိုင်။ သူတို့အားလုံး၏အမြင်အာရုံတွင် ….. ဖဆပလအဖွဲ့ဝင်သခင်များနှင့်ပြည်သူလူထုကြီး …..။
“…..လွတ်လပ်ရေးချက်ချင်းပေး ”
“…..သူပုန်၊ သူပုန် ထ ထ…..”
ကြွေးကြော်သံများအား ဟစ်ကြွေးနေတဲ့ လူထုကြီးနဲ့ အနီခံကြယ်ဖြူတစ်ပွင့်အလံနီကြီးများ ……ခွပ်ဒေါင်းအလံများ ၀င့်၍၀င့်၍ ချီတတ်လာနေကြတဲ့ မြင်ကွင်းတွေကို သင်တန်းသားအားလုံး မြင်ယောင်နေကြတယ်။ သင်တန်းသားအားလုံးဟာ ငြိမ်သက်နေတယ်။ အဖြေမပေးနိုင်ကြသေး။ သင်တန်းဆရာက ထပ်မေးတယ်။
“….ကဲဗျာ …… ရှေ့ဆုံးက ချီတတ်လာတာက ဦးအောင်ဆန်း(ဗိုလ်ချုပ်အောင်ဆန်း) ဗျာ….။ သတိပေးလို့လဲမရဘူး……။ ဆက်ပြီးချီတတ်လာပြီ ခင်ဗျားတို့ ဘာလုပ်မလဲ ……။ ပစ်မလား။ မပစ်ဘူးလား ……“
“မပစ်ဘူး…..”
သင်တန်းသား ဗမာ့မျိုးချစ်တပ်မတော် ရဲ့တပ်မှူးတွေအားလုံးက အဖြေပေးလိုက်ကြတယ်။
ဤတွင် ကျနော်နားလည်လိုက်မိတယ်။
“ငါတို့သည် ……နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည် ” ဆိုတဲ့တပ်မတော်သားတို့ရဲ့ နေ့စဉ် ရွှတ်ဆိုရသည့် သစ္စာအဓိဌာန်အား …….။
သို့သော် …… ယခု တပ်မတော်က …….။
ထားတော့ …..။
အဲ့ဒီတုန်းက သင်တန်းမှာ တတ်နေခဲ့ကြတဲ့ တပ်မှူးတွေဟာ ရဲဘော်သုံးကျိပ်ဝင်တွေပါတယ်။ ပြီးတော့ ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော် စတဲ့ တပ်မတော်တွေမှာ တာဝန်ထမ်းခဲ့ပြီး လွတ်လပ်ရေးအတွက် အသက်စွန့် တိုက်ပွဲဝင်ခဲ့ကြတဲ့သူတွေဖြစ်တယ်။ ဆိုရရင်တော့ ဒီနေ့တပ်မတော်ကြီးရဲ့ သန္ဓေသားတွေ….။ ဒီနေ့တပ်မတော်ကြီးရဲ့ ပထမမျိုးဆက်တပ်မှူးကြီးတွေ …….။ တင်ပြခဲ့တဲ့ အဖြစ်အပျက်ကိုကြည့်မယ်ဆိုရင် သူတို့တွေရဲ့ စဉ်းစားချက် ၊ ရပ်တည်ချက်၊ တွေးခေါ်ချက်နဲ့ လုပ်ဟန်တွေဟာ မျိုးချစ်တပ်မတော်ရဲ့ရပ်တည်ချက်နဲ့ လုပ်ဟန်တွေ ဖြစ်ခဲ့တယ်။ ဒါတွေဟာ မျိုးချစ်တပ်မတော်ရဲ့အစဉ်အလာကောင်းတွေပါ။ ဒီလိုအစဉ်အလာကောင်းတွေကို ဒီနေ့တပ်မတော်ကြီးဟာာ စောင့်ထိန်းထားနိုင်ကြသေးရဲ့လား။ မေးစရာတွေ ဖြစ်နေပါပြီ။ ဒါဟာ …..ဒီနေ့တပ်မတော်သားတိုင်း ဆန်းစစ်ကြည့်ကြဖို့ လိုသလို တစ်ဦးချင်းအဖြေပေးကြရမှာလည်း ဖြစ်တယ်။
အညွှန်း - ဗိုလ်မှူးကြီးတင်မောင်၏ “တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်” စာမျက်နှာ (၁၃-၃၂)မှ
၂၀၀၈ခုနှစ် ဖေဖော်ဝါရီလ၌ Mizzima တွင် ဖော်ပြခဲ့သည်။

Subscribe to:
Posts (Atom)