Thursday, April 9, 2009

စားပွဲ

(ရွှေအိမ်စည်)

(က)
ကျနော်တွင် စားပွဲတစ်လုံးရှိသည်။ ကျနော့်ထံတွင်ရှိသော စားပွဲက ........သစ်သားစားပွဲ။ လေးထောင့်စပ်စပ် ......။ စားပွဲအခြေက ပုပု ...။ ကြမ်းပြင်တွင်ထိုင်ပြီး အသုံးပြုရသည်။ ကုလားထိုင်မလို ...။ အိမ်တွင်ရှိသော သစ်သားအတိုအပိုင်းအစများနှင့် ကျနော်ကိုယ်တိုင်ပြုလုပ်ထားသော စားပွဲဖြစ်သည်။ ကျနော့်ကဲ့သို့ပင် အခြားသူများထံတွင်လည်း စားပွဲများ၇ှိကြပေလိမ့်မည်။ လူအမျိုးမျိုးသည် စားပွဲအမျိုးမျိုးအား ပိုင်ဆိုင်ကြပါလိမ့်မည်။ ကျနော် ..... စားပွဲအမျိုးမျိုးအား တွေ့ဖူး၏။ အလူမီယံနှင့်ပြုလုပ်ထားသော စားပွဲ..။ သံနှင့်ပြုလုပ်ထားသော စားပွဲ...။ သစ်သားနှင့်ပြုလုပ်ထားသောစားပွဲ...။ ကျောက်ဖြူသားနှင့်ပြုလုပ်ထားသောစားပွဲ .....။ အမျိုးမျိုးပင် ...။ အချို့စားပွဲက ပုပု .....။ ကြမ်းခင်းတွင်ပင် ထိုင်၍အသုံးပြုရန် ။ အချို့က ကုလားထိုင်နှင့်ယှဉ်တွဲ၍အသုံးပြုရသည့် စားပွဲအရှည်မျိုး။ စားပွဲမျက်နှာပြင် ပုသဏ္ဍာန်များမှာလည်းမတူ....။ အချို့က လေးထောင့်စပ်စပ် စတုရန်းပုံသဏ္ဍာန်....။ အချို့က စတုဂံ.....။ အချို့က အ၀ိုင်း ...။ အချို့က ဘဲဥပုံသဏ္ဍာန်.....။
အလူမီနီယံစားပွဲ၊ ကျောက်ဖြူသားနှင့်ပြုလုပ်ထားသည့်စားပွဲ.....။ မဟောဂနီရောင် စားပွဲ.....။ အကွက် အကွက်နှင့်ပေါလစ်ပြောင်ပြောင် တောက်ပနေသော ကျွန်သားစားပွဲ .....။ ကနုတ်ကမာ ဒီဇိုင်းအမျိုးမျိုးနှင့် ဆင်ယင်ထားမည်။ ထိုစားပွဲတို့က ခန်းဆောင်နီနှင့် မှန်နန်းဆောင်များအတွင်းရှိကြမည်။

(ခ)
ဆရာချစ်ဦးညိုတွင်လည်း စားပွဲတစ်လုံးရှိသည်။ သူ၏အ၀ိဥာဏကများမှတစ်ခု ....။ ဆရာချစ်ဦးညို၏စားပွဲက အလျား ၃ -ပေ ၊ အနံ ၂-ပေရှိသည်။ အံဆွဲလေးတစ်ခုပါသည်။ အံဆွဲလက်ကိုင် ကြေးခုံး ခုံးလေးမှာ ပြည့်ပြည့်ဖောင်းဖောင်းမဟုတ်တော့ ....။ ချိုင့်၍ပင်ဝင်နေပြီ။ မျက်နှာပြင် သစ်သားအခင်း၌ အစင်းအရာများ၊အညိုအမဲအကွက်များနှင့်......။ ဆရာချစ်ဦးညိုက သူ့စားပွဲလေးအား သူ့အဖွား မူလတန်းကျောင်းအုပ်ဆရာမကြီးထံမှ ရခဲ့သည်ဟု ဆိုသည်။ ဤစားပွဲပေါ်မှပင် ဆရာချစ်ဦးညိုသည် သူ့၏ပထမဦးဆုံး သမိုင်းနောက်ခံ မြန်မာဝတ္တုရှည် ..... “သုဝဏ္ဍဘုမ္မိငရဲ သုဝဏ္ဍဘုမ္မိနိဗ္ဖာန်” အားမွေးဖွားခဲ့၏။
အခန်းထောင့်စာအုပ်စင်ထိပ်၌ကား မဟာမှိုင်း၏ရုပ်ထု....၊ သူ့ဘေး၌ ပုဂံယွန်းပန်းချီ ....၊ စန္ဒရားပေါ်၌ကား ရောမအချစ်နတ်သမီး၏ ကိုယ်လုံးတီးရုပ်တုအဖြူသည် ပန်းစိုက်ဖန်အိုးဘေးတွင်ရပ်လျက် .....။ရှမ်းပြည်ရှုခင်းပန်းချီကားဘေးတွင်မူ ဇော်ဂျီရုပ် ၊ ၀န်ကြီးရုပ်၊ ကျားရုပ်၊ မင်းသမီးရုပ်များက တွဲလောင် .....။ အလယ်တွင်မူ စားပွဲတစ်လုံး ၊ စားပွဲပေါ်၌ကား စာအုပ်များနှင့်ပြန့်ကျဲလျက်။ စားပွဲ၏အောက်တွင်လည်း စာအုပ်ပုံများပင် .....။ စားပွဲထောင့် ရွှံဖြုအ၀ိုင်းထဲမှ ဂေါ်ဂီ၏ရွှေရောင်ရုပ်ပုံလွှာ ....။
ဤစားပွဲကား ဆရာဒဂုန်တာရာ၏စားပွဲ။ ဆရာသည် ဤစားပွဲမှ “တာရာ” ကို ထွန်းညှိခဲ့၏။ တာရာမှ ညှိထွန်းလိုက်သည့် စာပေသစ်ရောင်လျံက တောက်ပ၍၀င်းလက်ခဲ့၏။ စာပေသစ်သည်က အလုပ်သမား ၊ လယ်သမား တိုးတတ်သော ပညာရှင်များ၏တော်လှန်သော စာပေဖြစ်သည်။ ချက်နိုင်ငံ ပရက်စ်မြို့မှ ထုတ်ဝေသော သိပ္ဖံအကယ်ဒမီစာစောင်တွင် “ သက်တမ်းတိုသော တာရာ၊ စာပေမဂ္ဂဇင်း၊ နိုင်ငံ၏အကောင်းဆုံးသော အင်အားစုများကို စည်းရုံးညီညွှတ်ရန် ရည်ရွယ်ထားသည်” ဟူသော မှတ်ချက်အား ဖတ်ရဖူးသည်။
ဤစားပွဲမှပင် ဆရာတာရာသည် .....
“ မိုးကုတ်ကုတ်ဝယ် ၊ အို ရုတ်တရက်
မျဉ်းဖြူစက်၍ ၊ ကွဲအပ်ကြောင်းရာ
ဟ ဟ လာသည်။
မိုးပြာကိုဖြတ် ပတ္တမြားရည်
စီးလည် အဟုန် ၊ နီမြန်းကုန်သည်
အာရုံပေါ်စ ၀ိုးတ၀ါး။”
ကဗျာများအား အံထုတ်၏။
ပါရီတွင် နေစဉ်ရက်များအတွင်း၌ ပါမောက္ခ ကားမတ်လ်တွင်လည်း စားပွဲတစ်လုံးရှိခဲ့သည်။ မဟောဂနီရောင် တောက်ပသောစားပွဲတော့ ဟုတ်ဟန်မတူ .....။ စားပွဲပေါ်၌ကား “ ဟေဂယ်” ၏ ကျမ်းများရှိမည်။ ဤစားပွဲတွင်ပင် သူ့မိတ်ဆွေ “ အိန်ဂျယ်လ်” နှင့် စကားတွေပြောခဲ့မည်၊ ဆွေးနွေးကြမည်။ အကျိုး..... ၊ အကြောင်း....၊ သမူဟ။
“နိုင်ငံများ၏ဓနနှင့်အရင်း” ဟူသော ကျမ်းအား ဤစားပွဲပေါ်တွင်ပင် ပါမောက္ခကားမတ်လ် ပြုစုခဲ့သည်။ ဤကျမ်းက ...... အပြိုပြိုအကွဲကွဲသော နိုင်ငံလေးများအား စုစည်း၍ ဆိုဗီယက်ပြည်ထောင်စုကြီးအဖြစ် နှစ်ပေါင်း ၇၀- တည်တံ့နိုင်ခဲ့သည်။ ဆင်းရဲငတ်မွတ်သည့် တရုတ်လူမျိုးတို့အား ကြွယ်ဝစေခဲ့သည်။

(ဂ)
ကရင်မလင်၏ ခန်းဆောင်နီအတွင်း မဟောဂနီရောင် စားပွဲရှည်ကြီးရှိသည်။ စားပွဲ၏ တစ်ဖက်တွင် ခေါင်းဆောင်ကြီး စတာလင်ထိုင်နေ၏။ တဖက်တွင်ကား ၀န်ကြီးချုပ်ချာချီ ....။ လက်ထဲတွင် ဗော်လဂါ အရက်ခွက်များ ....။ မရှေ့မနှောင်းပင် ..... ဘာလင်မြို့ နာဇီဌာနချုပ် ခေါင်းဆောင်ကြီး အဒေါ့ဟစ်တလာ၏ ရုံးခန်းအတွင်း အလူမီယံ စားပွဲရှည်ကြီး အပေါ်၌ ဥရောပမြေပုံကားချပ်ကြီးအား ခင်းထား၏။ စားပွဲထိပ်တွင် ခေါင်းဆောင်ကြီး အဒေါ့ဟစ်တလာသည် ထိုင်နေ၏။ သူ့၏အရှေ့ စားပွဲ၏တစ်ဖက်တွင်ကား မာတင်ဘောမာန်၊ အိုင်ခမန်နှင့် ဂိုလ်ဘဲတို့ မတ်မတ်ရပ်နေကြသည်။ ဟစ်တလာ၏လက်မှ မှင်တံအနီသည် မြေပုံကားချပ်ကြီးအပေါ်၌ အ၀ိုင်းများ ကြက်ခြေခတ်များ ..... မှတ်သား၍နေသည်။ ဂျာမနီမှ ထိုးစစ်ဆင်မည့်နေရာများ။ အမှတ်အသားများက များ၍ များ၍လာသည်။
ဗော်လဂါ အရက်ခွက်များသည်လည်း ..... တစ်ခွက်ပြီး တစ်ခွက်များ၍ များ၍ လာသည်။ ချာချီသည် နုတ်သွက်၍လာပြီ။ စတာလင်က ရွှင်မြူး၍နေပြီ။ ချာချီ၏တင်ပြတောင်းဆိုမှုအား စတာလင်သဘောတူလိုက်၏။ ဆိုဗီယက်တပ်များက အရှေ့ဥရောပစစ်မျက်နှာတွင် ဂျာမန်တို့အား ခုခံပေးမည်။ မဟော်ဂနီရောင် စားပွဲပေါ်၌က ဗော်လဂါ အရက်ခွက်များ ငြိမ်သက်လျက် .....။

(ဃ)
အမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းနေအိမ်အတွင်း ကျွန်းစားပွဲကြီးရှိသည်။ စားပွဲက ပေါလစ်ရောင်မတောက်ပ။ ပြောင်ပြောင်လက်လက်မဟုတ်။ သို့သော် သန့်ရှင်း၏။

(င)
ကျနော့်တွင် စားပွဲတစ်လုံးရှိသည်။ ကျနော်ကိုယ်တိုင်လုပ်ထားးသည့်စားပွဲ....။ ကျနော်၏စားပွဲက နံနက်စာနှင့် ညနေစာ စားသောက်သည့်အခါတွင် ..... ထမင်းစားစာပွဲအဖြစ်သုံးသည်။ ညပိုင်း ကျနော့်သားနှင့်သမီးတို့အား ကျနော့်ဇနီးမှ စာသင်ပေးသည့်အခါတွင်မူ ထိုစားပွဲသည် စာသင်စားပွဲ.....။ ဤမျှသာ .....။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံတွင်လည်း စားပွဲတစ်လုံးရှိစေချင်သည်။ အလူမီယံစားပွဲဖြစ်ဖြစ်၊ မဟော်ဂနီစားပွဲဖြစ်ဖြစ် ...၊ ကျောက်ဖြူသားဖြင့် ပြုလုပ်ထားသော စားပွဲဖြစ်ဖြစ် ......။
မြေပုံကားချပ်အား ဖြန့်ခင်းရန်အတွက်တော့မဟုတ် ......။

၂၀၀၇ ခုနှစ် ၊ အောက်တိုဘာလ၌ခေတ်ပြိုင်ဝက်ဆိုဒ်တွင်ဖော်ပြခဲ့သည်။

No comments:

Post a Comment