Friday, April 10, 2009

“မယ်လဲထ ….”

(ရွှေအိမ်စည်)

(က)
“တုန်း….ကျီ”
”“တုန်း….ကျီ”
“တုန်း…..ကျီ”
နရီမှန်စွာ ထွက်ပေါ်နေသည့် အသံကြောင့် အိပ်နေရာမှ ကျနော်နိုးလာသည်။ အမှောင်ထုက လွှမ်းခြုံထားဆဲ….။ အသံသည် ကျနော်တို့ အိပ်နေသည့် တဲငယ်၏ခြေရင်းဖက်အောက်မှဖြစ်သည်။ ပထမမည်သည့်အသံဟူ၍မသိ….။ ရေနံဆီမီးခွက်၏အလင်းရောင်အား အသံကြားရသည့် နေရာဆီမှ တွေ့ရသည်။ တလက်လက်….။ မောင်းထောင်သံ…။
အိပ်နေရာမှထပြီး ကြောပိုးအိတ်အား လွယ်၍ တဲအိမ်ငယ်ပေါ်မှ ဆင်းသည်။ ၀ါးလှေကားကလက်ကိုင်မရှိသည့်အတွက် အမှောင်ထဲ၌ သတိထား၍ဆင်းရ၏။
တဲအိမ်၏အောက်သို့ရောက်သည်နှင့် ဗိုလ်အောင်နိုင်အား တွေ့ရ၏။ သူကား…ကျနော်တို့အားလုံး၏စစ်ကြောင်းမှူး….။ မောင်းထောင်းနေသည့်အမိုးအို (အမေအို)၏ အနီးတွင် ထိုင်၍ စကားပြောနေသည်။ မောင်းစဉ်၏ခြေနှင်းခုံတွင်မူ ကျနော်တို့ အဖွဲ့မှ ရဲဘော်တစ်ဦး ….။
ရဲဘော်သည် ခြေအားဖိ၍ နင်းလိုက်သည်နှင့် “ကျီ” ဟူ၍အသံမြည်၏။ အမိုးအို(အမေအို) သည် ဆုံထဲရှိ စပါးအား အပေါ်အောက်လှန်၏။ ပြီးလျှင် …. ရဲဘော်ငယ်သည် ဖိထားသည့်ခြေအား လွှတ်ချသည် ….။ “တုန်း”…။
“တုန်း….ကျီ” ဟူ၍ နရီမှန်စွာဖြင့် ရဲဘော်နှင့် အမေအို တို့ မောင်းဆုံထောင်း၍နေကြ၏။ ရောင်နီက မပြူသေး….။

(ခ)
ချဉ်မောင်ဖာလာတောများအတွင်း လူသွားလမ်းငယ်မှ လျှောက်ကြရ၏။ ၀ဲ…ဘေးယာသို့လည်း မတိမ်းစောင်းရဲ….။ မြေမြုပ်မှိုင်းများက နှစ်ဘက်လုံးမှ ထောင်ကြသည်။ စွန့်ပစ်မှိုင်း….။
ကျနော်တို့သွားနေသည်က တောင်ကြောအတွင်းမှ ကွေ့၍ ….။ ပတ်၍ ကြောင်လိမ်လှေကားသဏ္ဍာန်မဲညောခီးတောင်တန်းများအား ရစ်၍ သွားနေသည်။ တရံတခါ …..“ခွေးအိပ်တောင်”အား တွေ့ရ၏။ တခါတရံသံလွင်မြစ်အတွင်းမှ စက်လှေသံများအား ကြားရ၏။ မသဲကွဲ…..။
သံလွင်ကစုန်၍ဆင်းလာ၏။ ကျနော်တို့က ဆန်၍တတ်၏။ ခွေးအိပ်တောင်က ကျနော်တို့၏ အနောက်မြောက်အရပ်၌ ….။ မြူများတိမ်ခိုများအကြားမှ ခွေးအိပ်တောင်သည် ခေါင်းပြူ၍ ထွက်နေ၏။ ချဉ်ပေါင်ဖာလာရွက်ဖျား၌ နှင်းဥတို့သည် တွဲလွဲခို၍ နေကြရာမှ တစ်စက်….တစ်စက်….သွန်ချ၍နေသည်။ ချဉ်ပေါင်ဖာလာတောအတွင်း လူသွားလမ်းမှ မြောက်ဖက်သို့ ထောင်၍တတ်သည်။ အတတ်ဖြစ်သော်လည်း မတ်မတ်စောင့်စောင့်မဟုတ်….။ မော့၍ ….မော့၍ တဖြည်းဖြည်းမြှင့်တတ်သွားခြင်းမျိုးသာ ….။ ချဉ်ပေါင် ဖာလာတောဆုံးသည်နှင့် မြေသားလမ်းအားတွေ့ရ၏။ မြေသားအရောင်က နီညိုညို….။ လူသွားလမ်းထက်လည်းကျယ်၏။ သစ်ထုတ်လုပ်ရေးလမ်းလည်းမဟုတ်….။ ကျွဲ….နွား သွားသည့်လမ်းဖြစ်မည်။ ရွှေကျင်၊ဝေါမြို့များမှ ကျွဲ၊နွားကုန်သည်တို့ ဤလမ်းမှဖြတ်ပြီး မယ်လဲထ ဈေးတန်းတွင် ကျွဲ၊ နွား အရောင်းအ၀ယ်ပြုလုပ်ကြသည်။ ယခုမူ စစ်ပူသဖြင့်မည်သည့်ကုန်သည်မျှ အသွားအလာမရှိတော့ ….။
မြေနီလမ်းအတိုင်း ကျနော်တို့ မြောက်ဖက်သို့ တတ်ခဲ့၏။ သံလွင်က ကျနော်တို့၏ လယ်ယာဖက်…။ လက်ဝဲဖက်တွင်မူ “ခွေးအိပ်တောင်”…..။
နာရီဝက်ခန့်လျှောက်ခဲ့ပြီးနောက် …မဲပရွာအား ရောက်သည်။ အိမ်ခြေနှစ်ဆယ်မျှပင် ရှိမည့် တောင်ပေါ်ကရင်ရွာ…..။ ယခုတော့ လူမရှိသည့် ရွာပျက်….။ ထက်ပိုင်းပျက်နေသည့် အုန်းပင်များအား တွေ့ရ၏။ အိမ်တချို့မီးလောင်၍ ပြိုပျက်၍နေသည်။ အိမ်တိုင်များက ထင်းမီးသွေးခဲတုံးများအဖြစ် ပုံကျ၍နေသည်။ မပြိုပျက်သည့် အိမ်နံရံအချို့၌ ကျည်သင့်သည့်အရာများအား တွေ့ရသည်။ စပါးကျည်တစ်ခုသည် လက်နက်ကြီးကျည်သင့်၍ ပွင့်၍နေသည်။ စပါးစေ့အချို့က …..စပါးကျည်ပုတ်အောက်၌ ဖိတ်ကျ၍နေသည်။ စပါးကျည်ပုတ်အောက်၌ အစာစားနေသည့် တောင်ပေါ်ဝက်ငယ် နှစ်ကောင်သည် ကျနော်တို့အား မြင်ပြီး လန့်၍ပြေးထွက်သွားကြ၏။
လမ်းနှင့်စပါးကျည်အကြား “ကနစို” ပင်ရင်း၌ ကျည်ဆံခွံများအား ပုံလျက်တွေ့ရ၏။ “နာတိုး” အမျိုးအစားစက်လက်ကျည်ဆံခွံများဖြစ်မည်။ “နာတိုး” ကျည်ဆံခွန်က “BA-64” အမျိုးအစား ကျည်ဆံခွန်နှင့် ဆင်တူ၏။ ကျည်ဆံခွံ များအနီး တောစီး စစ်ဖိနပ်တစ်ရံအား တွေ့ရ၏။ ဖိနပ်က ….ခြေဖနှောက်နေရာ၌ ပွင့်ထွက်၍နေသည်။ ဖိနပ်အနီးရှိ မြက်ပင်တို့သည် ကွက်၍ခြောက်နေသည်။
ကျနော်တို့မှ လွဲ၍ ရွာအတွင်း၌ မည်သူမျှရှိဟန်မတူ ….။ တိတ်ဆိတ်၍နေသည်။ ငြိမ်သက်မှုက ခြောက်ခြားဖွယ်ရာ ….။ အုန်းလက်များအကြား ဖြတ်တိုက်သွားသည့်လေတိုးသံသည်ပင် ခြောက်ခြားဖွယ်ရာ ….။
မဲပရွာမှ ကျနော်တို့ ထွက်ခဲ့ကြ၏။ ရွာသည် ကျနော်တို့အား ငြိမ်သက်မှုနှင့်နှုတ်ဆက်၏။ တိတ်ဆိတ်ငြိမ်သက်မှုအတွင်း၌ အသံပေါင်းများစွာ၏အနက်အား ကြားရ၏။
ရွာအတွင်းမှ ဆရာနိုင်ဝင်းဆွေ၏လေညှင်းကလေး လာနေပြီ ကဗျာရွက်ဆိုသည့် အသံများအား ကြားရသည်ဟု ထင်မိ၏။
ချွေးတို့နှင့် ဆွဲနစ်နေ၍ ကြောပိုးအိပ်သည် ကြောပြင်နှင့် ကပ်၍နေသည်။ ကြောပိုးအိပ်အား “မ”၍ ပြင်ပိုးလိုက်သည်။
အရှေ့တွင် “မယ်လဲထ”….။ နာရီဝက်ခန့်လျှောက်လျှင် “မယ်လဲထ” သို့ရောက်ပြီ။

(ဂ)
မယ်လဲထချောင်းငယ်သည် အနောက်မြောက်မှ အရှေ့တောင်သို့စီး၍သံလွင်အတွင်းသို့ ၀င်၏။ ချောင်းအတွင်း ကျောက်တုံးကျောက်ဆိုင်များနှင့်ပြွတ်သိပ်၍နေသည်။ ချောင်းရေသည် တိမ်သ်ာလည်း ရေစီးကမူ ကြမ်း၏။ သံလွင်မြစ်နှင့် မယ်လဲထချောင်းဆုံရာ အရပ်၌ မယ်လဲထချောင်းအား မှေးတင်၍ မယ်လထဈေးတန်းအား တည်ထား၏။ မယ်လဲထဈေး၌ ကျွဲ ၊နွားဈေးကွက်ရှိ၏။ အ၀တ်အထည်လူသုံးကုန်ပစ္စည်း …။ အီလက်ထရောနစ်လျှပ်စစ်ပစ္စည်းမျိုးစုံ၊ ဆေးဝါး၊ စသည့်… ထိုင်းနိုင်ငံမှ ထွက်သည့် ကုန်စည်မျိုးစုံရောင်းသည့် ဆိုင်များရှိသည်။ ငွေကြေးလှဲလှယ်သည့် ဈေးကွက်လည်းရှိသည်။ ရွှေဆိုင်များလည်းရှိသည်။
ညဦးယံတွင် မယ်လဲထသည် လျှပ်စစ်မီးရောင်များနှင့်ဝင်းပ၍နေသည်။ သံလွင်မြစ်ယံမှ ဖြတ်တိုက်လာသည့်လေပြေနုအေးကြောင့် မယ်လဲထသည် အေးမြမြ….။
ဈေးတန်းအတွင်း စိုင်းထီးဆိုင်၏ သဘာဝရင်သွေးငယ် ….။ ခိုင်ထူး၏ အားလုံးကို ကျော်ဖြတ်ရမယ် ….။ ခင်ဝမ်း၏ ပန်းခရမ်းပြာ….။ မွန်းအောင်၏ ၀တ်မှုံ….။ တေးသံတို့က ချို၍လွင်နေကြမြဲ…..။
နံနက်ဆိုလျှင် …..ပဲပြုတ်နှင့်နံပြားစားချင်လား ….ရ၏။ ထိုင်းရိုးရာအစားအစာများ ….ရ၏။
ကျနော်… ဤသို့မယ်လဲထအားမြင်ထား၏။ သိထား၏။ ခြေလှမ်းတို့သည် ပို၍ သွက်လာသည်ဟု ထင်သည်။ မယ်လဲထချောင်းငယ်အတွင်းသို့ ဆင်းလိုက်၏။ တန်ခူးလဖြစ်၍ ချောင်းငယ်အတွင်းရေက တိမ်၍ နေသည်။ ရေစီးမှာလည်း မကြမ်း….။ ကျောက်တုံးများက ရေညှိများတတ်၍နေသည့်အတွက် ချောသည်။ ချောင်းငယ်အား ဖြတ်ကူးပြီး မြေကမ်းပါးပေါ်သို့ တတ်လိုက်၏။ ကမ်းပါးထပ်တွင် မယ်လဲထဈေးတန်း ….။ ကမ်းပါးထပ်မှ မယ်လဲထဈေးတန်းရှည်ကြီးအား ကြည့်၍ ကျနော်မှင်သက်မိ၏။ ခြေလှမ်းတို့သည် ရှေ့သို့ လှမ်း၍မရ….။ ကျနော့်အမြင်အာရုံအပေါ် သံသယ၀င်မိ၏။ ဟုတ်ရဲ့လား…။ မယ်လဲထဈေးတန်းကမီးလောင်ပြင်ဖြစ်၍နေပြီ…။ စစ်အုပ်စု၏ ဗုံးကျဲလေယာဉ်များ၏ ဒဏ်ကြောင့် ပြာပုံကြီးဖြစ်၍ နေပြီ…။ အလယ်လမ်းအူကြောင်းအား ခွ၍ တည်ထားကြသည့် မယ်လဲထဈေးတန်းက မီးသွေးခဲနှင့်ပြာပုံအတိ ….။
ကျနော်လမ်းအတိုင်းလျှောက်ခဲ့၏။ တစ်လှမ်းချင်း ….။ ဈေးတန်းကရှည်၏။ မီးသွေးခဲနှင့်ပြာပုံတန်းမှာလည်းရှည်၏။ သံလွင်နှင့်မယ်လဲထချောင်းငယ်ပေါင်းဆုံရာတွင် လမ်းသည် မြောက်ဖက်သို့ “အယ်” ပုံသဏ္ဍာန်ကွေ့၏။ ပြာပုံတန်းကြီးသည်လည်း ကွေ့၏။ ယခင်က ဤလမ်းကွေ့တွင် “ကမမောင်း” မှလာ၍ ဖွင့်သည့် “ခါလာကြီး” လက်ဖက်ရည်ဆိုင်ရှိသည်။ ပဲပလာတာရသည်။ အမဲစွပ်ပြုတ်ရသည်။ ပဲနံပြားရသည်။ လက်ဖက်ရည်က ကျနော်တို့အကြိုက် ပေါ့ကျ …။ထီးဆိုင်၏ သဘာဝရင်သွေးငယ်အား ဖွင့်သည်။ ကျနော်တို့ မယ်လဲထရောက်တိုင်းဤဆိုင်တွင် ထိုင်ဖြစ်၏။ ကျနော်တို့ ထိုင်ခဲ့သည့် စားပွဲနေရာအား ကြည့်မိသည်။ ကန့်လန့်ဖြတ်လဲကျနေသော မီးကြွမ်းထားသည့် မဓမတိုင်….။ မတတ်နိုင်။ ….ပြည်တွင်းစစ်က အရာရာအားမီးသင်္ဂြုလ်၍ ဖျက်ဆီးပစ်လိုက်ပြီ…။ လမ်းကွေ့အတိုင်း ဆက်လျှောက်ခဲ့၏။ သံလွင်သည်လမ်းနှင့်မျဉ်းပြိုင်ဖြစ်၍နေသည်။ ကမ်းပါးထက်လမ်းမပေါ်မှ သံလွင်အား ကြည့်မိသည်။ နီညိုညိုမြစ်ရေတို့သည် အရှိန်အဟုန်ပြင်းစွာနှင့်စီးဆင်းမြဲ….။
ကျနော့်အနီး လေညှင်းကလေးဖြတ်တိုက်တိုးဝှေ့နေသည်….။ လမ်းမအတိုင်းအစုန်အဆန်တိုးဝှေ့ဖြတ်တိုက်နေသည်။ ဟုတ်သည်….။ ဆရာနိုင်ဝင်းဆွေ၏ လေညှင်းကလေး ……။

၂၀၀၈ခုနှစ် ဧပြီလ (၂၄)ရက်နေ့၌ Mizzima တွင် ဖော်ပြခဲ့သည်။

No comments:

Post a Comment