Friday, April 10, 2009

ရေးချောင်းဝသို့…..

(ရွှေအိမ်စည်)

(က)
`စံခရဘူရီ` က ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းဘက်မှ မြို့ငယ်လေးဖြစ်သည်။ နယ်စပ်စည်း၏မြန်မာဖက်တွင်မူ `ဘုရားသုံးဆူ` ရှိသည်။ ဘုရားသုံးဆူက ၁၉၉၀အထိ လွတ်မြောက်နယ်မြေ ဒေသဖြစ်ခဲ့သည်။ ဟိုစဉ်က ဘုရားသုံးဆူတွင် မွန်ပြည်သစ်ပါတီရှိသည်။ KNU တပ်မဟာ (၆) ရှိသည်။ ပြီးလျှင် ….. ရှစ်လေးလုံးအရေးတော်ပုံကျောင်းသားတပ်ရင်းများရှိကြသည်။ ၁၉၉၀နောက်ပိုင်း ဘုရားသုံးဆူကျပြီးနောက် ….ဘုရားသုံးဆူအား စစ်အုပ်စုမှ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ တိုက်နယ်မြို့ငယ်လေးအဖြစ် သတ်မှတ်ခဲ့၏။
`စံခရဘူရီ` မြို့အ၀င်လမ်းက အခြားမြို့များနှင့်မတူ။မြို့အား ၀င်သည်နှင့် `စံခရဘူရီ`သည် ချိုင့်ဝှမ်းအတွင်းပြားပြားလေးဝပ်နေသည်အား မြင်ရသည်။ တောင်ထိပ်မှ ဆီး၍မြင်ရသော်မြို့…..။ မြို့ငယ်သည် `ထပ်ခနုံ` ရေကာတာကြီး၏ အနားသတ်ကဲ့သို့ ဖြစ်နေသည်။ မြို့အ၀င်တောင်ထိပ်မှ ကြည့်လျှင် …. ရေပြင်ကျယ်နှင့် မြို့ရွာအိမ်ငယ်တို့သည် ထိထိစပ်စပ် ရောရောထွေးထွေး….။ ကားသည် တောင်ပေါ်မှ တောင်အောက်သို့ ဝှေ့ကာ ၀ိုက်ကာ ဆင်း၍လာသည်။ တောင်အကွေ့တွင် စံခရဘူင်္ရီအား မမြင်တွေ့ရ….။ တောင်ကမ်းပါးရံကြီးသာ တွေ့ရ၏။ မကြာ….။ ကားသည် တစ်ဖက်သို့ကွေ့၍ ၊ ၀ိုက်၍ ဆင်းပြန်၏။ ဤတွင် ရေပြင်ကျယ်နှင့် စံခရဘူရီအား မြင်ရပြန်၏။ ကားသည် မတ်စောက်အကွေ့များမှ …..တဖြည်းဖြည်း ဆင်ခြေလျှောသို့ ….။ ထိုမှ မြေပြန့်…..။ မြေပြန့်လမ်းက ကျယ်သည်။ လမ်း၏တစ်ဖက်တွင် ရေပြင် ….တစ်ဖက်တွင်မူ တောင်ယာကုန်းများ….။ လမ်း၏ဘယ်ဘက်တွင် ပင်မလမ်းအား ဦးခိုက်ထားသည့် လမ်းမသွယ်အား တွေ့ရသည်။ ဆိုင်းပုဒ်ထောင်ထားသဖြင့် ….` ဘုရားသုံးဆူ သို့ ……` ….ဟူသည့်စာအား ဖတ်ရ၏။ ဤလမ်းမသွယ်က ဘုရားသုံးဆူသို့ သွားရာလမ်း….။ ကားသည် မြေပြန်လမ်းမကြီးအတိုင်း စံခရဘူရီမြို့သို့ ၀င်လာ၏။

(ခ)
စံခရဘူရီနှင့်ခလော့ခနီဒုက္ခသည်စခန်းက မော်တော်ကားလမ်းပေါက်သည်။ စံခရဘူရီမှ ဟွေ့မလှိုင်းရွာငယ်အထိကမူ ကတ္တရာခင်းလမ်းဖြစ်သည်။ ဟွေ့မလှိုင်း လွန်သည်နှင့် လမ်းက မြေနီလမ်း …..။ လမ်းကြမ်း၏။ `ဖိုးဝီး` များသာ သွားကြသည်။ ခလော့ခနီဒုက္ခသည်သို့ ရောက်ခါနီးတတ်ရသည့် တောင်က မြင့်သည်။ မတ်စောက်သည်။ ယှက်အားကောင်းသည့် ကားများမှ တတ်၍ရသည်။ ကျနော်တို့ စံခရဘူရီတွင် ကားပြောင်း၍ စီးကြသည်။ စံခရဘူရီနှင့်ခလော့ခနီက တစ်နာရီခရီးခန့်သာ ရှိ၍ ခလော့ခနီသို့ အရောက်သွား၍ ညအိပ်ရန် စီစဉ်လိုက်ကြ၏။ ခလော့ခနီဒုက္ခသည်စခန်းသို့ မရောက်မှီ ထိုင်း နယ်ခြားဂိတ်တစ်ခုအားတွေ့ရသည်။ ထိုင်းနယ်ခြားစောင့်တပ်လား….ထိုင်းပြည်သူ့စစ်လားဟူ၍ မခွဲခြားတတ် ပျောက်ကျားစစ်ယူနီဖောင်းများအား ၀တ်ထားကြ၏။ ဂိတ်စခန်း၏ ဘေးတွင်မူနယ်ခြားမှတ်တိုင် စိုက်ထား၏။ ဤနေရာတွင် နယ်ခြားစည်းက သဘာဝအတားအဆီးမရှိ …..။ထိုင်းနယ်ခြားစောင့်တပ်က ကျနော်တို့ ကားအား ခဏစစ်ဆေးပြီး သွားခွင့်ပြုလိုက်သည်။ ဂိတ်စခန်းအလွန်လမ်း၏ လက်ယာဖက်တွင်ဒုက္ခသည် အိမ်ငယ်များအား ကားလမ်းနှင့် ယှဉ်၍ ဆောက်ထားသည်ကိုတွေ့ရ၏။ ကရင်ဒုက္ခသည်များ …..။ ခလော့ခနီဒုက္ခသည်စခန်းမဟုတ်သေး….။ `သောပ` ဒုက္ခသည်စခန်းဖြစ်သည်။ အိမ်ခြေနည်းသည်။ ၁၉၉၇-၁၉၉၈ တွင်မှ အသစ်ထပ်ဖွင့်သည့် ဒုက္ခသည်စခန်းဖြစ်သည်။ `သောပ`ဒုက္ခသည် စခန်းလွန်သည်နှင့် ဆန်ဂိုဒေါင်ကြီး၂-လုံးအားတွေ့ရ၏။ဂိုဒေါင်များအလွန်လမ်း၏ လက်ဝဲဖက်တွင်မူ ….ခလော့ခနီဒုက္ခသည်စခန်း …..။ ခလော့ခနီဒုက္ခသည်စခန်းက တောင်ကြောနှစ်ခုအကြား လျှိုပြန့်ငယ်အတွင်း ဆောက်ထားသည့် ….ရွာတန်းရှည်ကြီးဖြစ်သည်။ ဒုက္ခသည်စခန်းတည်ထားသည်မှာ ကြာပြီဖြစ်၍ အခြေကျနေပြီ….။ လက်ဖက်ရည်ဆိုင်၊ ဗီဒီယိုရုံတို့နှင့် စည်းကား၏။ ဈေးဆိုင်များမှာလည်း မြန်မာပစ္စည်း၊ ထိုင်းပစ္စည်း အစုံရသည်။ ခလော့ခနီဒုက္ခသည်စခန်းက မိန်းလမ်းမကြီးတစ်ခုသာရှိသည်။ အိမ်များက လမ်းမကြီးအား ခွ၍… ညှပ်၍ ဆောက်ထားကြသည်။ အချို့က တောင်စောင်းတွင် မြေညှိ၍ ဆောက်ထားကြသည်။ ကျနော်တို့ စီးလာသောကားသည် ဒုက္ခသည်လမ်းမကြီးအတိုင်း ဖြေးဖြေးမှန်မှန်ပင် မောင်းလာ၏။ ကျနော်တို့တည်းမည့်နေရာက `ဘလက်ဒွန်ဖိုက်` တွင်ရှိသည့် မွန်ပြည်သစ်ပါတီ၏ မြို့နယ်ရုံးတွင်ဖြစ်သည်။ ခလော့ခနီနှင့်ဘလက်ဒွန်ဖိုက်က တဆက်တည်းပင်ဖြစ်သည်။ ဘလက်ဒွန်ဖိုက် က မြန်မာပြည်အတွင်းဖက်ပိုကျ၏။ ကျနော်တို့ ဘလက်ဒွန်ဖိုက်ရှိ မွန်ပြည်သစ်ပါတီ၏ မြို့နယ်ရုံးလေးသို့ ရောက်တော့ …..နေညိုပြီ။ တောင်ကြားချိုင့်ဝှမ်းအတွင်း ဖြစ်၍လားမသိ….။ နေညိုသည်နှင့် အေးစိမ့်မှုက သိပ့်သည်း၍လာသည်။ ရေပင်မချိုးနိုင်ကြတော့…..။ ကိုယ်လက်ဆေးကြောပြီး ညစားအား စားကြ၏။ ကျနော့်အဖို့ ….မျောက်ချီးခါးဟင်းအား ပထမဦးဆုံး စားဖူးခြင်းဖြစ်သည်။
ချီးခါးဆိုသော်လည်း သက်ရုံမျှသာ ….။ လက်ဖက်နံ့သင်းသင်းနှင့် မျောက်ချီးခါးဟင်းက …..အသားတစ်မျိုးမျိုးအား လက်ဖက်နှယ်၍ ချက်ထားသည်နှင့်ပင် တူတော့၏။
မနက်ဖြန်ဆက်ရမည့်ခရီးက ခြေလျှင်ခရီး….။ တောင်အတတ်အဆင်းရှိသည်။ ၃-ရက်ခန့်သွားရမည်ဟု ဆိုသည်။ ညနက်သည်နှင့် အအေးကစိမ့်၍ ပိုအေးလာသည်။


(ဂ)

တောင်က မြင့်မား၍မဟုတ်။ မတ်စောက်၍တတ်ရသည်မှာ ခက်ခဲ၏။ လမ်းက လူတစ် ကိုယ်စာ သွားသာရုံမျှသာ။ မိုးရွာထားသည့်အတွက် မြေလမ်းက ချော၍နေသည်။ လှေကား ထောင်တတ်ရသလို မတ်စောက်လွန်းလှသည်။ လမ်းဘေးရှိ ၀ါးပင်များအား လက်မလွှတ်ရဲ။ ဆွဲပြီးတတ်ရသည်။ ကျော၌ပိုးထားသော ကျောပိုးအိတ်၏အလေးချိန်ကြောင့် ပြန်၍လှန်မကျ သွားအောင် သတိထား၍တတ်နေရသည်။ မိုးက ဖွဲဖွဲရွာလာပြန်သည်။ မိုးစက်တို့က ချွေးတို့နှင့် ရော၍သွားသည်။ ကျောပိုးအိတ်နှင့်ကျောပြင်ထိနေသည့်နေရာ၌ ချွေးတို့သည် စိုရွှဲ၍ အေးစက်နေသည်။ စောင်ပါးတစ်ထည် ၊ ပုခတ်တစ်လုံး၊ အ၀တ်အစားအပိုနှစ်စုံ၊ ဆေးဝါး အချို့နှင့် စာအုပ်စာတမ်းအနည်းငယ်သာ ပါသော ကျောပိုအိတ်သည် ပခုံးပေါ်၌ လွယ်ထားရ သည်မှာ လေးလွန်းလှသည်ဟု ထင်ရသည်။ ပစ်ချလိုက်ချင်၏။ အသက်ရှုရသည်မှာ မ၀။ လေတွေ နည်းကုန်ပြီဟု ထင်မိသည်။ နှလုံးခုန်သံကို ကြားရသည်မှာ မီးရထားတစ်စီး ရင်ဘတ် ပေါ် ခုတ်မောင်းနေသလားဟု ထင်မိသည်။ အဆုတ်သည် ညှစ်ရလွန်း၍ ပေါက်ကွဲထွက် သွားမည်ကိုပင် စိုးရိမ်မိသည်။ ပါးစပ်ကို “ဟ“ ပြီး အသက်ရှုကြည့်၏။ နည်းနည်းသက်သာ သလို ထင်ရသည်။ ၀ါးရုံပင်အား ကိုင်ပြီး အနောက်အောက်ဖက်သို့ လှည့်ကြည့်တော့ ----- ဦးဗိုလ် (ဦးဗိုလ်သောင်း ၊ အန်အယ်လ်ဒီယင်းမားပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်) သည် ခါးစောင်းခန့်ရှိသော လမ်းဘေးရှိ သစ်ငုတ်တိုအား မှီပြီး ပါးစပ်ကို “ဟ“၍ အသက်ကိုရှုနေသည်။ ချွေးတို့က ရွှဲနစ်၍နေသည်။ ကျနော့်အား ခေါင်းခါပြ၏။ မလွယ်ဘူး ဆိုသည့်သဘော----။ ကျောပိုးအိတ်အား နည်းနည်း နေရာရွှေ့ပြင်ပြီး ဆက်တတ်၏။ လမ်းက ပို၍ချောလာသည်။ ခြေညှပ်ဖိနပ်ဖြင့် ခြေကုတ်မမြဲ။ ချောနေသည်။ ခြေညှပ်ဖိနပ်အားချွှတ်ပြီး လက်ကောက်ဝတ်တွင် စွတ်ထားလိုက်သည်။ ခြေမနှင့် မြေအား ကုတ်၍ ၊ ကုတ်၍ တတ်မှ တတ်၍ရသည်။ လက်ကလည်း လမ်းဘေးအပင်များအား လက်မလွှတ်ရဲ။ တစ်ပင်ပြီး တစ်ပင် ဆွဲပြီးတတ်ရသည်။ မလွယ် -----။ တောင်ကြောပေါ်သို့ ရောက်တော့ ကျနော်တို့တတ်ခဲ့သည့် လူသွားလမ်းသည် ကားလမ်းမကြီးနှင့်ပေါင်းသွားသည်။ ကားလမ်းမဆိုသော်လည်း ကျောက် ခင်းလမ်းမဟုတ်။ မြေမာလမ်းပင်ဖြစ်သည်။ စံခရဘူရီ၊ ခလော့ခနီ၊ ရေးကားလမ်းဖြစ်သည်။ မိုးအခါတွင် သုံးမရ။ နွေနှင့်ဆောင်းတွင်သာ အသုံးပြု၍ရသော ကားလမ်းဖြစ်သည်။ တောင် ကြောပေါ်မှ ကြည့်လျှင် ကျနော်တို့ မနက်ကထွက်ခဲ့သည့် `ဘလက်ဒွန်ဖိုက်`ရွာလေးအား တွေ့ရသည်။ ခလော့ခနီနှင့်ဘလက်ဒွန်ဖိုက် ဒုက္ခသည်စခန်းက တောင်ကြောနှစ်ခု၏အကြားတွင်တည်ထားသော ရွာတန်းရှည်ရွာများဖြစ်သည်။ သက်ကယ်မိုး သဲပွတ်ကာ သဲပွတ်ခင်း ဒုက္ခသည်အိမ်ကလေး များက ကားလမ်းအား ခွပြီး အစီအရီ ပြွတ်သိပ်၍ဆောက်ထားကြသည်။ အချို့က တောင် စောင်း မြေပြန့်ပြန့်တွင် ကပ်၍ဆောက်ထားကြသည်။ ဤနေရာတွင်မူ ထိုင်း-မြန်မာနယ်စပ်က ပထ၀ီသတ်မှတ်ချက်သိသိသာသာဖြင့် စည်းမခြားထား။ မြ၀တီ-မဲဆောက်ကဲ့သို့ သောင်းရင်း မြစ်က နယ်စမ်မျဉ်းအဖြစ် ရှိမနေ။ မြေကြောတစပ်တည်းဖြစ်နေသည်။ ခလော့ခနီဒုက္ခသည် စခန်း၏ အရှေ့တောင်ဖက်တွင်မူ တောင်တန်းညိုညိုစိမ်းစိမ်းများအား တွေ့ရသည်။ ထိုနေရာ တွင် ဘုရားသုံးးဆူရှိသည်။ ခလော့ခနီဒုက္ခစခန်းမှ လမ်းလျှောက်၍သွားလျှင် ဘုရားသုံးဆူ သည် နာရီဝက်ခရီးခန့်သာရှိမည်။ ယခင်က ဘုရားသုံးဆူသည် မွန်ပြည်သစ်ပါတီ ကရင့် အမျိုးသားအစည်းအရုံးနှင့် ကျောင်းသားတပ်မတော်တပ်ရင်းများ ခြေကုတ်ထိုင်ခဲ့သည့် နယ်စပ်စခန်းတစ်ခုဖြစ်ခဲ့သည်။ ၁၉၈၉ခုနှစ် သြဂုတ်လ (၈)ရက်နေ့တွင် (၈)လေးလုံး တစ်နှစ်ပြည့်အခမ်းအနားအား ဘုရားသုံးဆူစခန်း၌ ကျင်းပသည်။ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဆိတ်နို့ ကိုယ်တိုင်တတ်ရောက်ပြီး စကားပြောသည်။ စကားပြောစင်မြင့်ပေါ်မှာပင် စကားပြောရင်း နိုင်ဆိတ်နို့ နှလုံးသွေးကြောရပ်ပြီး ကွယ်လွန်ခဲ့၏။ မှတ်မှတ်ရရပင်။ ယခုမူ ဘုရားသုံးဆူစခန်းအား န၀တစစ်တပ်မှ သိမ်းယူထားခဲ့ပြီး မြို့နယ်တစ်ခုအဖြစ် နအဖ၏ စစ်အုပ်ချုပ်ရေးအောက်တွင် ရောက်၍နေလေပြီ။
ကျနော်တို့ ခဏနားပြီး ဆက်တတ်လာခဲ့ကြသည်။ လမ်းက ကားလမ်းဖြစ်၍လျှောက်ရသည်မှာ သက်သက်သာသာရှိသည်။ ဖိနပ်စီး၍ပြန်လျှောက်၍ရပြီ။ လမ်းကျယ်၍ မြေမာအားရွေး၍ ခြေချလို့ရသည်။ တတ်လျှင်လည်း ဖြေးဖြေးချင်း မော့၍တတ်သွားသည်။ ဆင်းလျှင်လည်း ဆင်ခြေလျော ----- ။ ပြေပြေပင် ---။ တောင်ပေါ်ကားလမ်းဖြစ်၍ တောင်အား ပတ်၍ဖောက်ထားသည်။ လမ်း၏ လက်ယာဖက်တွင်က တောင်ကမ်းပါးအား ဖြိုချထားသည့် မြေသားများအား တွေ့ရသည်။ အရောင်က နီညိုညို-----။ ၀ါးရုံကြီးများက ကြီးမားလှသည်။ ၀ါးပင်များက ရှည်လည်းရှည်သည်။ ပေ ၁၀၀-၁၅၀ ထိပင်ရှိမည်။ ကွေး၍ ညွှတ်နေကြသည်။ တစ်ရုံနှင့်တစ်ရုံ ယှက်ထိုး၍နေကြသည်။ လမ်း၏ လက်ဝဲဖက်တွင်မူ တောင်စောင်း ချောက်ကမ်းပါး -----။ ကမ်းပါးက နက်ရှိုင်းလှသည်။ စိမ်စိမ်းအုပ်အုပ် သစ်ပင်များနှင့် -----။ အဝေးတွင်မူ တောင်တန်းများက အထက်လိုက် ၊ အထက်လိုက် ----။ အချို့က စိမ်းညိုညို --- အချို့က ပြာလဲ့လဲ့----။ မြူလား မီးခိုလား မသိ။ အူထွက်၍နေသည်။ ဤတောင်တန်းများက တနင်္သာရီတောင်တန်းများလေလား။ မပြောတတ်။ အရှေ့မှ နွားအုပ်ကြီးတစ်အုပ် တတ်လာ သည်ကို တွေ့ရသည်။ နယ်စပ်ကိုဖြတ်ကျော်မည့်နွားများ။ နွားအကောင်ရေ ၅၀-ခန့်ရှိမည်။ နွားထီးများက အများစုဖြစ်သည်။ ရေးမှတတ်လာသော နွားများဖြစ်သည်။ အချို့နွားများက ခြေနာ၍ ထော့ကျိုးထော့ကျိုးနှင့် သွားနေကြသည်။ အချို့နွားက သွားရင်းနှင့် နွားထီးအချင်း ချင်းမိတ်လိုက်ဖို့ ကြိုးစားနေသေးသည်။ သားသတ်ရုံသို့ သွားနေရသော သူတို့၏ခရီးအား မသိကြ။ နွားမောင်းလာသည့် နွားကုန်သည်တစ်ဦးအား မေးကြည့်၏။
“ ချမ်းတိုက် ရွာနီးပြီလား “
ကျနော်တို့ ဒီည ချမ်းတိုက်တွင်ပင် ညအိပ်ကြမည်။ ချမ်းတိုက်ရောက်တော့ ညနေ ၆-နာရီ ခန့်ပင် ရှိမည်။ တစ်နေ့လုံးလျှောက်ထားရသည့်အတွက် ပေါင်တွေက တောင့်၍နေပြီး၊ ခြေသလုံးကြွက်သားများက တင်း၍နေသည်။ မိုင် ၃၀- ခရီးအား လျှောက်ခဲ့ရကြောင်း ခန္ဒာ ကိုယ်က သက်သေခံပြ၍နေသည်။

၂၀၀၈ခုနှစ် အောက်တိုဘာလ၌ မစ္ဇျိမတွင်ဖော်ပြခဲ့သည်။

No comments:

Post a Comment