Wednesday, April 8, 2009

စိမ်းမြမြ သစ်ရွက်တို့ ကြွေနေဆဲ…….

၂၀၀၀ ခုနှစ် မေလ (၉) ရက်…..။
ဆရာစံရပ်ကွက်။ဘီးလင်းမြို့…..။
ခရီးပန်း၍ပင်ဖြစ်မည်။ တကိုယ်လုံးလေးလံထိုင်းမှိုင်း၍နေ၏။ ကိုယ်လက်များကား ကိုက်ခဲ၍နေသည်။ စိတ်မှာလည်း မကြည်လင်….။ မှိုင်းဝေ၍နေသည်။သင်္ကြန်လွန်မိုးနှင့် မုန်သုန်မိုးဦးက စောစီးစွာပင်ချိတ်ဆက်မိ သွားကြပြီလားမသိ….။ လွန်ခဲ့သည့် (၃)ရက်ခန့် မြ၀တီမှ ထွက်ခဲ့ကတည်းမှ ရွာနေသည့်မိုးသည် အိမ်သို့ရောက် သည့်တိုင် …..မစဲသေး။ ရွာ၍ကောင်းတုန်းပင်။ မိုးသားပါသည့်မိုးကြောင့် တောင်ထန်းရွက်များကြားမှ မိုးရေစက်များက ယိုစီး၍ကျလျက်ရှိသည်။ ခေါင်မိုးမပြင်ရသေးပါလား….။ ‘မောင်’ ပြန်ရောက်မှပင်….။ ခေါင်မိုးအား ပြန်ပြင်မိုးရမည်။ မိုးယိုသည့်နေရာများကိုသာ ပြန်၍ပြင်မိုးတော့မည်။ တစ်အိမ်လုံးအား အသစ်ပြန်၍မမိုးနိုင်တော့…..။ တောင်ထန်း ဈေးကလဲ သင်္ကြန်မတိုင်မီကြို၍ ၀ယ်ထားမှဖြစ်သည်။ ယခုမှဝယှ်ုတော့……မဖြစ်။ ဈေးက ၂ဆမက ကြီးသွားပြီ။ ‘တစ်ဖီ’သောက်လိုက်သည့်အတွက် တကိုယ်လုံးကိုက်ခဲနေသည့် ဝေဒနာကမူ သက်သာ၍သွားပြီဟုထင်မိသည်။ စိတ်ထဲကမူ မပေါ့ပါး။ လေးလံထိုင်းမှိုင်း၍ မှုန်ဝေနေဆဲ…..။ တခုခုဖိထားသကဲ့သို့ ခံစားနေရသည်။ ‘မောင်’များ….တခုခုဖြစ်နေသလား…..။ မတွေးချင်သည့်အတွေးက ၀င်လာပြန်သည်။ မဖြစ်နိုင်…..။ မောင်းထုတ်ပစ်၏။ မရ…..‘ထင့်’ နေသည့်စိတ်ကြောင့် ပြန်၍၀င်လာပြန်သည်။ တစ်ခုခု…..။ မည်သို့မျှဖြစ်မလာနိုင်။ လင်မယားနှစ်ယောက်တည်း လုပ်ကိုင်ခဲ့သည့် အလုပ်ဖြစ်သည်။ သတင်းလုံခြုံမှုရှိသည်။ မြ၀တီမှ ဘီးလင်းအထိ ချောချောမွေ့မွေ့ရောက်ခဲ့ပြီးပြီ။ လုံခြုံရေးဂိတ်များက မြ၀တီနှင့် ကော့ကရိတ်အကြား ‘လှိုင်ဝ’ တွင်ရှိသည်။ သထုံအလွန် ‘နောင်ကုလား’ တွင်ရှိသည်။ ဘီးလင်းနှင့် ရန်ကုန်အကြားတွင် မရှိလှ။ လုံခြုံရေးဂိတ် (၂)ခုစလုံးအား ကျော်ဖြတ်ခဲ့ပြီးပြီ……။ မည်သို့မျှ မဖြစ်နိုင်တော့ …..။ လေးလံထိုင်းမှိုင်းနေသောစိတ်ကြောင့် ‘ထင့်’ နေသည်ကတော့ မပျောက်ပျက်သွား။ ဒီနေ့ ‘မောင်’ ပြန်လာမှာပါ။ ရင်ခွင်အတွင်းနို့ချိုစို့ရင်း အိပ်ပျော်နေသည့် သမီးငယ်အား ငုံ့၍ကြည့်မိသည်။ပွေ့ချီ၍ထားသည့် လက်တစ်ဖက်က ထုံကျဉ်၍နေသည်။ ထုံကျဉ်နေသော လက်အား မလှုပ်ရှားရဲ။ သမီးငယ်နိုးသွားမည်ကို စိုးရိမ်နေမိသည်။ ခြံဝင်းတံခါးအား တွန်းဖွင့်၍၀င်လာသည့်အသံများကြောင့် ခြံဝသို့လှမ်းကြည့်မိသည်။ ‘မောင်’ များ ပြန်လာပြီလား….။ မဟုတ်…..။ တခုခုများ…..ဟူသည့်အတွေးက ၀င်လာသူများအား ကြည့်ရင်း ဖြစ်ပေါ်၍လာသည်။ အိမ်ပေါ်သို့တတ်လာကြသည်။ သမီးငယ်အား ရင်ခွင်ထဲတွင်ပွေ့ချီထားလျက်မှပင် သူတို့ကို ကြည့်၍နေမိသည်။ မလှုပ်ရှားမိ……။ မှင်တတ်မိ၍လား။ သမီးငယ်နိုးသွားမည်ကို စိုရိမ်း၍လား။ မသိ။ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်…..။ အားလုံးပေါင်း ငါးယောက်။ ရ-ယ-က ဥက္ကဌ ……။ ဆယ်အိမ်မှူး……။ ပြီးနောက် …..အရပ်ဝတ်နှင့်မသိသော သူစိမ်း(၃)ဦး။ သူတို့ စကားဆိုကြသည်။ တအိမ်လုံး သူတို့ရှာဖွေကြသည်။ သိလိုက်ပါပြီ ….။ သမီးအား ရင်ထဲသို့ နှစ်ဝင်သွားအောင် တင်းတင်းကျပ်ကျပ်ပွေ့ဖက်၍ထားမိသည်။ သမီးငယ်ကား နှစ်ခြိုက်စွာ အိပ်မောကြ၍နေဆဲ။ အပြစ်ကင်းစင်သည့် သမီး၏ မျက်နှာကို အားရအောင် ကြည့်နေမိသည်။ သိလိုက်ပါပြီ…..။

(ခ)
အကြိမ်ကြိမ်မေးနေသည်အား ထပ်ဖန်တလဲလဲဖြေနေရသည်။ မေးနေသည့်အသံများ ပြောင်း၍သွားကြသည်။ မေးခွန်းများကမူ မပြောင်းလဲ…..။ အပ်ကြောင်းထပ်သည့် မေးခွန်းများအတွက် အဖြေပေးနေရသည်မှာ စိတ်မွန်းကျပ်လှသည်။ အိမ်မှသူတို့လာခေါ်သည့်နောက်သို့ လိုက်ခဲ့ရပြီးသည်မှစ၍ မည်သည့်နေရာတွင် ရောက်နေသည်ဟူ၍ မသိရတော့ …..။ ကျမတို့မြို့ငယ်လေး၏ထောက်လှမ်းရေးအမှတ် (၅)တပ်ဆွယ်ရုံးသို့ ရောက်ခဲ့သည်ကိုသာ နောက်ဆုံးအသိဖြင့် မှတ်မိသည်။ ထိုနောက်တွင်မူ မသိရတော့ …..။ မျက်နှာအား အ၀တ်စီးပြီး သူတို့ခေါ်သည့် နောက်သို့သာလိုက်ခဲ့ရတော့သည်။ နာရီပေါင်းများစွာ ကားစီးခဲ့ရသည်။ ပြီးလျှင်…….ကားပေါ်မှ ဆင်းစေသည်။ မျက်နှာအားစီးထားသည့်အ၀တ်ကိုတော့ စီးထားဆဲပင် …..။ သူတို့တွဲခေါ်လာသည်။ အခန်းတစ်ခုဟု ထင်ရသည့် အတွင်းသို့ဝင်စေသည်။ ဤကုလားထိုင်တွင် ထိုင်စေ၏။ နာရီပေါင်းများစွာရှိ၏…..။ အချိန်သည်မည်မျှရှိမည်နည်း…..။ မသိနိုင်။ နေ့လား၊ညလား…..။ မသိနိုင်။ အစာမစားသောက်ရသည်မှာ…… နှစ်ညလား၊သုံးညလား….. မသိနိုင်။ အာခေါင်အတွင့်း ချောက်ကပ်၍နေပြီ……။ရေ…..။ ရေသောက်ချင်လှပါပြီ…..။ တရပ်စပ်မေးနေကြသည့် မေးခွန်းများကိုသာ ဖြေနေရသည်။ ခြိမ်းခြောက်သည်လည်း ရှိ၏။ အကြပ်ကိုင်သည်လည်း ရှိ၏။ ချော့မော့သည်လည်း ရှိ၏။
အခန်းအတွင်းသို့လူများဝင်လာကြသည်ကို ခြေသံများကြားရ၍ သိရသည်။ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်…..။သုံးယောက်ခန့်ရှိမည်။ ဘယ်သူတွေနည်း။ မသိနိုင်။ မေးခွန်းတွေမေးကြမည့်သူတွေပဲလား ….။ ကျမအနီးကုလားထိုင်တလုံးတွင် ၀င်လာသူများထဲမှ တစ်ယောက်သည် ၀င်၍ထိုင်လိုက်သည်…..။ မဟုတ်ပါဘူးလေ…..။ ကုလားထိုင်တွင် ၀င်ထိုင်ခြင်းမျိုးမဟုတ်ပါဘူး။ သူတို့က တွဲခေါ်လာပြီး ကျမအနီးကုလားထိုင်တွင် လူတစ်ယောက် အား ထိုင်စေလိုက်ခြင်းသာ ဖြစ်မည်။ မည်သူများပါနည်း။ အသက်ရှုသံပြင်းပြင်းကိုသာ ကြားရသည်။ ကျမအနီးကုလားထိုင်တွင် ထိုင်နေသည့် သူထံမှဖြစ်မည်။ မောဟိုက်လွန်း၍ဖြစ်မည်။ အနံ့…..။ ကျမနှာခေါင်းအတွင်း အနံ့တစ်ခုရသည် …..စူးစူးရှရှ၊ စိမ်းရွှေရွှေ အနံ့၊ ဘာအနံ့ပါလိမ့် ……။ ကျမသိလိုက်ပါပြီ။ လူ့သွေးအနံ့….၊ ကျမရင်ထဲ တုန်ရီလာသည်။ လှိုက်မော၍လာသည်။ သူဘယ်သူနည်း။ သူ့ထံမှ အနံ့များစွာက ကျမနှာခေါင်းထဲသို့ စုပြုံ၍၀င်လာသည်။ ဖုန်နံ့ …..။ ချွှေးနံ့….။ ကြေးနံ့…..။ သွေးနံ့….။ ကျမ သိသည်။ ဤ ချွေးးနံ့….။ ကျမနှစ်ကာလပေါင်းများစွာ ရင်းနှီးနေခဲ့သည့်အနံ့၊ ဤခန္ဒာာကိုယ်မှ ထွက်လာခဲ့သည့် ချွေးးနံ့၊ နှစ်ပေါင်းများစွာ တရှိုက်မက်မက်။ တသသ ရှုရှိုက်ခဲ့သည့် ချွေးနံ့….။ ကျမဘယ်လိုများ မေ့လျော့နိုင်ပါ့မလဲ ….။ သူ ….။ ကျမဘေး၌ထိုင်နေသည့် …..သူ။ ကျမသိလိုက်ပါပြီ…..။ သူကျမလင်၊ သူလည်း ကျမလိုပဲ ဖမ်းဆီးခြင်းခံလိုက်ရပြီကော ……။

(ဂ)
ပုဒ်မ ၁၇/၁ ပုဒ်မ ၅(ည) တို့နှင့် စွဲချက်တင်ထားသည့် အသင့်ရေးပြီးသား စီရင်ချက်အား တရားသူကြီးဆိုသူသည် အသံမှန်ဖြင့်ဖတ်၍နေသည်။ ယခင်ကမူ ရုံးထုတ်သည့်ရက်များတွင် ကျမပျော်ရွှင်ခဲ့သည်။ ဤရက်တွင် ကျမ ‘မောင်’ နှင့်တွေ့ရမည်။ ‘မောင်’ နှင့် စကားပြောခွင့်ရမည်။ ‘မောင့်’မျက်နှာအား ငေးငေးမောမောကြည့်၍ရမည်။ မောင့်အား ကြင်နာနိုင်မည်။ နွေးထွေးနိုင်မည်။ အားပေးနိုင်မည်။ ပြီးလျှင် ….. မောင့်ထံမှ နွေးထွေးမှုအား ကြည်နူးစွာ ခံယူနိုင်မည်။ တစ်ယောက်လက် တစ်ယောက်တင်းတင်းဆုပ်ပြီး ခွန်းအားသစ်များ တည်ဆောက်ကြမည်။ ၃-ယောက်သာရှိသည့် ကျမတို့ မိသားစုလေးအထဲမှ မောင်နှင့်ကျမတို့ ၂ယောက် ခဏငယ်လေး ဆုံဆည်းခွင့်ရစေသည့်အတွက် ရုံးထုတ်ရက်များတွင် ကျမပျော်ရွှင်ခဲ့ရသည်။ သို့သော်ဤနေ့သည်ကား ကျမနဲ့ မောင်တို့ ရုံးထုတ်ရက်၏ နောက်ဆုံးနေ့ဖြစ်သည်။ စီရင်ချက်ချမှတ်မည်။ ပြီးလျှင်….. ကျမနဲ့ မောင် တစ်ယောက် တစ်ထောင်စီ ရောက်လျှင်လည်း ရောက်ကြမည်။ တ၀င်းတည်းကျလျှင်လည်း သူ့တိုက်နှင့် သူနေကြရတော့မည်။ သမီးလေးနှင့်မူ သူတို့ခေါ်ခဲ့သည့်နေ့မှစ၍ မတွေ့ရတော့ ….။ မောင်နှင့်ကား ရုံးထုတ်ရက်များ၌တွေ့ကြရသေးသည်။ ယခုမူ ‘မောင်’ နှင့် ဆုံတွေ့နိုင်ရေးသည်ပင် နောင်တွင် မသေချာတော့ …..။ စစ်အာဏာာရှင်များက ကျမတို့မိသားစုလေးအား တဖဲ့စီ ဆွဲဖဲ့၍ယူနေကြပြီ ……။ စီရင်ချက်ဖတ်နေသည့် တရားသူကြီး ၏အသံထဲတွင် ကျမနံမည်နှင့် မောင့်နံမည်တို့အား မကြာခဏ ကြားနေရသည်။ စီရင်ချက်ဆုံးတော့မည်ထင် သည်။ စစ်ကြောရေးအား ဖြတ်သန်းပြီးကတည်းမှ ထောင်ကျမည်ကို သိပြီးဖြစ်သည်။ ဆယ်နှစ်သည် အနည်းဆုံးဖြစ်မည်။ တွက်ဆထားပြီးသား ဖြစ်၍စီရင်ချက်ချသည့်အပေါ် မောင်နှင့်ကျမ ထူးထူးထွေထွေ မတုန်လှုပ်မိတော့……။
တရားသူကြီး၏အသံကား အသံအားမြှင့်လိုက်ပြီး တိကနဲရပ်ပစ်လိုက်သည်။ ပြီးလျှင် ဆက်၍ဖတ်သည်၊
“ တရားခံ မဌေးဌေးငွေ (ခ) မကြည်ကြည်မင်းအား ထောင်ဒဏ် (၁၅) နှစ်”
နှင့်
“တရားခံကျော်မျိုးမင်းအား ထောင်ဒဏ် (၁၀)နှစ်”
ပြစ်ဒဏ်များအားဤရုံးတော်မှ ချမှတ်လိုက်သည်၊

(ဃ)
ကျမတို့လင်မယားအား စီရင်ချက်ချပြီးသည့်နောက် ထောင်ကျအကျဉ်းသားအား မှတ်ပုံတင်ရန် အင်းစိန်ထောင် ဗူးဝသို့ ခေါ်လာကြသည်။ မှတ်ပုံတင်ခြင်း ကိစ္စက သိပ်ပြီး မကြာလိုက်…..။ ပြီးပြီ။ ကျမတို့ လင်မယား၂ယောက်စလုံး အင်းစိန်ထောင်တွင်ပင် အတူတူ ကျခံကြရမည်။ တစ်ယောက်တစ်ထောင်စီ မကွဲ၊ တော်ပါသေး၏ ဤအုတ်ရိုးနီနီကြီးများအတွင်း ‘မောင်’ နှင့် အတူရှိနေသားပဲ ဟူသည့်အသိက ကျမအား စိတ်ဓါတ်အရ ခွန်အားဖြစ်စေပေမည်။ မောင်လည်းကျမကဲ့သို့ပင် ဖြစ်မည်လား မပြောတတ်။ မောင့်မျက်နှာက ကြည်ရွှင်၍နေသည်။ မျက်လုံးများက အရောင်တောက်၍နေသည်။ အမျိုးသမီးထောင်အမှုထမ်းတစ်ဦးက ကျမအား (၁၅)နှစ် လုံးလုံး နေရမည့် နေရာသို့ သွားရန်ပြောသည်။ အင်းစိန်ထောင် ‘မ’ ကျ တိုက် ‘တစ်’…..။ ကျမခြေလှမ်းပြင်တော့ မောင်လည်း သူ (၁၀)နှစ်လုံးလုံးနေရမည့် နေရာသို့သွားရန် စတင်၍ခြေလှမ်း လှမ်းနေပြီ …..။ အင်းစိန်ထောင် တိုက်တို (၄) ….။ ကျမနှင့်မောင်တို့ ရှိနေကြသည့် ဤအုတ်ရိုးနီနီမြင့်မြင့်ကြီး အတွင်းနှင့် မိုင်ပေါင်း တစ်ရာကျော်ကျော်ဝေးကွာသည့် မြို့ငယ်လေးတွင်တော့….. ကျမတို့ရဲ့ သမီးလေး……ရှိနေမည်။ သမီးလေး ဘာလုပ်နေမည်နည်း။ အဆုပ်လိုက်လှိမ့်၍တတ်လာသော ညိုမဲသည့် မိုးတိမ်များက အုတ်ရိုးဝင်းကြီးအပေါ်တွင် အစိုင်အခဲကြီးမားစွာဖြင့် ရစ်ဖွဲ့၍နေလေပြီ…..။
ပြိုမှာလေလား….. မိုးရယ်၊
(င)
ကျမနှင့်မောင်အကြား သဘောထားကွဲလွဲကြသည်။ ဖမ်းဆီးထိမ်းသိမ်းခြင်းခံထားရသည့် ကာလအတွင်း ပထမဦးစွာ သဘောထားကွဲလွဲခြင်း ဖြစ်သည်။ ကျမတို့ နောက်အပတ်မှစ၍ထောင်ဝင်စာတွေ့ခွင့်ရပြီ။ သမီးလေးနှင့်တွေ့ခွင့်ရတော့မည်။ မိုးသည်းသောနေ့တွင် သမီးလေးအား ကျမရင်ခွင်မှ ဖယ်ခွာ၍ထားခဲ့ရသည်။ သမီးလေးနှင့်ခွဲခွာနေကြရသည်မှာ တစ်နှစ်ပင်ကျော်ခဲ့ပြီ။ ခဏငယ်လေးပင်ဖြစ်ပါစေ။ သမီးလေးအား ကျမရင်ထဲတွင် ပွေ့ချီထွေ့ပွေ့ထားချင်သည်။ ‘သမီး’ ဟူ၍ခေါ်ချင်သည်။ ‘မေမေ’ဟူ၍သမီးလေး.၏ခေါ်သံအား ‘ထူး’ ချင်သည်။ ခဏငယ်လေးဖြစ်ဖြစ် မိခင်တစ်ဦး၏စောင့်ရှောက်မှုအား ပေးချင်သည်။ သမီးလေးအနားတွင် မေမေတို့ ရှိနေတယ်ဟူသည့် ခွန်အားကို သမီးလေးအား ပေးချင်သည်။
ကျမစိတ်ကူးနှင့် ကျမနောက်အပတ်အိမ်မှ ထောင်ဝင်စာလာတွေ့လျှင် သမီးလေးပါခေါ်ခဲ့ရန် မှာမည်ဟု အတွင်းထောင်ဝင်စာတွေ့စဉ် ‘မောင့်’အား ကျမက ပြောဖြစ်သည်။ မောင်က သဘောမတူ၊ သံတိုင်တွေရဲ့ ကြားမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ဖေဖေနဲ့ မေမေကို သမီးလေး မမြင်တွေ့စေချင်ဘူးကွာ…… ခလေးရဲ့နုနယ်လွန်းတဲ့ နှလုံးသားထဲမှာ မောင်တို့ကို မြင်ပြီး နက်နက်ရှိုင်းရှိုင်း ခံစားသွားရမှာကို သမီးလေး မခံစားစေချင်ဘူးကွာ …..။ မောင့်စကားဆုံးတော့ ကျမမောင့်ကို မော့ကြည့်မိသည်။
‘အတွင်းထောင်ဝင်စာ’ သမားတွေ အချိန်စေ့ပြီ ဟူသည့်ထောင်အမှုထမ်းတစ်ဦး၏အသံကြောင့် မောင့်စကားနှင့် ပါတ်သတ်၍ပြန်ပြောရန် ကျမ စိတ်ကူးထားသည့် စကားလုံးတို့အား ရင်ထဲမှာပင် သိမ်း၍ထားလိုက်တော့သည်၊ မပြောဖြစ်တော့ …..။

(စ)
‘မ ကျတိုက်တစ်’ ….။
အင်းစိန်ထောင် ….။
တသုန်သုန်တိုက်ခတ်နေသော လေညင်းနုနုကြောင့် ဆိပ်ဖလူးရနံ့များက သံတိုင်များ အကြားသို့ စီးမျော၍တိုးဝင်ပျံ့နှံလာကြသည်။ ပုဇွန်င်္ဆီရောင် ကောင်းကင်နောက်ခံနှင့် နီညိုရောင် အုတ်ရိုးနီနကြီးသည် သံတိုင်ကြားမှ မြင်တွေ့ရသော ကျမ၏မြင်ကွင်း၌အနားသတ် ထစ်ပိုင်းထားသလို ဖြစ်နေသည်။ အုတ်ရိုးပေါ်၌နားခိုနေကြသည့် ‘ခို’များက တနေ့တာ ၀၀လင်လင် အစာရှာဖွေစားသောက်ပြီး၍တင်းတိမ်နေကြသည့် ဟန်ဖြင့် အိနြေ္ဒရနေကြသည်။ ဆည်းဆာသည် တဖြေးဖြေးပျော့၍၊ပျော့၍…..။ နေ၀င်ညကို ကူးဖြတ်ရန် တာစူ၍နေ။ မကြာမီ ……ပိန်းပိတ်အောင် မှောင်တော့မည်။ ကြယ်စင်များ ၀င်းပသည့် ‘ည’…..။ လရောင်ရွှန်းမြသည့် ‘ည’….။ မိုးတိမ်တို့ ညိုမှိုင်း မဲမှောင်သည့် ‘ည’….၊ ‘ည’ပေါင်းများစွာအား ဤသံတိုင်များအတွင်းမှ ကျမကျော်ဖြတ်ခဲ့ပြီးပြီ……၊ဤသို့ပင် ‘ည’ပေါင်းများစွာကို ကျမနှင့်အုတ်ရိုးဝင်းကြီးတစ်ခုတည်းတွင် အတူရှိနေသည့် ‘မောင်’ သည်လည်း ကျော်ဖြတ်နေခဲ့ရသည်။ ‘ည’အသင်္ချေကို အုတ်ရိုးထူထူကြီးအတွင်း၌ကျော်ဖြတ်ရင်း ကျမနှင့်မောင်သည် ကြီးရင့်၍လာခဲ့ကြရပြီ ဤသို့ပင် ‘ည’ ပေါင်းများစွာကို ‘သမီး’ လေးသည်လည်း ကျမတို့နှင့် မိုင်ရာကျော်ဝေးသည့် မြို့ငယ် လေး အတွင့်း ကျော်ဖြတှ်ုနေရဆဲ…..။
အုတ်ရိုးအတွင်း ‘ည’ များနှင့် အုတ်ရိုးပြင်ပရဲ့ ‘ည’ များသည်ကော …. မတူကွဲပြားသည့် ‘ည’ များပေလား ……။ မသေချာ …..။
အုတ်ရိုးပြင်ပမှ စူးစူးနစ်နစ် အော်မြည်ရင်းပျံသန်းလာသည့် ညဉ့်ငှက်သည် အုတ်ရိုးအတွင်းသို့ ၀င်ရောက်ပြီး စူးစူးနစ်နစ် အော်မြည်၍နေပြန်သည်။
ညကား ပိန်းပိတ်စွာ မှောင်မိုက်ဆဲ …..ဆိပ်ဖလူးနံ့တို့က သင်းပျံ့ဆဲ …..။

(ရွှေအိမ်စည်)

မဌေးဌေးငွေ (ခ) မကြည်ကြည်မင်းနှင့် ကိုကျော်မျိုးမင်းတို့ ဇနီးခင်ပွန်း ၂ ယောက်အား ၂၀၀၀ ခုနှစ်၊ မေလတွင် နအဖ စစ်ထောက်လှမ်းရေးမှ ထိုင်း-မြန်မာနယ်စပ်ဒေသရှိ အဖွဲ့အစည်းများနှင့် ဆက်သွယ်ခဲ့သည်ဟု စွပ်စွဲပြီး ဖမ်းဆီးခဲ့သည်။ ၄င်းတို့ ၂ ဦးအား အင်းစိန်ထောင် အထူးခုံရုံးမှ ပုဒ်မ ၁၇/၁၊ ပုဒ်မ ၅(ည) တို့နှင့် စွဲချက်တင်ပြီး မဌေးဌေးငွေ (ခ) မကြည်ကြည်မင်းအား ထောင်ဒဏ် (၁၅)နှစ် ၊ ကိုကျော်မျိုးမင်းအား ထောင်ဒဏ်(၁၀) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ လင်မယား ၂ ဦးစလုံး ဖမ်းဆီးထိမ်းသိမ်းခြင်းခံရသည့် အချိန့် ၄င်းတို့၏ တစ်ဦးတည်းသော သမီးငယ်သည် အသက် (၂)နှစ်ခန့်သာရှိပြီး။ အပြင်၌ဆွေမျိုးများနှင့် ကျန်ရစ်ခဲ့သည်။

၂၀၀၈ခုနှစ်၊ မတ်လ (၂၆) ရက်နေ့တွင် မဇ္ဈိမ၌ဖော်ပြပါရှိခဲ့သော အက်ဆေးဖြစ်သည်။

No comments:

Post a Comment