ဟေမန်သည် ပီပီပြင်ပြင်နှင့် ရုပ်လုံးပေါ်လာပြီ….။ အရင်ရက်များကဲ့သို့ လေနဲ့မိုးမရောထွေးနေတော့…။ ၀ဿန်ကသက်သက်…. ။ အနောက်တွင်ကျန်ခဲ့ပြီ..။ ၀ဿန်နှင့် ဟေမန်ကြား စည်းခြားခဲ့ကြပြီကော …။ ဟေမန်က အရွယ်ရောက်လာသော လုံမပျိုကဲ့သို့။ မြောက်ပြန်လေက သွေး၏။ နှင်းမှုန်ပြပြ ဇာပုဝါကိုလွမ်းခြုံ၏။ အချို့ ဒေသတွင်ထူပြီး အချို့နေရာတွင်ပါး၏။ အထူအပါးမညီ၊ အညာနှင့် အကျေကွဲသည်။ တောင်ပေါ်နှင့် မြေပြန့် ခြားနားသည်။ မည်သို့ပင်ဖြစ်စေ အေးမြမှုကတော့အတူတူ….။ လုံမပျိုဟေမန်သည် သည်အချိန်ရောက်တိုင်း အမေ့အိမ်သို့ ပြန်လာနေကျ။ ခိုနားနေကျ။ ဟေမန်သည် အမေ့ရင်ခွင်သို့တိုးဝှေကာဝင်၏။ အေးမြမှုအား ပေး၏။ အမေ့အား နေရာမလပ်ပွတ်သပ်၏…။ ပြီးတော့ မောရပမ်းးရမှန်းမသိ စကားတွေဆို၏။ သူ့စကား သံလွင်လွင်သည် တိုးသွားလိုက်။ ကျယ် သွားလိုက်၊ အတိတ်ကိုလည်းဆောင်၏။ မျက်မှောက်အကြောင်းလည်းပါ၏။ ထိုအခါများတွင် အမေသည် ဟေမန်နှင့်အတူ ငြိမ်သက်လျက် တွေးနေတတ်သည်၊
အော် … သဇင်တွေတောင် ပွင့်ပြန်ပြီကော…။
စိန်ပန်းနီတို့က ရဲရဲနီလို့ပါပေါ့လား…။
(က)
လဆုတ်ရက်ဖြစ်သဖြင့် လသည်နောက်ကျမှ ထွက်ပေါ်ကာလာသည်။ သူတို့ထိုင်ကာစကား ပြောနေခဲ့ကြသည်မှာ မည်မျှကြာသွားသည်မသ…။၊ လဆုတ်ရက် လ၀န်းကြီးသည်ပင် ဂျက်ဆင် ဘုရားရှိခိုးကျောင်း၏ အမိုးချွန်ချွန်ကြီးပေါ်သို့ ရောက်နေလေပြီ။ သူတို့အားလုံး သဘောတူဆုံးဖြတ် လိုက်ကြသည်။ သပိတ်မှောက်မည်။ “၁၉၂၀ ခုနှစ် ရန်ကုန်ယူနီဗာစီတီအက် ခေါ် ရန်ကုန်တကသိုလ် အုပ်ချုပ်သင်ကြားရေးစည်းမျဉ်းဥပဒေ” အား သပိတ်မှောက်ကြမည်။ အစီအစဉ်များရေးဆွဲကြသည်။ လုပ်ငန်းတာဝန်များ ခွဲဝေကြသည်။ တာဝန်က ကြီးမြတ်လှပေစွ။ နေမ၀င်အင်ပါယာကြီးအား စိန်ခေါ် သည့် တော်လှန်ရေးကြီး။ တန်ဆောင်းမုန်းလ၏ အေးစိမ့်မှုက သူတို့အား ၀င်ရောက်မနှောင့်ယှက်နိုင်။ အသက် ၂၀- ၀န်းကျင်ရှိ သူတို့တွေ၏ မျက်နှာများက လရောင်အောက်၌ကြည်လင်နေသည်။ တည်ငြိမ်နေသည်။ သူတို့တွေက ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်ကျောင်းမှ ကျောင်းသား များ….။ ကိုဖိုးကွန်း၊ ကိုဖိုးကျား၊ ကိုမြ၊ ကိုလူဖေ၀င်း၊ ကိုညီပိတ်၊ ကိုဖိုးလတ်… အစရှိသည့် ပထမ ကျောင်းသားသပိတ်၏ သပိတ်မှောက်ကျောင်းသားများ။
တန်ဆောင်းမုန်းလဆုတ် (၁၀)
၁၉၂၀ ခုနှစ် ဒီဇင်ဘာလ (၈) ရက်
ဟေမန်က စကားကိုရပ်လိုက်ပြီး အမေ့ကိုမော့ကြည်သည်။ အမေ့မျက်နှာသည် ၀င်းပလို့၊ ဂုဏ်ယူ ကျေနပ်နေသည့် ဟန်မှာ … အထင်းသား…..။
(ခ)
နှင်းမှုန်များအောက်တွင် တကသအဆောက်အဦးသည် ထီးထီးကြီးရှိနေသည်။ တကသ အတွင်းတွင်မူ ကြေးနီရောင်လုံချည်၊ အညာဖျင်ကြမ်း တိုက်ပုံအင်္ကျီနှင့် ကျောင်းသားတစ်ယောက် သည် တကသရုံးခန်းအတွင်း ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်ကာ သူ့စားပွဲရှေ့ရှိ ကျောင်းသား နှစ်ယောက်နှင့် စကားပြောနေသည်၊ ကျွှဲကော်ကိုင်းမျက်မှန်အောက်မှ သူ့မျက်လုံးများသည် ကြည်လင်ကာ တောက်ပနေသည်။ စကားများ ပြောဆိုပြီးသွားသည်နှင့် ကတုံးဆံတောက်ဆံပင်နှင့် ကျောင်းသားသည် ထိုင်ရာမှထလိုက်သည်။ ပြီးလျှင် စားပွဲပေါ်ရှိ လွယ်အိပ်ကြီးအား ကောက်ကာ လွယ်လိုက်ပြီး ခရီးသွားရန် တကသရုံးခန်းအတွင်းမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာခဲ့တော့သည်၊ သူတို့ကား…။ ၁၉၃၈ တကသခေါင်းဆောင် အာဏာာရှင် ကိုလှရွှေနှင့် ကိုအောင်ကျော်တို့ပင်တည်း။
၁၉၃၈ ဒီဇင်ဘာ (၂၀) ရက်၊
“သူပုန် သူပုန် … ထထ
သခင်မျိုးဟေ့ … ဒို့ဗမာ
အရေးတော်ပုံ … အောင်ရမည် ”
ကြွေးကြော်သံများသည် အတွင်းဝန်ရုံးကြီးတစ်ဝိုက် ပဲ့တင်ထပ်လို့နေသည်။ ကျောင်းသား တပ်ကြီး၏ တပ်ဦးသည် စပါတ်လမ်း (ဗိုလ်အောင်ကျော်လမ်း) ထိပ်သို့ ရောက်သည်နှင့် မြင်းစီး ပုလိပ်တို့၏ အတင်းဝင်ကာ မြင်းနှင့်ဝင်တိုက်၊ နံပါတ်တုတ်နှင့်ဝင်ရိုက်မှုအား ခံလိုက်ကြရသည်။ တပ်ဦးသည် ဖရိုဖရဲဖြစ်သွားသည်။ ကိုလှရွှေ သည် စပါတ်လမ်း (ဗိုလ်အောင်ကျော်လမ်း) ပလက် ဖောင်း ပေါ်တွင် ဖုန်အလိမ့်လိမ့် နှင့်လဲနေ၏။
အတွင်းဝန်ရုံးရှေ့ စပါတ်လမ်း (ဗိုလ်အောင်ကျော်လမ်း) မပေါ်တွင်ကား သွေးကွက်များ။ သွေးစက်များ။ … စပါတ်လမ်း (ဗိုလ်အောင်ကျော်လမ်း) သည်ကား သွေးအလိမ်းလိမ်းနှင့် စွန်းပေကာနေလေပြီ။
တက္ကသိုလ်ဆေးရုံပေါ်တွင် ကိုအောင်ကျော်သည် သွေးတဗွက်ဗွက်အန်ရင်း လူးလှိမ့်လျက် ရှိသည်။ သတိမရတစ်ချက် ရတစ်ချက်။ ကိုလှရွှေသည် ကုတင်ဘေးမှနေကာ ကိုအောင်ကျော် ကို ငေးကာကြည့်နေသည်။ ထိုနေ့တွင်ပင် ကိုအောင်ကျော်ကျဆုံးခဲ့သည်။
ဗိုလ်အောင်ကျော်အား နောက်ဆုံးလိုက်ပါပို့ဆောင်ကြသည့် သူများက များပြားလှပေသည်….။
“ဟဲ့… ဘမော်အစိုးရ”
… ကျောင်းသားခေါင်းဆောင် အာဏာရှင်ကိုလှရွှေ၏ မိန့်ခွန်းစကားသံသည် ကြံတော သုတ်သန်အတွင်း လွှမ်းမိုးကာသာနေတော့သည်၊
“ရဲဘော်ဟာ
ဒီနေရာမှာ ကျဆုံးသွားခဲ့တယ်
ကတ်တရာလမ်းကိုခွာ
ရာဇ၀င်ရုပ်အရေးအရ
သုတေသနလုပ်ရင်
ရဲဘော်ရဲ့ နီမြန်းတဲ့ ဇာတ်ရုပ်ကို
တွေ့ရတယ်။
ဗိုလ်အောင်ကျော်ရဲဘော်
ဒို့တစ်တွေဟာ ဒီနေရာမှာ
စာရွက်တွေအတူဝေခဲ့ဖူးတယ်။
ဗိုလ်အောင်ကျော်ရဲဘော်
ဒီနေရာမှာ ဒို့တစ်တွေဟာ
ရဲဘော်ကို
အကြိမ်ကြိမ် ဂုဏ်ပြုခဲ့တယ်။
ပြည်သူချစ်တဲ့ အာဇာနည်အနှစ်ဟာ
ဘယ်ခေတ်မှာမဆို
နုပျိုစိမ်းလန်းနေမှာပဲ
မုချယုံတယ်”
မောင်လေးအောင်
(ဂ)
ရန်ကုန်တက္ကသိုလ်သမဂ အဆောက်အဦးမရှိတော့သည့်နောက် သူတို့သည် တကသ တွင် မစုဝေးနိုင်တော့သည့်အတွက် ရန်ကုန်တက္ကသိုလ် ဒဂုံကျောင်းဆောင်အတွင်း စုဝေးနေကြသည်။ တစ်ယောက် … နှစ်ယောက် … သုံးယောက်။ ရန်ကုန်စက်မှုတက္ကသိုလ်။ ဆေးတက္ကသိုလ်။ စီးပွားရေး တက်ကသိုလ်။ ပညာရေး တက္ကသိုလ်နှင့် ရန်ကုန်ဝိတ်ဇ္ဇာာ သိပံ္ပက ကျောင်းသားများ၊ ဒဂုံဆောင်အခန်းနံပါတ် (၁၀၀) အတွင်း…။
နေ့တာတိုသော ဆောင်းကာလတွင် ၇ နာရီကျော်လွန်ကာစရှိသေးသည်။ အမှောင်ထုက သိပ်သည်းကာနေပြီ။ အခန်းတွင်း နီကျင်ကျင်မီးရောင်အောက်တွင် သူတို့ဆွေးနွေးနေကြသည်။
“ဒီကိစ္စဟာ နိုင်ငံတော်ဈာပနဖြစ်သင့်ပါတယ်။ အစိုးရကတော့ ဂရုစိုက်မှာတောင်မဟုတ်ဘူး။ ကျနော်တို့တက္ကသိုလ်ကဆရာတွေလည်း လှုပ်ရှားမှမဟုတ်ဘူး၊ သူတို့က အထက်က ညွန်ကြားမှသာ လုပ်ကြမှာ” ….။
အားလုံးသဘောတူကြသည်။ ဒီဇင်ဘာ (၄) ရက်နေ့တွင် ကြံတောသုတ်ဿန်တွင် သင်ဂြိုလ်မည့် ဦးသန့်၏ ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် သူတို့လုပ်ဆောင်ကြဖို့…။ လွှဲးဖယ်၍မရသော အမျိုး သား ရေးတာဝန်တစ်ရပ်သည် သူတို့အား တောင်းဆိုနေပြီ။ ရက်စက်သောအစိုးရနှင့် ဆန့်ကျင်အံတုရမည်။
သူတို့ဒဂုံကျောင်းဆောင်ပေါ်မှ ဆင်းလာကျတော့ … ညသည် ညဥ့်နက်ကာနေပြီ။ အဓိပတိ လမ်းသည် တည်ငြိမ်စွာဖြင့် လဲလျောင်းနေသည်။ တလက်လက်နှင့် တောက်ပနေသော ကြယ်ရောင် များက စိန်ပန်းနီပင်အိုများကြားမှ ခေါင်းပြူကာ သူတို့အား ချောင်းကြည့်နေကြသည်။
၁၉၇၄ - ဒီဇင်ဘာ (၄)ရက်၊
ကျိုက္ကစံကွင်းအတွင်း လူများပြည့်ကျပ်နေသည်။ ဦးသန့်၏ရုပ်ကလပ်ထားသည့်အနားတွင် တိုးလို့မပေါက်အောင် တင်းကြမ်းကြပ်နေသည်။ ရုပ်ကလပ်စင်အနီး မိုက်ကရိုဖုန်းကိုင်ထားသည့် ကျောင်း သားတစ်ဦးမှ ကြေညာလိုက်သည်။
“တက္ကသိုလ်ကျောင်းပေါင်းစုံ ကျောင်းသူကျောင်းသားများမှ ဂါဝရပြုရန် ရောက်ရှိလာပါပြီခင်ဗျား”
ဈာပနစင်အနီးရှိ ကားခေါင်းမိုးပေါ်သို့ကျောင်းသားတစ်ယောက်တတ်လာသည်။ အရပ်ထောင်ထောင် မောင်းမောင်း ဆံပင်တိုတိုနှင့် ကချင်ပုဆိုး၊ ပင်နီတိုက်ပုံအင်္ကျီကို သပ်သပ်ရပ်ရပ်ဝတ်ထားသည်။ သူ့စကားသံက မိုက်ကရိုဖုန်းမှတဆင့် ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။ သူ့စကားလုံးများက ခွန်အားအပြည့်။
“ကျနော်တို့တက္ကသိုလ်ကျောင်းသားတွေရဲ့ စိတ်ဓါတ်ခွန်အားနဲ့ ယခုဈာပနကို ကျောင်းသားတွေက သိမ်းပိုက်ပြီး နိုင်ငံတော်ဈာပနအဖြစ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” သူကား … ကိုတင်မောင်ဦး။ သူ့စကားအပြီး ဦးသန့်၏ ရုပ်ကလပ်အား တင်ဆောင်ထားသော ကားငယ်သည် ကျိုက္ကစံကွင်းမှ စတင်ထွက်ခွာခဲ့ပြီ။ ကားပေါ်တွင်ကား ရဟန်းပျိုလေးပါးနှင့် ခေါင်းတွင် လက်ကို ပုဝါအနီစများ စီးနှောင်ထားကြသည့် ကျောင်းသားများ။
၎င်းနောက်မှ … လူတန်းကြီးသည် တရွှေ့ရွှေ့ဖြင့် တက္ကသိုလ်ရိပ်သာလမ်းဘက်ဆီသို့….။ ထိုမှတဆင့် တက္ကသိုလ်ဝင်းအတွင်းသို့…။
“ဦးသန့်ဗိမာန်တည်ဆောက်ရေး … ဒို့အရေး
ငြိမ်းချမ်းရေးဗိမာန်တည်ဆောက်ရေး … ဒို့အရေး
အရေးတော်ပုံ … အောင်ရမည် ”
ဟေမန်သည် သူ့စကားအားရပ်လိုက်သည်။ အမေ့အား တင်းကျပ်စွာ တိုးဝှေ့လိုက်သည်။ အမေက အဝေးသို့ငေးလျက်။ မတုန်မလှုပ်။ နားထဲတွင်ကြွေးကြော်သံများကို ကြားနေရဟန်တူသည်။ သို့သော်… နောက်ပိုင်းအကြောင်းအရာများကိုတော့ အမေကြားလိုဟန်မရှိ။ ဟေမန်ကလည်း မပြောလိုတော့ …။
သဇင်ရနံ့တွေက သင်းပျံ့လို့လာသည်။
အော် … သဇင်တွေတောင် ပွင့်ပြန်ပြီကော ….။
မင်းဟန်
၂၀၀၆ခုနှစ်ခုနှစ်၊ ခေတ်ပြိုင်ဝက်ဆိုဒ်တွင်ဖော်ပြပါရှိခဲ့သည့် ပထမဦးဆုံးသော စာရေးသူ၏ အက်ဆေး ဖြစ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment