Friday, April 10, 2009

“ရာဇာဓိရာဇ်ရဲ့….. ဇပ်”

(ရွှေအိမ်စည်)

(က)
တောင်ပေါက်ရွာက .....ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိသည့်ကျေးရွာဖြစ်သည်။ ရွာကြီးတစ်ရွာဟု ဆိုရမည်။ အိမ်ခြေ ၂၀၀-ခန့်ရှိမည်။ ရွာက ရွာတန်းရှည်ဖြစ်သည်။ ကျောင်းကုန်း၊ ပေါလောကုန်း၊ မြင်ဝါးကုန်းရွာများနှင့် တဆက်တည်းရှိနေ၍ တစ်ရွာတည်းကဲ့သို့ဖြစ်နေသည်။ မွန်လူမျိုးများသာနေထိုင်ကြသည့် မွန်ရွာဖြစ်သည်။ရွာ၌ ...အစိုးရအလယ်တန်းကျောင်းရှိသည်။ ဆေးပေးခန်းရှိသည်။ ကျေးလတ်ကျန်းမာရေးမှူးတစ်ဦးထိုင်သည်။ စီးပွားရေးက လယ်ယာစိုက်ပျိုးရေးနှင့်ရာဘာခြံလုပ်ငန်း....။ နောက်ပိုင်းတွင် ဗွီဒီယိုရုံများထောင်လာကြသည်။ ထိုင်းနှင့်မလေးရှားသို့လည်း ထွက်၍အလုပ်လုပ်ကြ၏။ စီးပွားရေးအဆင်ပြေကြသည်ဟု ဆိုရမည်။ အိမ်များက သွပ်မိုးပျဉ်းထောင်အိမ်ကြီးများက များသည်။ ရေနံချေးသုတ်ထားသဖြင့် အိမ်များက မဲ၍နေသည်။ ရွာလယ်ရှိ ဘုန်းကြီးကျောင်းက နှစ်ထပ်တိုက်ကျောင်းကြီးဖြစ်သည်။ ပေါလောကုန်းရွာနှင့်မြင်ဝါးကုန်းရွာတို့တွင်လည်း ဘုန်းကြီးကျောင်းများရှိကြ၏။ ရာဘာဈေးကောင်း၍ လယ်မြေများတွင်ပင် စပါးမစိုက်ပဲ ရာဘာစိုက်လာကြ၏။ တောင်ပေါက်မှ ရာဘာများအား မုဒုံသို့ ပို့သည်။ ကြာအင်းဆိပ်ကြီးသို့ ပို့သည်။ လမ်းပမ်းဆက်သွယ်ရေးကမူ ခက်ခဲ့၏။ ကြာအင်းဆိပ်ကြီးသို့ သွားလျှင် ..... လှည်းနှင့်ဝဲဇလီရွာသို့ သွားရသည်။ ၀ဲဇလီရောက်မှ စက်လှေနှင့် ကြာအင်းဆိပ်ကြီးသို့ စုန်ဆင်း၍ သွားရ၏။ မုဒုံသို့ သွားလျှင်လည်း ..... တောင်ပေါက်မှ ၀င်းယော်ဆိပ်ကြီးရွာသို့ လှည်းနှင့်သွားရ၏။ ပြီးလျှင် .... ၀င်းယော်ဆိပ်ကြီးမှတဆင့် စက်လှေနှင့်ဝင်ယော်ချောင်းအတိုင်း ချောင်းနှခွရွာသို့ ဆင်းရသည်။ ချောင်းနှစ်ခွရောက်လျှင်မူ ကားလမ်းပေါက်ပြီ။ ထိုမှ မုဒုံသို့ကားနှင့် သွားရသည်။
မွန်ပြည်သစ်ပါတီမှ အပစ်အခတ်မရပ်စဲမှီအထိ တောင်ပေါက်တွင် နအဖ စစ်တပ်စခန်းထိုင်ခဲ့သည်။ ဆယ်စုနှစ်တစ်စုနီးပါးရှိမည်။ ဆယ်နှစ်နီးပါး နအဖစစ်တပ်မှ စခန်းထိုင်ခဲ့သော်လည်း နအဖစစ်သားများနှင့် တောင်ပေါက်ရွာသူတို့ အိမ်ထောင်ကျခဲ့သည်ဟူ၍မရှိ.....။ တောင်ပေါက်ရွာသူတို့က စည်းထား၏။ ဖက်ဆစ်တို့နှင့် သွေးမနှော ....။ အပစ်အခတ် မရပ်စဲမီက မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်မှူး ထားဝရ၏ တပ်ဖွဲ့ တောင်ပေါက်ရွာရှိ နအဖတပ်စခန်းသို့ ၀င်တိုက်၏။ ၀င်တိုက်မည်ကို ရွာသားများက ကြိုသိကြ၏။ ဗိုလ်မှူးထားဝရ၏ တပ်များဝင်လာလျှင် ခွေးများမဟောင်းစေရန် ရွာသားများက ခွေးများအား ကြိုးချည်၍ ထိန်းထားပေးကြ၏။ နအဖ စခန်းကျသွား၏။ နောက်နေ့တွင်မူ .... နေရာပြောင်း၍ နအဖက စခန်းသစ်ပြန်ဆောက်၏။ ရွာသားများက သစ်ခုတ်ပေးရ၏။ နှီးဖျာပေးရသည်။ သက်ကယ်ပစ်ပေးကြရပြန်၏။
ဇမိမြစ်နှင့်ဝင်းယောက်ချောင်းအကြား၌မွန်ရွာပေါင်း ၂၄ -ရွာရှိ၏။ ၂၄-ရွာအနက် တောင်ပေါက်ရွာက ရွာကြီးဖြစ်၏။ တောင်ပေါက်ကျေးရွာအုပ်စုဝင်ရွာများအဖြစ် ထိုရွာ ၂၄-ရွာအား တောင်ပေါက် ၂၄-ရွာဟုပင်ခေါ်ကြသည်။ တောင်ပေါက် ၂၄-ရွာက မွန်ပြည်သစ်ပါတီ ....မွန်တော်လှန်ရေးတွင် သမိုင်းရေးအရ အခန်းကဏ္ဍကြီးခဲ့၏။ နိုင်အောင်ထွန်းဦးဆောင်သည့် မွန်တပ်ဦး .... `လက်နက်နှင့်ဒီမိုကရေစီ` လဲသွားခဲ့သည့်အခါ၌ နိုင်ရွှေကျင်သည် တောင်ပေါက် ၂၄-ရွာတွင်ပင် ကျန်ခဲ့၏။ တောင်ပေါက် ၂၄-ရွာမှပင် .... မွန်ပြည်သစ်ပါတီအား ထူထောင်ခဲ့၏။ တဖြည်းဖြည်း ကြီးထွားစေခဲ့၏။ ဤဒေသမှပင် ဥက္ကဌကြီး နိုင်ရွှေကျင်၏ ဦးဆောင်မှုဖြင့် မွန်အမျိုးသားလွတ်မြောက်ရေး အလံသည် မြင့်မြင့်မားမား လွှင့်ထူနိုင်ခဲ့၏။ ဥက္ကဌ နိုင်ရွှေကျင်ကွယ်လွန်ပြီးနောက် .... မွန်ပြည်သစ်ပါတီအား ဦးဆောင်မှုပေးခဲ့သည့် ဥက္ကဌ နိုင်ထင်သည်လည်း .... တောင်ပေါက် ၂၄-ရွာ ဇာတိသားပင် ....။ ယခုတော့ .....ဥက္ကဌနိုင်ထင် သည်လည်း မရှိတော့ ....။ ကွယ်လွန်လေပြီ ။

(ခ)
မွန်အမျိုးသားနေ့အခမ်းအနားပြုလုပ်သည့်မြက်ခင်းပြင်က တောင်ပေါက်ရွာအလယ်တန်းကျောင်းဝင်းအတွင်းတွင်ဖြစ်သည်။ အခမ်းအနားစင်မြင့်က အရှေ့အရပ်အား နောက်ခံပြု၍ထား၏။ ရာဇာဓိရာဇ်စ်၏ ပုံတူပန်းချီကားချပ်ကြီးများက စင်မြင့်၏တဖက်တချက်စီတွင် မတ်မတ်ထောင်လျက် .....။ မင်းမြှောက်တန်ဆာများနှင့် ပဒေသရာဇ်ဘုရင်သည် စင်မြင့်ထက်၌ အိနြေ္ဒကြီးစွာနှင့် ရပ်၍နေသည်။ ကျောက်စီလက်သုံးတော်ဓါးက ခါး၌ လွယ်လျက်....။ လက်ဝဲဘက်လက်က ကျောက်စီဓါးအိမ်အား ဆုတ်ကိုင်ထားပြီး လက်ယာဘက်လက်ကိုမူ ဓါးရိုးပေါ်၌ တင်၍ထား၏။ စူးရှသော မျက်ဝန်းများက အရှေု့သို့ စူးစိုက်၍ကြည့်နေသည်။ စင်မြင့်အထက်နောက်ခံအပြာရောင်ပိတ်ကားပေါ်၌ မွန်ဘာသာနှင့်စာတန်းများ ရေးထား၏။ မွန်အမျိုးသားနေ့အခမ်းအနားဟူ၍ဖြစ်မည်။ မွန်အမျိုးသားလွတ်မြောက်ရေးအလံများက စင်မြင့်ထက်အလံတိုင်များအပေါ်၌ နီနီရဲရဲ.....။ မြောက်လေ အမွေ့၌ ဟသာင်္တို့က ပျံကြွတော့မည်နှယ် ....။ စင်မြင့်၏၀ဲယာတွင်က မွန်ရဟန်းသံဃာများ....။ခုံတန်းရှည်များထက်၌ စံပယ်၍နေကြသည်။ အပါး ၅၀-ကျော်ခန့်ရှိမည်။ လူပရိတ်သတ်ကမူ စင်မြင့်၏အရှေ့မြက်ခင်းပြင်၌ ....။ တောင်ပေါက် ၂၄-ရွာမှ မွန်အမျိုးသား နှစ်ထောင်ခန့်ရှိမည်။ ၀င်္ကပါ မွန်အမျိုးသား အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများအား တွေ့ရ၏။ သူတို့က စင်မြင့်၏အရှေ့၌.....။ အနီရောင် ချိတ်အဆင်ထမီ၊အဖြူရောင်ရင်ဖုံးအင်ကျီနှင့် မွန်အမျိုးသမီးတို့က .... ယဉ်သည်ဟု ထင်မိ၏။မွန်အမျိုးသားတို့ကမူ အဖြူရောင်တိုက်ပုံအင်ကျီ၊ အနီရောင်အကွက်စိပ့် လုံချည်များနှင့်....။အရှေ့ဆီမှ ပတ္တမြားရည်များလျံကျ၍ လာပြီ.....။ အခမ်းအနားအစီအစဉ်များအား ဖတ်ကြား၍သွားသည်။ မွန်ဘာသာနှင့်ဖတ်ကြားသွားခြင်းဖြစ်၍ .....မသိလိုက်။ အနားမှသူအား မေးရသည်။ အခမ်းအနားအစီအစဉ်နှင့် ကျင်းပပုံများအား ကြည့်ပြီး ကျနော့်စိတ်၌ ပဒေသရာဇ်အငွေ့အသက်အချို့အား ခံစားရသလိုဖြစ်မိ၏။
ပတ္တမြားသွေးရည်များက ဖျော့၍ ....ဖျော့၍ လာပြီ။ ပထမ .... ပန်းရင့်ရောင် .... နောက်သော် ..... လိမ္မော်ရောင် .....။ အရောင်များပြောင်း၍သွား၏။ အနွေးဓါတ်သည် မြက်ခင်းပြင်အတွင်းသို့ တိုးဝင်စပြုလာပြီ ။ စကားပြောသည့် စင်မြင့်ရှေ့၌ သံလွင်ရောင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဝတ်စုံနှင့် မွန်အမျိုးသားတပ်မတော်မှ စစ်ခေါင်းဆောင်တစ်ဦး စကားပြော၍နေသည်။ သူ့၏အနောက်၌က ဟံသာဝတီပြည့်ရှင် ရာဇာဓိရာဇ်........။ ရာဇာဓိရာဇ်၏ မျက်လုံးများက သူ၏အရှေ့မှ စကားပြောနေသော “သူရဲ” ကို ကျော်၍ မွန်အမျိုးသားထုအားကြည့်၍ နေသည်။ ရာဇာဓိရာဇ် ၏မျက်လုံးများက ကျနော့်ထံသို့လည်းရောက်၏။ သူ့မျက်လုံးများကား သူ့ဘ၀အား ပြောပြနေသည်ဟု ခံစားရ၏။
ဗညားနွဲ့ က ဟံသာဝတီထီးနန်းအား လွယ်လွယ်နှင့်ရလာခဲ့သူ မဟုတ် .....။ ပုန်ကန်ခဲ့ရသည်။ မွန်သူရဲ သုံးကျိပ်နှင့် ဗညားနွဲ့သည် ဟံသာဝတီပဲခူးအား ဒဂုန်မှနေ၍ တော်လှန်ခဲ့ရသည်။ တော်လှန်ရေးသမား ဗညားနွဲ့....။ ဒဂုန်တွင် တော်လှန်ရေးသမား ဗညားနွဲ့၏ ပထမဦးဆုံးတိုက်ပွဲက ..... ဟံသာဝတီပြည့်ရှင် မဟာဒေ၀ီ၏သစ္စာခံများအား သုတ်သင်သည့်ပွဲဖြစ်သည်။ ဗညာနွဲ့က သူ့ရဲဘော်သုံးကျိပ်အား ကြို၍မှာထားသည်။
“ ငါတို့ ဒဂုန်သို့ရောက်လျှင် မဟာဒေ၀ီ၏ ကျွန် (၁၈)ယောက်ကို ခေါ်မည်၊ အားလုံးရောက်လျှင် `ဇပ်` ဟု ငါဆိုမည်။ ထိုအခါ မင်းတို့အား လုံး ထခုတ်ကြ ”
ဒဂုန်သို့ရောက်သော် ဇညားနွဲ့သည် မဟာဒေ၀ီ၏သစ္စာခံ ကျွန် (၁၈)ယောက်တို့အား ခေါ်၏။ မြို့ဝမ်းသား လူကြီးများကိုလည်း ဖိတ်၏။ မြို့ဝမ်းသား၊ မြို့မျက်နှာဖုံးလူကြီးများနှင့် ရဟန်းသံဃာများအသီးသီးရောက်လာကြ၏။ မဟာဒေ၀ီ၏ကျွန်များလည်း ရောက်လာကြ၏။
ဗညားနွဲ့က ....
” ယခုအင်းဝ စစ်ချီလာသည်မှာ ဆင်းမြင်းစစ်သည်ဗိုလ်ပါများနှင့်တကွ သာယာဝတီသို့ ရောက်နေပြီဟု သတင်းရ၍ ငါ့ကို ဒဂုန်သို့ ဆင်းလာရန် သုရှင်အမိန့်ရှိလိုက်၏။ မြို့ပြကျုံးမြောင်း မကောင်းသည်ကိုပြင်၍ ပြလက်ရန်း စီးရန်ကိစ္စအတွက် မင်းတို့ကို ခေါ်ခြင်းဖြစ်သည်” ဟု ဆိုသည်။
ဗညားနွဲ့၏ရဲဘော်သုံးကျိပ်က ဓါးကိုယ်စီနှင့် ဗညားနွဲ့အား ကြည့်နေကြ၏။
ထိုအခိုက်..... ဗညားနွဲ့က ”ဇပ်” ဟု ဆိုလိုက်၏။
ဗညားနွဲ့၏ ရဲဘော်သုံးကျိပ်က ထ၍ မဟာဒေ၀ီ၏ ကျွန် (၁၈)ဦးအား ဓါးနှင့်ခုတ်ကြ၏။ အားလုံးသေဆုံးကုန်ကြ၏။
ဗညားနွဲ့က မြို့ဝမ်းသား မြို့မျက်နှာဖုံးများအား မေး၏။
“မင်းတို့ ငါ့ဘက်နေမည်လား၊ သူ့ဘက်နေမည်လား”
“ အရှင်သားဘက် နေပါမည်ဟု ” ပြောကြ၏။ ထိုအထဲမှ နှစ်ယောက်ကမူ ....
“ ပဲခူးစစ်ကို အရှင့်သားတော် မနိုင်ချေသော် ကျွန်ုပ်တို့အားလုံး ပျက်စီးခြင်းသို့မရောက်ပြီလော ” ဟု ဆို၏။ ထိုအခါ ဗညားနွဲ့က ....
“ဇပ်” ဟု ဆိုပြန်၏။
ရဲဘော်သုံးကျိပ်က ထို ၂-ဦးအား ထ၍ဓါးနှင့်ခုတ်ပြန်၏။
ရာဇာဓိရာဇ်ထံမှ အကြည့်အားလွှဲဖယ်၍ စင်မြင့်ဆီသို့ရောက်၏။
မွန်ပြည်သစ်ပါတီမှ စစ်ခေါင်းဆောင်သည် မွန်ရဟန်းသံဃာများနှင့် မွန်လူထုအား အပစ်အခတ်ရပ်စဲသည့်အခြေအနေများအပေါ် တင်ပြအစီရင်ခံ၍ နေသည်။ မွန်ပြည်သစ်ပါတီနှင့် နအဖ အပစ်အခတ်မရပ်စဲမှီနှင့် အပစ်အခတ်ရပ်စဲပြီး မွန်လူထု၏ဘ၀အခြေအနေများအား ယှဉ်ထိုး၍ ပြသည်။ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု အခြေအနေများက မထူးခြား .....။ မွန်အမျိုးသားထုက စစ်အုပ်စု၏ ဖိနှိပ်မှုအောက်၌ ခံနေရဆဲ ....။ လွတ်မြောက်မှု ဟူ၍က မရှိ။
ဤအခြေအနေအောက်၌ ..... ဘာလုပ်မလဲ....။ မွန်လူထုအား အဖြေပေးခိုင်၍ နေသည်။ မွန်ပြည်သစ်ပါတီက မွန်အမျိုးသားထုနှင့် မကင်းကွာ .....။ ၁၉၉၅ခုနှစ် နအဖနှင့် အပစ်အခတ်ရပ်စဲရန် စဉ်းစားသည့်အချိန်အခါတွင်လည်း ဤသို့ပင် .... ရေးချောင်းဖျား၌ ရဟန်းသံဃာများ မွန်အမျိုးသားများအား တွေ့ဆုံ၍ ချပြပြီး အပစ်အခတ်ရပ်စဲရေးအား ဆုံးဖြတ်ခဲ့ကြသည်။ ယခုလည်း မွန်အမျိုးသားအပေါင်းအား မေးခွန်းထုတ်၍နေလေပြီ .....။ မွန်အမျိုးသားထုက မည်သို့ အဖြေပေးလိုက်သည်မသိ.....။ ကျနော်နားထဲတွင်မူ .....။
“ဇပ်” .......
ဟုကြားလိုက်မိ၏။

ဝန်ခံချက် .......
ရာဇာဓိရာဇ်၏ အတ္တုပတ္တိနှင့်ပါတ်သတ်၍ ဒေါက်တာ နိုင်ပန်းလှ၏ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းမှ ကောက်နုတ်ဖော်ပြပါသည်။


၂၀၀၈ခုနှစ် ဖေဖော်ဝါရီလ၌ မစ္ဇျိမတွင် ဖော်ပြခဲ့သည်။

1 comment:

  1. တချို့ အချက်လက်မှားနေတယ်..ရွာနဲ့ တပ်အကြောင်း

    ReplyDelete