Thursday, April 9, 2009

ဝါးရုံရိပ်မှ မြို့ပြအား ကိုင်းကူးခြင်း

(ရွှေအိမ်စည်)

စစ်နည်းဗျူဟာ ဘယ်လိုသာလဲ၊ စွဲကိုင်လက်နက်ဘယ်လိုဖက်လဲ၊ ပြည်သူ့နှလုံးမသိမ်းကျုံးလျှင် ၊ ဓါးသွားလဲကြေ၊ လှံသွားလဲခွေခဲ့…
(လက်ဝဲသုန္ဒြအမတ်ကြီး)
(က)
KNU က `ကော်သူလေး`အား ခရိုင်ခုနှစ်ခုနှင့် ဖွဲ့စည်းသည်။ ဒူးပလာယားခရိုင်က ခရိုင်ခုနှစ်ခုမှ တစ်ခုဖြစ်သည်။ ဘုရားသုံးဆူ၊ရေး၊သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ကြားအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်တို့က ဒူးပလာယာခရိုင်၏ အနားသတ်ခရိုင်နယ်ခြားမျဉ်းများအဖြစ် တည်ရှိ၏။ မြစ်ငယ်လေးစင်းက ဒူးပလာယာခရိုင်အား ဖြတ်သန်းရင်း သံလွင်အတွင်းသို့ဝင်၏။ ဟောင်သရော၊ ဇမိ၊ ၀င်းယော်နှင့် အတ္တရံ….။ တောင်ညိုတောင်တန်းများက ဒူးပလာယာအား အလယ်မှကန့်လန့်ခွဲထား၏။ ထိုဒေသအတွင်းတွင်မူ တောင်ညိုတောင်တန်းအား ဗဟိုပြုပြီး တောင်ရှေ့ခြမ်း၊ တောင်နောက်ခြမ်းဟူ၍ပင် ခေါ်ကြ၏။
ဝင်းယော်ချောင်းနှင့် ဇမိမြစ်က ကျိုက်မရောမရောက်မှီ `ချောင်းနှစ်ခွ`ရွာနား၌ ပေါင်းဆုံပြီး အတ္တရံမြစ်အဖြစ်နှင့် သံလွင်သို့ဝင်၏။ ၀င်းယော်ချောင်းနှင့် ဇမိမြစ်နှစ်သွယ်အကြားရှိ တောင်ပေါက်နှစ်ဆယ့်လေးရွာအား KNUနှင့် NMSP တို့မှ ပူးတွဲကော်မတီဖွဲ့ပြီး ….. ပူးတွဲအုပ်ချုပ်ကြ၏။ ပူးတွဲတရားစီရင် ကြ၏။ ပူးတွဲ၍ အခွန်စည်းကြပ်ကြ၏။
ထိုဒေသအတွင်း၌ လက်နက်ကိုင်အားပြိုင်မှုများက များသည်။ ၁၉၉၅ မတိုင်မှီကမူ မွန်ပြည်သစ်ပါတီ၏ မွန်လက်နက်ကိုင်တပ်မတော်၊ KNU၏ တပ်မဟာ (၆) လက်အောက်ခံ KNLA တပ်ရင်းများနှင့် နအဖ၏တပ်ရင်းများ….။ စစ်ရေးအားပြိုင်မှုက ဘက်နှစ်ဘက်သာ ရှိသည်။ နအဖစစ်တပ်နှင့် လွတ်မြောက်ရေးတပ်မတော်များသာ ….။ ထိုစဉ်က မာနယ်ပလော မကျသေး…..။ DKBA ဟူ၍ မပေါ်သေး…..။ `သမူဟဲ`၏ ကရင့်ငြိမ်းချမ်းရေးတပ်ဟူ၍မရှိ….။ မွန်ပြည်သစ်ပါတီပင် စစ်အုပ်စုနှင့်အပစ်အခတ်ရပ်စဲခြင်းမရှိသေး…..။
ဘုရားသုံးဆူကျပြီးနောက် နအဖမှ ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းကြောင်းအား ထိန်းချုပ်နိုင်ရန် လမ်းတစ်လျှောက် တပ်အင်အားကို တိုး၍ ချလာ၏။ `တောင်စွန်း`တွင် စစ်ဗျူဟာ တစ်ခုလာထိုင်သည်။ တောင်စွန်းရွာက ဘုရားသုံးဆူနှင့် သံဖြူဇရပ် လမ်းပေါ်ရှိ ရွာကြီးတစ်ရွာဖြစ်သည်။ ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပိုင်း၏ အလယ်တွင်ရှိသည်။ သံဖြှူဇရပ်မြို့အတွင်းတွင်ကား အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း တစ်ရင်းရှိသည်။ သံဖြူဇရပ်အထွက်တွင်မူ တိုင်းဗဟိုလေ့ကျင့်ရေး (၄)ရှိ၏။ ဘုရားသုံးဆူတွင်က ခြေမြန်တပ်ရင်းတစ်ရင်းနှင့် လှုပ်ရှားစစ်ကြောင်းတစ်ကြောင်းရှိသည်။ တောင်စွန်းဗျူဟာက ရ.တ.ခ လက်အောက်ခံမဟုတ်…..တပ်မလက်အောက်ခံဗျူဟာ ဖြစ်သည်။ ဗျူဟာက မမြဲ….။ မကြာခဏချိန်းသည်။ ၈၈….။၆၆…..။၄၄….။ တစ်လှည့်စီထိုင်ကြ၏။ ဗျူဟာအောက်တွင် လက်အောက်ခံတပ်ရင်း သုံးရင်း သို့မဟုတ် လေးရင်းပါလာတတ်၏။
မုဒုံ၊ခလယ်တံခွန်တိုင်၊ ဖားပြတ်လမ်းပိုင်းတွင် တံခွန်တိုင်၌တပ်ခွဲတစ်ခွဲထိုင်သည်။ ဖားပြတ်တွင်မူ စခန်းထိုင်နှင့်လှုပ်ရှားစစ်ကြောင်းတစ်ကြောင်းရှိ၏။ ဖားပြတ်၊ တောင်စွန်းနှင့် ၀ဲကလိတို့ကား ဖိုခနောက်ဆိုင်…..။ ထိုဒေသအတွင်းရှိသည့်ရွာအရေအတွက်ထက် နအဖစစ်တပ်တပ်ရင်းအရေအတွက်က ပို၍ပင်များမည်လားမသိ…..။
လက်နက်ကိုင်တော်လှန်ရေးအင်အားစုများက…..KNLAတပ်ရင်း (၁၆)နှင့် မွန်ပြည်သစ်ပါတီ၏ မော်လမြိုင်ခရိုင် လက်အောက်ခံတပ်ရင်းတစ်ရင်း…..။ ကျောင်းသားတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့လည်း KNLA၊NMSPတို့ အတူ ပူးတွဲ၍ လှုပ်ရှားကြသည်။ နည်းနည်းနှင့်ကျဲကျဲ….။
ခုခံရေးစစ်က ပျောက်ကျားစစ်….။ ရန်သူကမူ …..အလုံးအရင်းနှင့်ဝင်၏။ ကျည်အားနှင့်ဖိ၏။ လူအား၊ ကျည်အား၊ အဆုံးရှုံးခံ၏။ ရွာသားနှင့် ပျောက်ကျား….မခွဲခြား….`မီး`ကဲ့သို့ပင် ကျင့်၏။ စစ်အောင်နိုင်ရေးသည်သာသိသည့် စစ်ဝါဒီသက်သက်များ…..။ အထက်က အမိန့်ပေးသည်။ အောက်က လုပ်ဆောင်ကြ၏။ ရေးဘူးပေါက်တာမသိ….ရေပါဖို့သာ အဓိက….။ ဘယ်လိုရေမျိုးဖြစ်ဖြစ်…..ဘယ်လိုခပ်လာလာ….။

(ခ)
ကျနော်တို့၏နောက်တန်းအခြေစိုက်စခန်းများက ထိုင်း-မြန်မာနယ်စပ်မျဉ်းအားသီ၍ တည်ထားကြ၏။ `စခန်းသစ်`တွင်ရှိသည်။ `ပရော့်`တွင် ရှိသည်။ စခန်းသစ်မှ ဆင်းလျှင် ….`ကျိုက်ဒုံ`ရွာအထိ ကားလမ်းပေါက်သည်။ တောင်ပေါ်လမ်းဖြစ်သည်။ လမ်းကြမ်းဖြစ်၏။ `ဖို့ဝီး`များသာ သွားကြသည်။ `ဒေါန`တောင်တန်းအား ကျော်ခွ၍ ဖောက်ထားသောလမ်းဖြစ်သည်။ စခန်းသစ်မှ မနက်ထွက်လျှင် ကျိုက်ဒုံသို့ နေမကျိုးမှီ ရောက်၏။
`ကျိုက်ဒုံ`က `ဟောင်သရော`မြစ်၏ အရှေ့ဖက်ကမ်း၌ရှိသည်။ ရွာနှင့်မြစ်သည်ကပ်လျက်….။ ရွာ၏အနောက်ဖက်တွင် `ဟောင်သရော`မြစ်….။ ရွာ၏အရှေ့ဖက်တွင်မူ `ကျိုက်ဒုံ`ချောင်းငယ်….။ ချောင်းငယ်သည် ရွာကိုပတ်၍ `ဟောင်သရော`မြစ်အတွင်းသို့ စီးဝင်၏။ `ကျိုက်ဒုံ`ချောင်းရိုးအားခွ၍ `ဒူးပလာယာခရိုင်ရုံး`နှင့် kNLAတပ်မ (၆)၏ ဌာနချုပ်တည်ထား၏။ ထိုစဉ်က …. ..ဒူးပလာယာခရိုင် ဥက္ကဌမှာ အဖူးတာအဲယ်၊ အတွင်းရေးမှူးက ဖဒို့လီလေးဖြစ်သည်။ တပ်မဟာမှူးကမူ ဗိုလ်ချုပ်ရွှေဆိုင်းဖြစ်သည်။ ကျိုက်ဒုံရွာက ကွမ်းသီးခြံများအတွင်း ပျောက်၍နေသည်။ မြစ်ငယ်နှင့်ချောင်းရိုးသွယ်အကြား ကျိုက်ဒုံရွာက အေး၍… စိပ့်၍ …..။ ငြိမ်၍….တိတ်၍ …..။
`ဟောင်သရောမြစ်`က နွေဆိုလျှင် ….ရေကပေါင်လယ်ခန့်သာ ရှိ၏။ ဟောင်သရောမြစ်၏အနောက်ဖက်ကမ်းတွင် ဘုရားကုန်းရှိသည်။ စေတီနှင့်ဘုန်းတော်ကြီးကျောင်း …..။ ဘုရားကုန်းမှ နှစ်နာရီခန့်လျှောက်လျှင်မူ ….`၀င်းလုံ`ရွာသို့ရောက်သည်။ ၀င်းလုံရွာ၏ရွာလယ်လမ်းမတစ်လျှောက် လုံးက အိမ်ဆိုင်များနှင့် စီစီရီရီ….။ ၀င်းလုံ၊ ကျိုက်ဒုံတို့ကား ဟောင်သရောမြစ်ရိုးနှင့် နယ်စပ်လမ်းကြောင်းကို ချိတ်ဆက်၍ ကုန်သွယ်စီးပွားသာယာသည့် ရွာများဖြစ်သည်။ ၀င်းလုံလွန်လျှင် ….`မယ်တဲ့ကလှဲ`ရွာသို့ရောက်မည်။ နေ့တစ်ဝက်ခန့်လျှောက်ရသည့်ခရီးဖြစ်သည်။ `မယ်တဲ့ကလှဲ` မှ ကြာအင်းဆိပ်ကြီးသို့ လမ်းပေါက်၏။ လှည်းများနှင့် ကုန်အသွယ်အပို့ လုပ်ကြ၏။ ကြာအင်းဆိပ်ကြီးက `မယ်တဲ့ကလှဲ`ရွာ၏ အနောက်မြောက်ဖက်တွင်ရှိသည်။ `မယ်တဲ့ကလှဲ` မှ အနောက်တောင်ဖက်သို့ ဆက်၍လျှောက်လျှင် …..`ခရမ်းတော`ရွာအားရောက်၏။ `ခရမ်းတော`ရွာက ဇမိမြစ်၏ အရှေ့ဖက်ကမ်းတွင်ရှိသည်။ အရှေ့ဖက်ကမ်းဟုဆိုသော်လည်း ဇမိမြစ်ဘေးတွင်မှေးတင်ဦးခိုက်၍ တည်ထားသော ရွာမဟုတ်….။ ခရမ်းတောမှ မီနစ် နှစ်ဆယ်ခန့်ဆက်လျှောက်မှ ဇမိမြစ်ကမ်းပါးသို့ ရောက်ခြင်းဖြစ်သည်။ ကျိုက်ဒုံ၊၀င်းလုံ၊ မယ်တဲ့ကလှဲနှင့်ခရမ်းတောရွာများအားလုံးက ကရင်ရွာများ….။ `ခရမ်းတော`မှ ဇမိမြစ်၏ မြစ်ညှာတွင်မူ `ကွမ်းသီးခြံ`ရွာရှိသည်။ `ကွမ်းသီးခြံ`က မူ ဗမာရွာဖြစ်သည်။ `ဇမိမြစ်` နှင့်`ဟောင်သရောမြစ်` အကြားက KNU ဒူးပလာယာခရိုင်၏ ကြားအင်းဆိပ်ကြီးမြို့နယ်ဖြစ်သည်။
`ခရမ်းတော` မှ ဇမိမြစ်အားကူးလျှင် အနောက်ဖက်ကမ်း၌ `ဝေဇာလီ`ရွာရှိသည်။ `ဝေဇာလီ`သည်လည်း ဇမိမြစ်ကမ်းဘေးရှိရွာမဟုတ်….။ ကမ်ပါးမှ မိနစ်သုံးဆယ်ခန့် ခြေလျင်လျှောက်မှ `ဝေဇာလီ`သို့ရောက်သည်။ `ဝေဇာလီ`က မွန်ရွာကြီးဖြစ်သည်။ တောင်ပေါက်နှစ်ဆယ့်လေးရွာအတွင်းရှိသည့် ရွာဖြစ်သည်။ KNU နှင့် NMSP တို့၏ ပူးတွဲအုပ်ချုပ်ရေးဒေသ….။
ဘုရားသုံးဆူဖက်မှနေ၍ ပူးတွဲအုပ်ချုပ်ရေးဒေသသို့ ဆင်းလျှင်မူ ဇမိမြစ်ကြောင်းအတိုင်း စုန်ဆင်းလာ၍ရသည်။ ဇမိမြစ်က ဘုရားသုံးဆူတောင်ကြားများမှ မြစ်ဖျားခံ၍ ဖြစ်တည်လာသော မြစ် …..။
ကျနော်တို့က ထိုပူးတွဲဒေသအတွင်း အခြေပြု၍ ကြာအင်းဆိပ်ကြီး၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရောမြို့များသို့ ဆက်သွယ်ကြ၏။ ထိုမှ ….မော်လမြိုင်…..။ ထိုမှ… မြို့ပြလူထု၏ ရင်ခုန်သံအား ၀ါးရုံပင်အောက်မှ ကိုင်းကူးယူကြ၏ …….။

၂၀၀၈ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့တွင် မစ္ဇျိမ၌ဖော်ပြခဲ့သည်။

No comments:

Post a Comment