Friday, April 10, 2009

ဇာဂနာ (သို့မဟုတ်) လူထုနှလုံးသည်းပွတ်နှင့် ရင်ခုန်သူ …..

(မင်းဆွေသစ်)



(က)
ကိုသူရ မိခင်၏ဇာတိက မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကဖြစ်သည်။ အထက်တန်းကျောင်းသား မောင်သူရ ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း မိခင်ဇာတိ တောင်စွန်းသို့ အလည်ရောက်၍နေသည်။ ဆွေမျိုးများနှင့်တရုန်းရုန်း ….။ ကေလာသတောင်သို့တတ်သည်။ ကျိုက်ထီးဆောင်းဘုရားသို့သွား၏။ ဆွေမျိုးညီအစ်ကိုမောင်နှမများနှင့် …..။ ရန်ကုန်သား မောင်သူရ ကျေးလတ်တွင် ပျော်နေ၏။ ထိုစဉ် …. တောင်စွန်းသို့ အငြိမ့်ပွဲဝင်၏။ အငြိမ့်က မော်လမြိုင်အငြိမ့် ….။ ဗလာပွဲပင် …..။ စင်ထိုးသည်နှင့် မောင်သူရ အငြိမ်မနေနိုင်တော့ …… စင်ပေါ်တတ်ချင်နေ၏။ ဆွေမျိုးများက မြှောက်ပေးကြ၏။ အငြိမ့်မှ လူရွှင်တော်ကြီးများနှင့် ရင်းနှီးအောင် ကြိုးစားပေးကြ၏။ မြို့ခံများက ဧည့်ခံရင်း ….လူရွှင်တော်ကြီးများနှင့် ရင်းနှီးသွားကြသည်။ လူရွှင်တော်ကြီးနှစ်ယောက်က မောင်သူရအား ပျက်လုံးတွေ တိုက်ပေး၏။ သင်ပေး၏။ မောင်သူရက ခြေတကြွကြွ…..။ ဆွေမျိုးများကလည်း အားပါးတရ….။ ညရောက်ပြီ…..။ အငြိမ့်ထွက်ပြီ ……။ ၁၅-နှစ်သား မောင်သူရလည်း လူရွှင်တော်အ၀တ်အစားများနှင့်စင်ပေါ်မှာ …..။ ညနေက လူရွှင်တော်ကြီးများ တိုက်ပေးထားသည့် ပျက်လုံးများကို ပျက်ရန်အသင့် ….။ စင်ပေါ်ရောက်တော့ …. ညနေက ပျက်လုံးများသင်ပေးခဲ့သည့် လူရွှင်တော်ကြီးနှစ်ယောက်က လူရွှင်တော်လေး မောင်သူရအား လှည့်၍ပင် မကြည့် …. ။ သူတို့နှစ်ဦးပင် ပျက်လုံးများအား ရေပက်မ၀င် ပျက်၍နေကြ၏။ ပရိတ်သတ်က တ၀ါးဝါး ….တဟားဟား…..။ လူရွှင်တော်လေးမောင်သူရငေါင်၍နေသည်။ ဘယ်အချိန် သူဝင်ပျက်ရပါ့မလဲ ….။ တွေး၍ကြည့်၏။ ငေး၍ကြည့်၏။ ဤသို့နှင့် ဇက်စင်ပေါ်၌ တောကြည့်တောင်ကြည့် ဖြစ်၍လာသည်။ ပရိတ်သတ်အား ကြည့်ရင်း အားငယ်လာသည်။ လူရွှင်တော်ကြီးနှစ်ယောက်ကတော့ မင်မောင်းအပြည့်နှင့် ပျက်၍ကောင်းဆဲ …..။ တဖြည်းဖြည်းနှင့် လူရွှင်တော်လေးမောင်သူရ ဇာတ်စင်ပေါ်၌ နေရင်း ….. ရင်ထဲ၌ မျက်ရည်တွေပြည့်လာ၏။ အငြိမ့်စင်တိုင်အကွယ်သို့ မသိမသာခိုဝင်းရင်း …. တိုးဝင်ရင်း နှင့် ……။ ပရိတ်သတ်အား မျက်နှာမပြ၀ံ့တော့ ….။ နှင်းမှုန်များအောက်၌ မောင်သူရ ချွေများစို၍နေခဲ့ရ၏။
ထိုစဉ်က …. ဇာဂနာဟူ၍ မဖြစ်သေး …..။
“ ကျနော့် ဘ၀မှာ ဘယ်လိုမှ မမေ့နိုင်ခဲ့သလို သင်ခန်းစာအကြီးကြီးရခဲ့တဲ့ အချိန်တစ်ခုပါပဲ။ ကိုယ့်မှာ ကျည်ဆန်မရှိလို့ဆိုပြီး သူများပစ်တာ ခံခဲ့ရတာပါ။ သည့်အတွက်ကြောင့်လည်း ကျနော် ၀မ်းစာပြည့်အောင် ကြိုးစားခဲ့ရသလို နေရာရအောင် ကြိုးစားခဲ့ရပါတယ်”
( ရတီ -၂၀၀၆ခုနှစ် မတ်လထုတ် ဇာဂနာ၏ဆောင်းပါး -စာမျက်နှာ ၁၇၄ မှ )

(ခ)
ကိုသူရသွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ကျောင်းသားဘ၀တွင် ….. ကျောင်းကပွဲများ၌ အငြိမ့်ကဖြစ်လာ၏။ ဆဌမအကြိမ် သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်၏ ဘွဲနှင်းသဘင်အခမ်းအနား၌ အငြိမ့်ပွဲပါ၏။ ကိုသူရတို့၏ အငြိမ့် ….။ “ ပုလဲသွယ်အငြိမ့်” ဟူ၍အမည်ပေးသည်။ အခြားကျောင်းသားများနှင့်အတူ ကိုသူရလဲ လူရွှင်တော်လုပ်သည်။ ပုလဲသွယ်အငြိမ့်တွင် …. လူရွှင်တော် လေးယောက်ရှိ၏။ မိုလာ၊ စကေလာ၊ တင်ချာနှင့် ဇာဂနာဟူ၍အမည်ပေးကြ၏။ အားလုံးသွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ကျောင်းသားများနှင့် ရင်းနှီးသည့်အသုံးအဆောင်အမည်များ …..။ ဤတွင်ကိုသူရမှ ဇာဂနာဖြစ်လာခဲ့၏။ (ကို) ဇာဂနာ၏ အနုပညာဖြေဖျော်မှုက ……သစ်ပုတ်ပင်နှင့် အင်းယားကမ်းစပ်၌ပင် ရပ်၍မနေ ….။ ပြည်သူလူထုအတွင်းသို့ တိုး၍ စီးဝင်ရန်ကြိုးစား၏။ ရန်ကုန်တက္ကသိုလ်(လှိုင်)မှ အနုပညာရှင်များနှင့် ပေါင်းပြီး ရန်ကုန်မြို့တော်ခမ်းမတွင် ဖျော်ဖြေခဲ့ကြ၏။ ဂီတဖက်မှ ကိုင်ဇာ၊ ဗထူးချစ်၊ မောင်မောင်ချန်တို့နှင့် တွဲမိလာခဲ့၏။

(ဂ)
ရန်ကုန်မြို့တော်ခမ်းမရှေ့ စင်တင်ဖျော်ဖြေပွဲပြီးသည့်နောက် …. (ကို) ဇာဂနာစဉ်းစားသည်။ ကံ့ကော်တောအား ကျော်ခဲ့ပြီ….။ လူထုကြီးအတွင်း များများနဲ့ မြန်မြန် ပျံ့နှံနိုင်အောင် အနုပညာကို ဘယ်လိုဖြန့်မလဲ……။ အငြိမ့်စင်ပေါ် တတ်ကပါက …. တစ်ပွဲကြည့်မှ ပရိတ်သတ်က ငါးထောင်….တစ်သောင်း……။ နည်းသည်။ အားမရ…..။ (ကို) ဇာဂနာစဉ်းစား၏။ ကြားခံမီဒီယာ အသုံးပြုရမည်။ အများဆုံးနှင့်အမြန်ဆုံး ပျံ့နှံနိုင်သည်က ရုပ်မြင်သံကြား…..။ TV ပရိတ်သတ်က သန်းဂဏန်းအထိရှိသည်။ တစ်နိုင်ငံလုံး ….တနံ…တလျား….။ ချက်ချင်းပျံနှံမည်။ ဤတွင် မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်တွင် ဖျော်ဖြေအငြိမ့်ကပြနိုင်ရေး အတွက် (ကို) ဇာဂနာလုံးပမ်း၏။
၁၉၈၄….ခုနှစ် ။
လွတ်လပ်ရေးနေ့ ဂုဏ်ပြုအငြိမ့်အား မြန်မာ့ရုပ်မြင်သံကြားတွင် ဖျော်ဖြေနိုင်ရေးအတွက် (ကို) ဇာဂနာကြိုးစား၏။ ထိုစဉ်က “ မိုးနတ်သူဇာအငြိမ့်” အား ထူထောင်ပြီးဖြစ်သည်။ မင်းသမီးက (မ) သီတာဝင်း……။ လူရွှင်တော်များက …..တတ်တူ၊ စုတ်ချွန်း၊ ပိန်ပိန်နှင့် ဇာဂနာတို့ဖြစ်သည်။ ရုပ်မြင်သံကြားဂုဏ်ပြုအစီအစဉ်တွင် (ကို) ဇာဂနာက သမိုင်းရေးရာ နောက်ခံထားသော အငြိမ့်ခန်းအား လုပ်ချင်၏။ (ကို) ဇာဂနာအချိန်ပေး၍ လုပ်ခဲ့ရသည်။ ရှေ့မှီ….အနုပညာသည်ကြီးများနှင့် တွေ့၏။ မေး၏။ မှင်သက်ခဲ့ရ၏။ အမေ (ဒေါ်)အောင်ကြည်၊ ဆရာကြီး ဦးခင်မောင်လတ်၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ ဂီတလုလင်မောင်ကိုကို၊ (ဒေါ်)ထား၊ မြန်မာ့အသံ ဦးသစ္စာ…..တို့က (ကို) ဇာဂနာအား ကူညီပေးကြ၏။ လမ်းညွှန်းပေးခဲ့ကြ၏။ ဤသို့နှင့် …… သမိုင်းအချက်အလက်များအား (ကို) ဇာဂနာမှတ်သားရှာဖွေခဲ့ရ၏။ ၁၉၄၇ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့တွင် မြန်မာနိုင်ငံရုပ်ရှင်နှင့်ပြဇာတ်ဌာနအား ဆရာကြီး ဦးဥာဏခေါင်းဆောင်၍ ဖွဲ့စည်းခဲ့၏။ ပြဇာတ်ဌာန၏ဌာနမှူးက ဒဂုံဆရာတင် …။ ဆရာရန်နိုင်စိန်က ထိုဌာန၏ ၀န်ထမ်းတစ်ဦး….။
၁၉၄၈ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့ …..လွတ်လပ်ရေးရလျှင် ….. မြန်မာ့အသံမှ ထုတ်လွှင့်ရန် လွတ်လပ်ရေးသီချင်းတစ်ပုဒ်လိုသည်။ ရှိပြီးသီချင်းက ဆရာရွှေတိုင်ညွှန့်ရေးသည့် ဂျပန်ခေတ်ရွှေရည်စိမ် လွတ်လပ်ရေးပေးတုန်းက သုံးခဲ့သည့်သီချင်းဖြစ်သည်။ မသုံးချင်….။ သို့နှင့် ….. သီချင်းသစ်အား ရွေးကြ၏။ ဆရာကြီးဦးဥာဏက စာသားရေးပြီး ….ဆရာရန်နိုင်စိန်က အသံထည့်၏။ ဤသို့နှင့် လွတ်လပ်ရေးသီချင်းသစ် တစ်ပုဒ်ရလာ၏။ ဤသီချင်းအား ၁၉၄၈ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့ မနက် (၄)နာရီ (၂၀) မီနစ်တွင် မြန်မာ့အသံမှ လွတ်လပ်ရေးကြေညာပြီးသည်နှင့် ထုတ်လွှင့်ခဲ့၏။
ဤသီချင်းအား (ကို) ဇာဂနာက ၁၉၈၄ခုနှစ် လွတ်လပ်ရေးနေ့ မြန်မာ့ရုပ်မြင်သံကြား ဂုဏ်ပြုအစီအစဉ် ဖြေဖျော်ခန်းတွင် “ မိုးနတ်သူဇာ အငြိမ့်” ၏အဖွင့် သီချင်းအဖြစ် ပြန်၍ဖော်ထုတ်ခဲ့၏။
“……. ဗမာဟေ့ ဗမာ ကမ္ဘာရှေ့မှာ ဗမာဟေ့လို့ ကြွားဝင့်စရာ တို့အဆင့်အတန်းနဲ့ လျှမ်းတင့်ဝေဆာပြီ ဒါတို့ပြည် ဒါတို့မြေ ဒါတို့ပြည် အဖိုးမဖြတ်တဲ့ လွတ်လပ်ရေးနဲ့ အေးချမ်းသာယာစည် တိုင်းရင်းသား လူမျိုးတိုင်းသည် အခွင့်အရေးညီညီ တကယ်လွတ်လပ်ပါပြီ”
(ရတီ-၂၀၀၅ခုနှစ် အောက်တိုဘာလထုတ် ဇာဂနာ၏ဆောင်းပါး၊ စာမျက်နှာ ၁၇၃ မှ )

(ဃ)
ဇာဂနာနှင့် မိုးနတ်သူဇာက ခွဲ၍မရတော့ ….။ တွဲ၍သာမြင်နေကြသည်။ ဇာဂနာ၏ပျက်လုံးများက လူထုကြားမှလာသည့်ပျက်လုံးများဖြစ်၍ လူထုနှင့်ထိမိ၏။ ခေတ်ကြီးက သရော်စရာများနှင့် ပြည့်နေ၍ ဇာဂနာ၏ပျက်လုံးများက ခေတ်နှင့်ညီ၍နေသည်။ မြန်မာ့ရုပ်မြင်သံကြားတွင် ဖျော်ဖြေရသလို ….၊နိုင်ငံအနှံမြို့ကြီးများတွင်လည်း စင်တင်၍ ဖျော်ဖြေကြရသည်။ ဇာဂနာက မိုးနတ်သူဇာအား ဤမျှနှင့်အားမရ …..။ ရပ်မနေချင်….။ အငြိမ့်သဘင်အား ပြောင်းလဲချင်၏။ ဤတွင် မိုးနတ်သူဇာမှ စလိုသည်။
ထိုင်မသိမ်းတွေဝတ်၊ ဆံထုံးကြီးတွေထုံးပြီး အငြိမ့်မင်းသမီးတွေ ကနေတာကြာပြီ…..ရိုးလောက်ပြီ။ ကိုးရီယားမှာလို ၊ ဗီယက်နမ်မှာလို ယပ်တောင်ယိမ်းတွေ …..၊ လယ်သမားယိမ်းတွေလိုမျိုးနှင့် အငြိမ့်ကို တင်ဆက်ချင်သည်။
ကောက်စိုက်သမ သီချင်း……။
အငြိမ့်မင်းသမီးနှင့်အဖွဲ့က ကောက်စိုက်သမ၀တ်စုံနဲ့ လယ်ကွင်းထဲတွင် ကောက်စိုက်ရင်း သီချင်းဆိုမည်။ ပြီးလျှင် ….. အကအပိုဒ်ပြောင်း ….။ ဒီတော့ ….. မင်းသမီးဝတ်စုံနှင့်ပြန်ကမည်။ တင်ဆက်ပုံပြောင်းမည်။ အကြောင်းအရာက လူထုဘ၀သို့ ၀င်မည်။
ညဘက် အပျိုမလေးတွေအနား ကာလသားလူပျိုတွေ လူပျိုလှည့်မည်။ လသာသာတွင် ….။ ကောင်မလေးတွေက ဗိုင်းငင်ချင်ငင်နေကြမည်။ လူပျိုကာလသားတွေက အနားတွင် စကားထာဖွက်မည်….။ ကျေးလတ်ကို ဖော်မည်။ သီချင်းက ကျေးလတ်သီချင်း ….။ ပြီးလျှင်တော့ အငြိမ့်မင်းသမီးက ….အကစွမ်းရည်ပြဖို့အတွက်ကတော့ စင်ပေါ်တတ်ပြီးကစေမည်။ ဤတွင်လည်း မင်းသမီး၏အကကို တစ်ယောက်တည်း ကနေသည်ထက် ပို၍ “ကြွ”စေရန် အားဖြည့်မှုအဖြစ် ဟာမိုနီယိမ်းအဖွဲ့ကို ထည့်မည်။ မင်းသမီးနှင့် ယိမ်းအဖွဲ့၏ အကသည် ဆန့်ကျင်ဖက်ဆန်မည်ဆိုသော် …..ကြည့်သူအမြင်တွင်မူ လိုက်ဖက်မှုရှိနေရမည်။ ဤသိုပ….မိုးနတ်သူဇာတွင်စ၍ အငြိမ့်ရှုတင်အားပြောင်းချင်၏။ ပြောင်းလဲလိုသော် ဇာဂနာနှင့် ရှေးရိုးစွဲတို့အကြား ပြဿနာဖြစ်၏။ ပရိပက္ခသည်ကြီး၍လာသည်။ နောက်ဆုံး …..မိုးနတ်သူဇာ ကွဲခဲ့၏။ မင်းသမီး (မ) သီတာဝင်းဦးဆောင်သည့် မိုးနတ်သူဇာနှင့် (ကို) ဇာဂနာအသစ်ထူထောင်သည့် မြပုဏ္ဍာမာအငြိမ့်ဟူ၍ ….။
မြပုဏ္ဍာမာတွင် (ကို) ဇာဂနာနှင့်တွဲဖက် အညီဆုံးက “အရိုင်း” ဖြစ်သည်။ ပြုပြင်ပြောင်းလဲလိုသော တင်ဆက်မှုအသစ်များနှင့် မြပုဏ္ဍာမာအား စခဲ့ကြ၏။ မြန်မာ့ရုပ်မြင်သံကြားမှ “ အမှတ်တရ ရတနာပုံ” အစီအစဉ်တွင် မြပုဏ္ဍာမာ၏ “ ရှေးအငြိမ့်၊ အမျိုးသားအငြိမ့်” အစီအစဉ်တို့အား တင်ဆက်ဖျော်ဖြေခဲ့၏။ (ကို) ဇာဂနာ၏ “နေကောင်းသွားမှာပါ ….” ၊ “ အားလည်း နာတယ်၊ ခင်လည်း ခင်တယ် …..” ၊ သနားတယ် ….” ၊ သိနေတယ်လေ ….” ။ ပျက်လုံးများက လူထုစကားဖြစ်၍လာသည်။
လူရွှင်တော်များနှင့် ပျက်လုံးများမှာမူ ပြောစရာမရှိ…..။ “အား”ကောင်းသည်ဟု ဆိုရမည်။ မြပုဏ္ဍာမာ၏ အငြိမ့်ခန်းအဖွင့်အား ပရိတ်သတ်စိတ်ဝင်စားရန် (ကို) ဇာဂနာတို့ ပြင်ကြရပြန်သည်။ မင်းသမီး၏အကအား ပရိတ်သတ်က တခုတ်တရထိုင်ပြီး ကြည့်ရှုချင်စေရန် မြပုဏ္ဍာမာ၏အငြိမ့်အဖွင့်တေးထပ်အား အမျိုးသားနေ့ ဂုဏ်ပြုတေးထပ်နှင့်စသည်။ ရုပ်ရှင်မင်းသားကြီး (ဦး)၀င်းဦးက ရေးပေး၏။
“….. မျိုးမြန်မာ စံပမာပြုသိရန်ဆို ကနက်၏သဏ္ဍာန် သီဟာကြငှာန်း ရွှေနန်းရွှေထီး ပြည်ကြီး ဟန်ထည် စည်တီးသံကြွယ် တစ်ခေတ်တစ်ချိန်က လျှမ်း …….“
(ရတီ-၂၀၀၆ခုနှစ် ဖေဖော်ဝါရီလထုတ် ဇာဂနာ၏ဆောင်းပါး စာမျက်နှာ -၁၈၁ မှ)

(င)
၁၉၈၈ ခုနှစ် “၈” လေးလုံး အရေးတော်ပုံကြီးအတွင်း၌ (ကို) ဇာဂနာသည် အနုပညာရှင်တစ်ဦးအနေနှင့် ဒီမိုကရေစီအရေးတိုက်ပွဲတွင် တတ်တတ်ကြွကြွ ပါဝင်ခဲ့၏။ ရန်ကုန်မြို့ရှိ လူထုတရားပွဲများတွင် (ကို) ဇာဂနာ အုပ်စိုးသူ အာဏာရှင်များအား သရော်သည့် ပျက်လုံးများက ထိမိလှ၏။
မကြာ …. ။ ၁၉၈၈ ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့တွင် အာဏာသိမ်းစစ်အုပ်စုက (ကို) ဇာဂနာအား ရန်ကုန်မြို့ဘားလမ်းရှိ စပယ်ဦးစာပေတိုက်အတွင်းမှာပင် ၀င်ရောက်၍ ဖမ်းဆီးခဲ့၏။
အငြိမ့်စင်မီးရောင်အောက်မှ နံရံလေးဘက်အကြား အမှောင်တိုက်အတွင်းသို့ (ကို) ဇာဂနာရောက်သွားခဲ့တော့၏။ သို့သော် …. (ကို) ဇာဂနာ၏ပျက်လုံးများကမူ လူထုအကြား၌ ပျံ့နှံ၍နေ၏။ စစ်အုပ်စုမှ သေနတ်ပြ၍ (ကို) ဇာဂနာ၏ ပျက်လုံးများအား ဖမ်းဆီး၍မရ ….။

(စ)
“အင်းစိန်” မှ ပြန်လာခဲ့ပြီးနောက် (ကို) ဇာဂနာအငြိမ့်စင်ပေါ်သို့ တတ်ခွင့်မရတော့ …..။ အာဏာရှင်တို့သည် (ကို) ဇာဂနာ၏ ပျက်လုံးများအား ဒီဝီဇံတပ်မကြီးတစ်ခု၏ ကျည်ပစ်အားထက် ကြောက်လန့်ဟန်တူ၏။ (ကို) ဇာဂနာအား အငြိမ့်ကခွင့် လုံးဝခွင့်မပြုတော့ …..။
နှစ် နှစ်ဆယ်လုံးလုံး (ကို) ဇာဂနာအငြိမ့်ကခွင့်မရ၊ ပျက်လုံးထုတ်ခွင့်မရ …..။
ကန့်လန့်ကာ …..။ မီးရောင်အောက်၌ ဖျော်ဖြေကပြခွင့်မရသည့် (ကို) ဇာဂနာ…..။ ဘာလုပ်မည်နည်း ….။ သူ၏ အနုပညာက “ရပ်” ၍ မနေ…..။ “အ”၍ မသွား…..။ လူထုထံသို့ စီးဝင်ရန် ကြိုးစားဆဲ….။ (ကို) ဇာဂနာသည် …..ကန့်လန့်ကာ မီးရောင်အောက်မှနေ၍ ….ပိတ်ကားဖလင်ကြားနှင့် ဖန်သားပြင်သို့ ကူးပြောင်းရန် သူ့၏အနုပညာအား လူထုထံသို့ စိမ့်ဝင်စီးဆင်းစေပြန်၏။
ဤတွင် ….ဟာသသရုပ်ဆောင် (ကို)ဇာဂနာ …. ဒါရိုက်တာ မောင်သူရ …. ဟူ၍ ဖြစ်လာခဲ့ပြန်၏။ အငြိမ့်စင်တွင်ကိုယ်တိုင်မီးရောင်အောက်သို့ မ၀င်နိုင်သော်လည်း …. ကန့်လန့်ကာနောက်ကွယ်မှနေ၍ ၀ါယမ စိုက်ပြန်သည်။ ကင်ကောင်း၊ ဂေါ်ဇီလာ၊ ညောင်ညောင် ….။ ထင်ပေါ် ၊ ဒိန်းဒေါင်၊ အာနို ….။ ထိန်ထိန်၊ စုတ်ဖွား၊ ချက်စူး….တို့အား (ကို)ဇာဂနာက မီးရောင်အောက်သို့ ရောက်အောင်ပို့ပေး၏။
အငြိမ့်စင်ပေါ်သို့ တတ်ခွင့်မရသည့် (ကို)ဇာဂနာသည် ဖန်သားပြင်မှတဆင့် “ မိုးအငြိမ့်” ဟူ၍ VCD နှင့် လူထုအား ဖျော်ဖြေပြန်၏။ အောင်မြင်၏။ လူထုမှ အားပေး၏။ ထိုနောက်…. ရာဇာနေ၀င်းနှင့် “ ရာဇာကြီး နှစ်ပါးခွင်” အား ဒါရိုက်တာ မောင်သူရမှ ရိုက်၏။ အငြိမ့်စင်မြင့်မှ လုပ်ချင်သည်များအား လုပ်ခွင့်မရခင် (ကို)ဇာဂနာမှ လုပ်နေခြင်းဖြစ်၏။ သြဂတ်စတြာနှင့်နှစ်ပါးက၏။ မြေ၀ိုင်းအကလည်းပါ၏။
အငြိမ့်စင်မြင့်မှ စ၍ ပရိတ်သတ်သိခဲ့ရသော (ကို)ဇာဂနာ သည် နှစ်-နှစ်ဆယ်လုံးလုံး အငြိမ့်ကခွင့် မရခဲ့…။ သို့သော် …. လူထုပရိတ်သတ်ကမူ လူရွှင်တော် ဇာဂနာအဖြစ် သူတို့၏နှလုံးသည်းပွတ်၌ စွဲမြဲစွာ ထင်နေဆဲ ….။ အငြိမ့်ကပြခွင့် မရသည့်နောက် …. ရုပ်ရှင်နှင့် ဗွီဒီယိုတို့တွင် သရုပ်ဆောင်သည်။ ဟာသ သရုပ်ဆောင် (ကို)ဇာဂနာ အဖြစ် လူထုပရိတ်သတ်က လက်ခံအားပေးကြ၏။ တဖန်…. ရုပ်ရှင် ၊ ဗွီဒီယိုဇာတ်ကားများရိုက်၏။ ဒါရိုက်တာ မောင်သူရအဖြစ်နှင့် ….။ ဒါရိုက်တာ မောင်သူရ ရိုက်ကူးသည့် ဇာတ်ကားများက …. မဲပြာပုဆိုးကားများမဟုတ် ….။ တွေးစရာပါ၏။ စဉ်းစားရန် ပါ၏။ နိမိတ်ပုံများသုံး၏။ သင်္ကေတများပါ၏။ ထူးသည်ဟု ဆိုရမည့်ကားများ ….။

(ဆ)
လွန်ခဲ့သည့် ၂-နှစ်လောက်က ကြည့်ခဲ့ရသည့် VCD ဇာတ်ကားအား ပြန်၍သတိရမိသည်။ ဒါရိုက်တာက မောင်သူရ ….။ မင်းသမီးတစ်ယောက်မှ မပါ။ မင်းသားဟု ပြော၍ရမည်က …..လူမင်း ….။ အဓိကဇာတ်ကောင်များက ….(ကို)ဇာဂနာနှင့် (ကို)ကျော်သူတို့ နှစ်ယောက် ….။ ဇာတ်ရံများပါသည်။ အားလုံးလူရွှင်တော်များပင် ….။ ညောင်ညောင်… တစ်ယောက်ကိုတော့ မှတ်မိနေ၏။ (ကို)ကျော်သူနှင့် (ကို)ဇာဂနာတို့နှစ်ယောက် ငွေကြေးပြည့်စုံသည့် လုပ်ငန်းရှင်ကြီးများ …..။ သူတို့နှစ်ယောက် အလောင်းအစားပြုလုပ်ကြ၏။ အခြေခံမရှိသော သူတစ်ယောက်အား ငွေကြေးများပုံပေးလိုက်လျှင် ဘာဖြစ်သွားမလဲ……။ အလုံးစုံပျက်စီးခြင်းသို့ ဆိုက်သွားမည်လား….။ ဒါမှမဟုတ် …. ။ လောင်းကြေးက ကော်ဖီခါးခါးတစ်ခွက်ကြေး….။ ဤတွင် ဒါရိုက်တာ မောင်သူရ ရိုက်ပြ၏။ လူမင်းက ရန်ကုန်ဆင်ခြေဖုံး ကျူးကျော်ရပ်ကွက်တွင် နေသည်။ ပထွေးနှင့် … … ပထွေးက အရက်သမား၊ အမေက ပထွေးကို ကြောက်ရသည်။ ပထွေးက မင်းသားကြီး (ဦး)အောင်လွင် …..။ လူမင်းက မြို့တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် လုပ်သည့် အလုပ်ကြမ်းသမား …..။ အလုပ်သမားပထွေးနှင့်ကြီးခဲ့ရသည့် လူငယ်တစ်ဦး …..။ ပညာမသင်ခဲ့ရ…..။ လောကနီတိမသိ။ လုပ်ခထဲမှ ပထွေးအား အရက်ဖိုးပေးရသည်။ ဤဇာတ်ကောင် လူမင်းအား (ကို)ကျော်သူနှင့် (ကို)ဇာဂနာက ငွေကျပ် ဆယ်သိန်းခေါ်ပေးပြီး …. သူဘာဖြစ်မည်ကို အလောင်းအစားလုပ်ကြ၏။ မကြာ …. ငွေဆယ်သိန်းအား မစီမံတတ်၍ လူမင်း အလုံးစုံပျက်သုဉ်းခြင်းသို့ ဆိုက်သွား၏။ မိခင်သေ၏။ ဘ၀ပျက်၏။
ဤတွင် (ကို)ကျော်သူနှင့်(ကို)ဇာဂနာတို့၏ ဒိုင်ယာလော့များနှင့် ဇာတ်လမ်းအားပို့၏။ အာဏာ ၊ လုပ်ပိုင်ခွင့်၊ ငွေကြေးဓနတိုကား ကောင်းမွန်စွာ စီမံခန့်ခွဲမှု မပြုလုပ်နိုင်ပဲ ပိုင်ဆိုင်နေပါက … မိမိနှင့် မိမိပါတ်ဝန်ကျင်းကိုပါ အလုံးစုံ ပျက်သုဉ်းခြင်းသို့ ဆိုက်ရောက်စေကြောင်း …..။ ပြီးပြီ …..။
သို့သော် …. ကျနော်က ဒါရိုက်တာ မောင်သူရရိုက်ပြသည့် “နိမိတ်ပုံ” များအား ရှာနေမိသည်။ လူမင်းအား လူမင်းအဖြစ် မမြင်တော့…..။
(ကို)ဇာဂနာက အနုပညာတွင် အဘက်ဘက်မှ အောင်မြင်သည်ဟု ဆိုရမည်။ ဘာကြောင့်နည်း …။ (ကို) ဇာဂနာ က သူ၏အနုပညာအား သူ၏နှလုံးသားနှင့်ဖန်တီး၏။ သူ့နှလုံးသွေးက လူထု၏နှလုံးသွေးနှင့် ဆက်၍စီးမျှောနေသည်။ လူထုရင်ခုန်လျှင် (ကို)ဇာဂနာ ရင်ခုန်၏။ လူထု ရယ်ရွှင်လျှင် (ကို)ဇာဂနာ ရယ်ရွှင်၏။ လူထုတိုက်ပွဲဝင်လျှင် ထိုတိုက်ပွဲ၌ (ကို) ဇာဂနာရှိ၏။ ထိုကြောင့် …. (ကို)ဇာဂနာ၏ အနုပညာက လူထု၏အနုပညာ….။ လူထုနှလုံးသည်းပွတ်မှ လာသည့် အနုပညာ ……။

(ပြည်သူ့အနုပညာရှင်များအား ဂုဏ်ပြုပါသည်)


၂၀၀၈ခုနှစ် အောက်တိုဘာလ(၁၆)ရက်နေ့၌ Mizzima Website တွင် ဖော်ပြခဲ့သည်။

“မယ်လဲထ ….”

(ရွှေအိမ်စည်)

(က)
“တုန်း….ကျီ”
”“တုန်း….ကျီ”
“တုန်း…..ကျီ”
နရီမှန်စွာ ထွက်ပေါ်နေသည့် အသံကြောင့် အိပ်နေရာမှ ကျနော်နိုးလာသည်။ အမှောင်ထုက လွှမ်းခြုံထားဆဲ….။ အသံသည် ကျနော်တို့ အိပ်နေသည့် တဲငယ်၏ခြေရင်းဖက်အောက်မှဖြစ်သည်။ ပထမမည်သည့်အသံဟူ၍မသိ….။ ရေနံဆီမီးခွက်၏အလင်းရောင်အား အသံကြားရသည့် နေရာဆီမှ တွေ့ရသည်။ တလက်လက်….။ မောင်းထောင်သံ…။
အိပ်နေရာမှထပြီး ကြောပိုးအိတ်အား လွယ်၍ တဲအိမ်ငယ်ပေါ်မှ ဆင်းသည်။ ၀ါးလှေကားကလက်ကိုင်မရှိသည့်အတွက် အမှောင်ထဲ၌ သတိထား၍ဆင်းရ၏။
တဲအိမ်၏အောက်သို့ရောက်သည်နှင့် ဗိုလ်အောင်နိုင်အား တွေ့ရ၏။ သူကား…ကျနော်တို့အားလုံး၏စစ်ကြောင်းမှူး….။ မောင်းထောင်းနေသည့်အမိုးအို (အမေအို)၏ အနီးတွင် ထိုင်၍ စကားပြောနေသည်။ မောင်းစဉ်၏ခြေနှင်းခုံတွင်မူ ကျနော်တို့ အဖွဲ့မှ ရဲဘော်တစ်ဦး ….။
ရဲဘော်သည် ခြေအားဖိ၍ နင်းလိုက်သည်နှင့် “ကျီ” ဟူ၍အသံမြည်၏။ အမိုးအို(အမေအို) သည် ဆုံထဲရှိ စပါးအား အပေါ်အောက်လှန်၏။ ပြီးလျှင် …. ရဲဘော်ငယ်သည် ဖိထားသည့်ခြေအား လွှတ်ချသည် ….။ “တုန်း”…။
“တုန်း….ကျီ” ဟူ၍ နရီမှန်စွာဖြင့် ရဲဘော်နှင့် အမေအို တို့ မောင်းဆုံထောင်း၍နေကြ၏။ ရောင်နီက မပြူသေး….။

(ခ)
ချဉ်မောင်ဖာလာတောများအတွင်း လူသွားလမ်းငယ်မှ လျှောက်ကြရ၏။ ၀ဲ…ဘေးယာသို့လည်း မတိမ်းစောင်းရဲ….။ မြေမြုပ်မှိုင်းများက နှစ်ဘက်လုံးမှ ထောင်ကြသည်။ စွန့်ပစ်မှိုင်း….။
ကျနော်တို့သွားနေသည်က တောင်ကြောအတွင်းမှ ကွေ့၍ ….။ ပတ်၍ ကြောင်လိမ်လှေကားသဏ္ဍာန်မဲညောခီးတောင်တန်းများအား ရစ်၍ သွားနေသည်။ တရံတခါ …..“ခွေးအိပ်တောင်”အား တွေ့ရ၏။ တခါတရံသံလွင်မြစ်အတွင်းမှ စက်လှေသံများအား ကြားရ၏။ မသဲကွဲ…..။
သံလွင်ကစုန်၍ဆင်းလာ၏။ ကျနော်တို့က ဆန်၍တတ်၏။ ခွေးအိပ်တောင်က ကျနော်တို့၏ အနောက်မြောက်အရပ်၌ ….။ မြူများတိမ်ခိုများအကြားမှ ခွေးအိပ်တောင်သည် ခေါင်းပြူ၍ ထွက်နေ၏။ ချဉ်ပေါင်ဖာလာရွက်ဖျား၌ နှင်းဥတို့သည် တွဲလွဲခို၍ နေကြရာမှ တစ်စက်….တစ်စက်….သွန်ချ၍နေသည်။ ချဉ်ပေါင်ဖာလာတောအတွင်း လူသွားလမ်းမှ မြောက်ဖက်သို့ ထောင်၍တတ်သည်။ အတတ်ဖြစ်သော်လည်း မတ်မတ်စောင့်စောင့်မဟုတ်….။ မော့၍ ….မော့၍ တဖြည်းဖြည်းမြှင့်တတ်သွားခြင်းမျိုးသာ ….။ ချဉ်ပေါင် ဖာလာတောဆုံးသည်နှင့် မြေသားလမ်းအားတွေ့ရ၏။ မြေသားအရောင်က နီညိုညို….။ လူသွားလမ်းထက်လည်းကျယ်၏။ သစ်ထုတ်လုပ်ရေးလမ်းလည်းမဟုတ်….။ ကျွဲ….နွား သွားသည့်လမ်းဖြစ်မည်။ ရွှေကျင်၊ဝေါမြို့များမှ ကျွဲ၊နွားကုန်သည်တို့ ဤလမ်းမှဖြတ်ပြီး မယ်လဲထ ဈေးတန်းတွင် ကျွဲ၊ နွား အရောင်းအ၀ယ်ပြုလုပ်ကြသည်။ ယခုမူ စစ်ပူသဖြင့်မည်သည့်ကုန်သည်မျှ အသွားအလာမရှိတော့ ….။
မြေနီလမ်းအတိုင်း ကျနော်တို့ မြောက်ဖက်သို့ တတ်ခဲ့၏။ သံလွင်က ကျနော်တို့၏ လယ်ယာဖက်…။ လက်ဝဲဖက်တွင်မူ “ခွေးအိပ်တောင်”…..။
နာရီဝက်ခန့်လျှောက်ခဲ့ပြီးနောက် …မဲပရွာအား ရောက်သည်။ အိမ်ခြေနှစ်ဆယ်မျှပင် ရှိမည့် တောင်ပေါ်ကရင်ရွာ…..။ ယခုတော့ လူမရှိသည့် ရွာပျက်….။ ထက်ပိုင်းပျက်နေသည့် အုန်းပင်များအား တွေ့ရ၏။ အိမ်တချို့မီးလောင်၍ ပြိုပျက်၍နေသည်။ အိမ်တိုင်များက ထင်းမီးသွေးခဲတုံးများအဖြစ် ပုံကျ၍နေသည်။ မပြိုပျက်သည့် အိမ်နံရံအချို့၌ ကျည်သင့်သည့်အရာများအား တွေ့ရသည်။ စပါးကျည်တစ်ခုသည် လက်နက်ကြီးကျည်သင့်၍ ပွင့်၍နေသည်။ စပါးစေ့အချို့က …..စပါးကျည်ပုတ်အောက်၌ ဖိတ်ကျ၍နေသည်။ စပါးကျည်ပုတ်အောက်၌ အစာစားနေသည့် တောင်ပေါ်ဝက်ငယ် နှစ်ကောင်သည် ကျနော်တို့အား မြင်ပြီး လန့်၍ပြေးထွက်သွားကြ၏။
လမ်းနှင့်စပါးကျည်အကြား “ကနစို” ပင်ရင်း၌ ကျည်ဆံခွံများအား ပုံလျက်တွေ့ရ၏။ “နာတိုး” အမျိုးအစားစက်လက်ကျည်ဆံခွံများဖြစ်မည်။ “နာတိုး” ကျည်ဆံခွန်က “BA-64” အမျိုးအစား ကျည်ဆံခွန်နှင့် ဆင်တူ၏။ ကျည်ဆံခွံ များအနီး တောစီး စစ်ဖိနပ်တစ်ရံအား တွေ့ရ၏။ ဖိနပ်က ….ခြေဖနှောက်နေရာ၌ ပွင့်ထွက်၍နေသည်။ ဖိနပ်အနီးရှိ မြက်ပင်တို့သည် ကွက်၍ခြောက်နေသည်။
ကျနော်တို့မှ လွဲ၍ ရွာအတွင်း၌ မည်သူမျှရှိဟန်မတူ ….။ တိတ်ဆိတ်၍နေသည်။ ငြိမ်သက်မှုက ခြောက်ခြားဖွယ်ရာ ….။ အုန်းလက်များအကြား ဖြတ်တိုက်သွားသည့်လေတိုးသံသည်ပင် ခြောက်ခြားဖွယ်ရာ ….။
မဲပရွာမှ ကျနော်တို့ ထွက်ခဲ့ကြ၏။ ရွာသည် ကျနော်တို့အား ငြိမ်သက်မှုနှင့်နှုတ်ဆက်၏။ တိတ်ဆိတ်ငြိမ်သက်မှုအတွင်း၌ အသံပေါင်းများစွာ၏အနက်အား ကြားရ၏။
ရွာအတွင်းမှ ဆရာနိုင်ဝင်းဆွေ၏လေညှင်းကလေး လာနေပြီ ကဗျာရွက်ဆိုသည့် အသံများအား ကြားရသည်ဟု ထင်မိ၏။
ချွေးတို့နှင့် ဆွဲနစ်နေ၍ ကြောပိုးအိပ်သည် ကြောပြင်နှင့် ကပ်၍နေသည်။ ကြောပိုးအိပ်အား “မ”၍ ပြင်ပိုးလိုက်သည်။
အရှေ့တွင် “မယ်လဲထ”….။ နာရီဝက်ခန့်လျှောက်လျှင် “မယ်လဲထ” သို့ရောက်ပြီ။

(ဂ)
မယ်လဲထချောင်းငယ်သည် အနောက်မြောက်မှ အရှေ့တောင်သို့စီး၍သံလွင်အတွင်းသို့ ၀င်၏။ ချောင်းအတွင်း ကျောက်တုံးကျောက်ဆိုင်များနှင့်ပြွတ်သိပ်၍နေသည်။ ချောင်းရေသည် တိမ်သ်ာလည်း ရေစီးကမူ ကြမ်း၏။ သံလွင်မြစ်နှင့် မယ်လဲထချောင်းဆုံရာ အရပ်၌ မယ်လဲထချောင်းအား မှေးတင်၍ မယ်လထဈေးတန်းအား တည်ထား၏။ မယ်လဲထဈေး၌ ကျွဲ ၊နွားဈေးကွက်ရှိ၏။ အ၀တ်အထည်လူသုံးကုန်ပစ္စည်း …။ အီလက်ထရောနစ်လျှပ်စစ်ပစ္စည်းမျိုးစုံ၊ ဆေးဝါး၊ စသည့်… ထိုင်းနိုင်ငံမှ ထွက်သည့် ကုန်စည်မျိုးစုံရောင်းသည့် ဆိုင်များရှိသည်။ ငွေကြေးလှဲလှယ်သည့် ဈေးကွက်လည်းရှိသည်။ ရွှေဆိုင်များလည်းရှိသည်။
ညဦးယံတွင် မယ်လဲထသည် လျှပ်စစ်မီးရောင်များနှင့်ဝင်းပ၍နေသည်။ သံလွင်မြစ်ယံမှ ဖြတ်တိုက်လာသည့်လေပြေနုအေးကြောင့် မယ်လဲထသည် အေးမြမြ….။
ဈေးတန်းအတွင်း စိုင်းထီးဆိုင်၏ သဘာဝရင်သွေးငယ် ….။ ခိုင်ထူး၏ အားလုံးကို ကျော်ဖြတ်ရမယ် ….။ ခင်ဝမ်း၏ ပန်းခရမ်းပြာ….။ မွန်းအောင်၏ ၀တ်မှုံ….။ တေးသံတို့က ချို၍လွင်နေကြမြဲ…..။
နံနက်ဆိုလျှင် …..ပဲပြုတ်နှင့်နံပြားစားချင်လား ….ရ၏။ ထိုင်းရိုးရာအစားအစာများ ….ရ၏။
ကျနော်… ဤသို့မယ်လဲထအားမြင်ထား၏။ သိထား၏။ ခြေလှမ်းတို့သည် ပို၍ သွက်လာသည်ဟု ထင်သည်။ မယ်လဲထချောင်းငယ်အတွင်းသို့ ဆင်းလိုက်၏။ တန်ခူးလဖြစ်၍ ချောင်းငယ်အတွင်းရေက တိမ်၍ နေသည်။ ရေစီးမှာလည်း မကြမ်း….။ ကျောက်တုံးများက ရေညှိများတတ်၍နေသည့်အတွက် ချောသည်။ ချောင်းငယ်အား ဖြတ်ကူးပြီး မြေကမ်းပါးပေါ်သို့ တတ်လိုက်၏။ ကမ်းပါးထပ်တွင် မယ်လဲထဈေးတန်း ….။ ကမ်းပါးထပ်မှ မယ်လဲထဈေးတန်းရှည်ကြီးအား ကြည့်၍ ကျနော်မှင်သက်မိ၏။ ခြေလှမ်းတို့သည် ရှေ့သို့ လှမ်း၍မရ….။ ကျနော့်အမြင်အာရုံအပေါ် သံသယ၀င်မိ၏။ ဟုတ်ရဲ့လား…။ မယ်လဲထဈေးတန်းကမီးလောင်ပြင်ဖြစ်၍နေပြီ…။ စစ်အုပ်စု၏ ဗုံးကျဲလေယာဉ်များ၏ ဒဏ်ကြောင့် ပြာပုံကြီးဖြစ်၍ နေပြီ…။ အလယ်လမ်းအူကြောင်းအား ခွ၍ တည်ထားကြသည့် မယ်လဲထဈေးတန်းက မီးသွေးခဲနှင့်ပြာပုံအတိ ….။
ကျနော်လမ်းအတိုင်းလျှောက်ခဲ့၏။ တစ်လှမ်းချင်း ….။ ဈေးတန်းကရှည်၏။ မီးသွေးခဲနှင့်ပြာပုံတန်းမှာလည်းရှည်၏။ သံလွင်နှင့်မယ်လဲထချောင်းငယ်ပေါင်းဆုံရာတွင် လမ်းသည် မြောက်ဖက်သို့ “အယ်” ပုံသဏ္ဍာန်ကွေ့၏။ ပြာပုံတန်းကြီးသည်လည်း ကွေ့၏။ ယခင်က ဤလမ်းကွေ့တွင် “ကမမောင်း” မှလာ၍ ဖွင့်သည့် “ခါလာကြီး” လက်ဖက်ရည်ဆိုင်ရှိသည်။ ပဲပလာတာရသည်။ အမဲစွပ်ပြုတ်ရသည်။ ပဲနံပြားရသည်။ လက်ဖက်ရည်က ကျနော်တို့အကြိုက် ပေါ့ကျ …။ထီးဆိုင်၏ သဘာဝရင်သွေးငယ်အား ဖွင့်သည်။ ကျနော်တို့ မယ်လဲထရောက်တိုင်းဤဆိုင်တွင် ထိုင်ဖြစ်၏။ ကျနော်တို့ ထိုင်ခဲ့သည့် စားပွဲနေရာအား ကြည့်မိသည်။ ကန့်လန့်ဖြတ်လဲကျနေသော မီးကြွမ်းထားသည့် မဓမတိုင်….။ မတတ်နိုင်။ ….ပြည်တွင်းစစ်က အရာရာအားမီးသင်္ဂြုလ်၍ ဖျက်ဆီးပစ်လိုက်ပြီ…။ လမ်းကွေ့အတိုင်း ဆက်လျှောက်ခဲ့၏။ သံလွင်သည်လမ်းနှင့်မျဉ်းပြိုင်ဖြစ်၍နေသည်။ ကမ်းပါးထက်လမ်းမပေါ်မှ သံလွင်အား ကြည့်မိသည်။ နီညိုညိုမြစ်ရေတို့သည် အရှိန်အဟုန်ပြင်းစွာနှင့်စီးဆင်းမြဲ….။
ကျနော့်အနီး လေညှင်းကလေးဖြတ်တိုက်တိုးဝှေ့နေသည်….။ လမ်းမအတိုင်းအစုန်အဆန်တိုးဝှေ့ဖြတ်တိုက်နေသည်။ ဟုတ်သည်….။ ဆရာနိုင်ဝင်းဆွေ၏ လေညှင်းကလေး ……။

၂၀၀၈ခုနှစ် ဧပြီလ (၂၄)ရက်နေ့၌ Mizzima တွင် ဖော်ပြခဲ့သည်။

`စောထ နှင့် လွတ်မြောက်ရေးတရား´

(ရွှေအိမ်စည်)

(၁)
စက်လှေ၏စက်အားရပ်၍ သတ်လိုက်သည်။ အရှိန်နှင့်လှေဦးသည် ၀ါးဖောင်ကြီးတစ်ခုဆီသို့ တရွှေ့ရွှေနှင့်ကပ်သွား၏။ လှိုင်းလုံးများကြောင့်ဝါးဖောင်သည် မြင့်လိုက်၊ နိမ့်လိုက် လှုပ်ယမ်း၍နေသည်။ လှိုင်းပုတ်သဖြင့် လှေနှင့်ဝါးဖောင်သည် ဝေးလိုက်၊ နီးလိုက်ဖြစ်နေ၏။ လှေကြိုးအား ၀ါးဖောင်တွင် ချည်လိုက်ပြီးမှသာ လှေသည် ၀ါးဖောင်နှင့် ကပ်၍သွားတော့သည်။
လှေပေါ်မှ ၀ါးဖောင်ပေါ်သို့ ကျနော်တို့ အားလုံးတတ်လိုက်ကြသည်။ ၀ါးဖောင်က အလျားပေ ၃၀၊ အနံပေ ၂၀ခန့်ရှိမည်။ ၀ါးပိုးလုံးကြီးများအား လေးထပ်မျှ ထပ်၍တွဲထားသည့် ၀ါးဖောင်ကြီး ဖြစ်သည်။ ဖောင်၏တစ်ဝက်ခန့်အား အင်ဖက်များနှင့် အမိုး မိုးထား၏။ အမိုးအောက်၌ စက်လှေအင်ဂျင်တုံးများအား ပြုပြင်သည်။ တွင်ခုံတစ်ခုလည်း ရှိသည်။ စက်လှေများပြုပြင်သည့်အလုပ်ရုံ ၀ါးဖောင်များဖြစ်သည်။ ၀ါးဖောင်ပေါ်မှ ဆင်းလျှင် `စောထ´ကမ်းပါးသို့ ရောက်၏။ ကမ်းပါးက မတ်စောက်သည်။ ကမ်းပါးသည် ၁၅-ပေ၊ ပေ-၂၀ခန့် မတ်သည်။ လှေကားထစ်များပြုလုပ်ထားသည်။ လှေကားထစ်များအတိုင်း ကျနော်တို့ ကမ်းပါးပေါ်သို့ တတ်လာခဲ့ကြ၏။ ကမ်းပါးထပ်တွင် KNU ၏အလံအား လွှင့်ထူထား၏။ အလံတိုင်၏အနောက်နားတွင်မူ KNUစစ်ဆေးရေးနှင့် အခွန်စည်းကြပ်သည့် အဆောက်အဦးငယ်တစ်လုံးရှိသည်။
`စောထ´ဈေးတန်းက `မာနယ်ပလော´ ထိုးစစ်အတွင်း တိုက်ခိုက်ခြင်းမခံရသည့်အတွက် ဈေးဆိုင်တို့မှာ အပျက်အစီးမရှိ…..။ `စောထ´ဈေးတန်းက သံလွင်မြစ်အားမှေးတင်၍ ကမ်းပါးနှင့်အပြိုင်တည်ရှိနေသော ဈေးတန်းမဟုတ်…..။ သံလွင်အား ထောင့်မှန်ကျစွာနှင့် ခေါင်းထိုး၍ဆောက်ထားသော ဈေးတန်းဖြစ်သည်။`စောထ´အားလွန်၍ သံလွင်ကို ဆန်၍တတ်လျှင် …..`မော်ချီး´ သို့ရောက်မည်။ မြေပြင်ခရီးနှင့်မူ `စောထ´မှသည် `ဖာပွန်´ ၊ `ကျောက်ကြီး´ ၊ `ရွှေကျင်´ ၊ `ညောင်လေးပင်´ နယ်များသို့ ပေါက်သည်။ တောင်များအား တတ်ရမည်။ လျိုမြောင်များအတွင်း လျှောက်ရမည်။ လွင်ပြင်များအား ဖြတ်ရမည်။ လမ်းက လမ်းကြမ်း….။ နွားကုန်သည်တို့ အသုံးပြုသည့်လမ်းဖြစ်သည်။
`စောထ´ ဈေးခင်းလမ်းက မြေနီရွှံ့တို့နှင့် ချော၍နေသည်။ ခြေညှပ်ဖိနပ်စီး၍ လမ်းလျှောက်မရ….။ မိုးတွင်းစီး လည်ရှည်ဖိနပ်ကြီးများနှင့် သွားမှအဆင်ပြေသည်။ ကျနော်တို့က ခြေညှပ်ဖိနပ်အား ချွတ်၍ ခြေဖ၀ါးပြောင်နှင့် လျှောက်ကြရသည်။ `ခြေမ´အား ကုတ်၍ ထိန်းသွားမှ မလဲအောင် လျှောက်၍ရတော့သည်။ ဈေးတန်း၏အလယ်တွင် ရင်ကွဲဘားတိုက်ရှည်ကြီး ၂-လုံးရှိသည်။ ဘားတိုက်က လူ ၅၀-၆၀ခန့်နေနိုင်သည့် ဘားတိုက်ရှည်ကြီးဖြစ်သည်။ ဘားတိုက်ပေါ်၌ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ ရှိနေ၏။ ၇၀-၈၀ခန့်ရှိမည်။ ဗမာစကားလည်းပြောသည်။ အခြားတိုင်းရင်းသားဘာသာစကားလည်း ပြောကြသည်။ လက်မောင်းတံဆိပ်ကမူ KNUလည်းမဟုတ်။ KNU ၏လက်မောင်းတံဆိပ်က နေ၀န်းဖြာထွက်နေသည့် အမှတ်တံဆိပ်…..။ ဘားတိုက်အားလွန်လျှင် လက်ဖက်ရည်ဆိုင်တစ်ဆိုင်အားတွေ့ရ၏။ ဆိုင်က မြေစိုက်ပင် …..။ မြေပြင်အား သဲဖြူများ ၊ ကျောက်စရစ်ခဲငယ်များ ခင်းထားသဖြင့် သန့်ရှင်းသည်။ စားပွဲပုလေးများနှင့် ….။ ဆိုင်အတွင်းသို့ ကျနော်တို့ ၀င်ကြ၏။ ဆိုင်အတွင်း၌လည်း ဘားတိုက်ပေါ်၌တွေ့ခဲ့ရသည့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အချို့အား တွေ့ရသည်။ သူတို့၏၀ဲဘက်ရင်ဘတ်၌ စာတမ်းအား တွေ့ရသည်။ `က.လ.လ.တ´…..။ ဘာလဲ…..။ မသိ၍ ကျနော်တို့အား ဦးဆောင်ခေါ်လာသည့် သူအား မေးကြည့်၏။ `ကယားပြည်နယ်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဖွဲ့´ ဟုသိရသည်။

(၂)
လက်ဖက်ရည်ဆိုင်အတွင်း ဗိုလ်ရွှေဝါနှင့်တွေ့ဆုံသိကျွမ်းခဲ့ရသည်။ သူကား …..`စောထ´တွင်ရောက်နေသည့် `က.လ.လ.တ´ တပ်ဖွဲ့၏ နိုင်ငံရေးမှူးဖြစ်သည်။ ထိုစဉ်က …. သူ့အသက်မှာ ၅၀-၀န်ကျင်ခန့်ရှိမည်။ အသားညိုညို…. ပိန်ပိန်သွယ်သွယ်နှင့် ဖြစ်သည်။ တပ်ဖွဲ့ယူနီဖောင်းအားအပြည့်အ၀၀တ်မထား….။ ကရင်ပုဆိုးအား ခါးတွင်စည်းထား၏။ စကားပြောလျှင် ဖြည်းဖြည်းနှင့်တိုးတိုးညှင်းညှင်းဆို၏။ တိုင်းရင်းသား ကရင်နီ၊ ကယားလူမျိုးတစ်ဦးထက် မြေလတ်သားတစ်ယောက်၏ပုံသဏ္ဍာန်ပေါက်နေသည်ဟု ထင်မိ၏။
`အဖိနှိပ်ခံလူမျိုးပေါင်းစုံလွတ်မြောက်ရေး….´ ဟူသည်အား ဗိုလ်ရွှေဝါသည် သူပြောသည့် စကားများအတွင်း မကြာ၊ မကြာ ထပ်၍ထပ်၍သုံးသည်။ န.၀.တ အဖွဲ့အတွင်း ဗိုလ်စောမောင်အား အနားပေးပြီး ဗိုလ်သန်းရွှေတတ်လာသည့်အပေါ် သူ၏ထင်မြင်ချက်အား ပြော၏။ စစ်အုပ်စုခေါင်းဆောင်မှုအသစ်အတွင်း ဗိုလ်သန်းရွှေ၊ဗိုလ်တင်ဦး နှင့် ဗိုလ်ခင်ညွှန့်တို့၏နေရာအား ယှဉ်ထိုး၍ တွက်ပြ၏။ တပ်မတော်ထောက်လှန်ရေးအဖွဲ့နှင့် တပ်မတော်ကြည်းအတွင်းအား ပြိုင်မှုများရှိလာမည်ဟု သုံးသပ်ပြသည်။ ကျနော်တို့က နားထောင်၍သာနေ၏။ လွတ်မြောက်နယ်မြေရောက် ကျနော်တို့၏ပထမဆုံးသော …..လက်ဖက်ရည်ဆိုင်နိုင်ငံရေးတရားပွဲ…..။
သူသည် စကားအားစမ်းရေစီးသကဲ့သို့ အလျှင်းမပြတ်အောင်ပြော၏။ သူ့ပြောဟန်သည် တက္ကသိုလ်မှ ပါမောက္ခတစ်ဦး `လက်ချာ´ ပေးနေသည်နှင့်လည်းမတူ….။ နိုင်ငံရေးသမားတစ်ဦး လူထုရှေ့ စကားပြောနေသကဲ့သို့လည်းမဟုတ်….။
လက်ဖက်ရည်ဆိုင်နိုင်ငံရေစကားဝိုင်းဆိုသော်လည်း သူသာလျှင် ပြော၏။ ကျနော်တို့က နားထောင်ရုံ….။ ပြုံး၍ခေါင်းညိတ်သည့်အခါ ညိတ်ကြ၏။
…….` မာနယ်ပလောထိုးစစ်ကို အကျအဆုံးများပြီး တစ်ဖက်သတ်ရပ်စဲလိုက်ရတာ န.၀.တ အတွင်း တပ်မတော်ကြည်းအတွက် အားနည်းချက်လို ဖြစ်သွားတယ်ဗျာ…..´ သူသည် စကားအားရပ်ပြီး ….မီးသေနေပြီဖြစ်သည့် ဆေးပေါလိပ်အား မီးညှိ၍ ဖွာရှိုက်၏။ မိုးခိုးငွေ့များအကြား၌ သူ့မျက်နှာသည် မှုန်ဝါး၍သွားသည်။
`အမျိုးသားညီလာခံဟာ ဗိုလ်ခင်ညွှန့်တိုရဲ့ အိုင်ဒီယာလို့ ထင်တယ်ဗျ…..´ `ခင်ဗျားတို့ကော ဘယ်လိုထင်လဲ….´ ။
သူသည်စကားအားဖြတ်ပြီး ကျနော်တို့အား ထင်မြင်ချက်တောင်းနေပြန်သည်။ ကျနော်တို့က …..န.၀.တမှ အမျိုးသားညီလာခံကျင်းပမည့်အကြောင်း ကြေညာချက်မထုတ်ပြန်မှီ ရန်ကုန်ရှိ နိုင်ငံရေးပါတီများမှခေါင်းဆောင်များအား န.၀.တက ပြည်ထဲရေးဝန်ကြီးဌာနရုံးခန်းတွင် ခေါ်တွေ့ကြောင်း၊ န.၀.တဖက် ကဗိုလ်ချုပ်ဘုန်းမြင့်၊ ဗိုလ်ချုပ်မျိုးညွှန့်နှင့် ဗိုလ်မှူးကြီးသန်းထွန်းတို့ တတ်ကြောင်း NLDမှလည်း ဦးအောင်ရွှေတို့ ဦးလွင်တို့ တတ်ကြကြောင်း …….။
အမျိုးသားညီလာခံ၏ဦးတည်ချက်ချမှတ်ရေး ဆွေးနွေးကြကြောင်း….. နိုင်ငံရေးပါတီများမှ အကြံပြုစာများရေးသားတင်ပြကြကြောင်း …..နောက်ဆုံးအားလုံးကို ပယ်ပြီး …..စစ်အုပ်စုက သူရဲ့ ဦးတည်ချက် (၆)ရပ်ကိုပဲ ထုတ်ပြန်ခဲ့ကြောင်း …..။ ကျနော်တို့သိခဲ့သည့် အခြေအနေအားပြောပြ၏။
`ရန်သူကတော့ဗျာ …..သူ့အကျိုးစီးပွားအတွက်ပဲ ကြည့်ပြီး ဘာဖြစ်ဖြစ်လုပ်မှာပဲ၊ နိုင်ငံရေးအင်အားစုတွေက ရန်သူ့အကျိုးပြုလုပ်ရပ်မျိုးတွေမှာ အသိမဲ့လိုက်မပါမိဖို့ လိုတယ်ဗျ….. အဓိကကတော့ ….ရန် ၊ ငါ စည်းပြတ်ဖို့ လိုတယ်ဗျ´
ကျနော်တို့၏စကားအဆုံးတွင် သူက နိဂုံးချုပ်ပေး၏။ အပြင်တွင်သည်းနေသောမိုးသည် စဲ၍သွားပြီ။ ကျနော်တို့က ခရီးဆက်ရဦးမည်။ `စောဖိုးထ´ သို့……။ `စောဖိုးထ´က `စောထ´ နှင့်နာရီဝက်ခန့် ခြေလျင်သွားရမည့်ခရီး….။ တောင်အဆင်းအတတ် မရှိ ….။ လွင်ပြင်အား ဖြတ်၍သွားရမည်။
ကျနော်တို့ သူ့အား နုတ်ဆက်၏။ `ကျနော်တို့ ရန်သူနဲ့ ရန်၊ငါ စည်းပြတ်ဖို့လိုတယ်ဗျ….´ ကျနော်တို့အား ထပ်၍ပြောပြန်၏။ ကျနော်တို့ ပြုံး၍ခေါင်းညိတ်ပြရင်း ကျောပိုးအိတ်အားလွယ်ပြီး ဆိုင်အပြင်သို့ ထွက်ခဲ့၏။ နောက်ပိုင်း …..သူနှင့် တစ်ကြိမ်မျှပြန်၍မဆုံတွေ့ဖြစ်တော့ …..။ ဆိုင်းအတွင်း ကက်စက်ဆောင်းဘောက်မှ ကိုမွန်းအောင်၏သီချင်းသံက ဆိုင်အပြင်လမ်းပေါ်သို့ ပြေး၍လိုက်လာသည်။
……..`အမှန်ကို ဆိုတဲ့ ငါ့ပါးစပ်ကို
ချုပ်နှောင်စဉ်မှာ ……အမှန်ကိုမြင်တဲ့
ငါ့မျက်လုံးပါ ……ဖောက်ပါတော့လား ……´


၂၀၀၈ခုနှစ် သြဂုတ်လ၌ Mizzima တွင် ဖော်ပြခဲ့သည်။

“ယွန်းစလင်း……..”

(ရွှေအိမ်စည်)

(က)
တန်ခူးလေသည် မိုးမခပင်များအတွင်း တိုးဝင်ပွတ်တိုက်၍ ရွက်ဝါ၀ါတို့အားချွှေနေ၏။ မိုးမခရွက်ကြွေတို့က သောင်ပြင် သဲဖြူပွင့်တို့အထက်၌ ဟိုသည်လွင့်ပါး၍နေသည်။ ကမ်းပါးစောက်အောက်ခြေ၌ ကပ်၍ပေါက်နေသည့် မိုးမခပင်အုပ်အုပ်များက ကမ်းပါးနှင့် သောင်ပြင်အား စည်းသား၍ ထားပေး၏။ တန်ခူး၊ကဆုန်လများ၌ ယွန်းစလင်းမြစ်ရေပြင်သည် ကျဉ်း၏။ မြစ်အလယ် ရေစီးကြောင်းအကျယ်သည် ကိုက်၅၀-မျှပင် မကျယ်တော့......။ သဲသောင်ပြင်တို့က ကမ်းပါးနှင့် ရေပြင်အကြား၌ ဖြူလွှလွှ ရင်ပြင်ဖြူ တစ်ခုသို့…..။ နေရောင်အောက်၌ သဲပွင့်တို့သည် တလက်လက်……။
ကမ်းပါးထက်မှ ကျနော်တို့ ဆင်းလိုက်ကြ၏။ ကမ်းပါးက မြေသားကမ်ပါး…..။ မိုးမခပင်အုပ်အုပ်များသည်သာ ဤနေရာတွင် အရိပ်ရစေ၏။ မိုးမခပင်အောက်၌ ကျနော်တို့ နားကြ၏။ မြစ်ပြင်အားဖြတ်တိုက်လာသည့်အတွက် ….တန်ခူးလေသည် အေးမြမှုအားပေး၏။ မွန်းမတည့်သေးသော်လည်း အပူရှိန်က ပြင်းသည်။ သဲပွင့်သောင်ပြင်သည် နေရောင်ကြောင့် အလင်းပြန်ကာ….. အမြင်တွင်ကျိန်းရှနေ၏။

(ခ)
ကျနော်တို့အဖွဲ့အား ခရီးစဉ်တလျှောက်၌ တာဝန်ယူခေါ်ဆောင်လာသည့် ဗိုလ်အောင်နိုင်သည် လမ်းလျှောက်စကားပြောစက်နှင့် ဆက်သွယ်၍စကားပြောနေသည်။ ဗိုလ်အောင်နိုင်က KNU တပ်မဟာ (၁) တပ်မဟာဆက်သွယ်ရေးတပ်စွယ်မှ ဖြစ်သည်။ သူလည်း မာနယ်ပလောသို့ သွားမည်။ ကျနော်တို့အဖွဲ့၌ ကျနော်တို့အပြင် “ထူးဝါးလူ” ဆေးရုံမှ ဆရာမနှစ်ဦးနှင့် “ဖွေးဘောလူ” အထက်တန်းကျောင်းတွင် ကျောင်းသွားတတ်မည့် ကျောင်းသူကျောင်းသား ဆယ်ယောက်ခန့်လည်းပါကြသည်။ အားလုံးမိုးမခပင်များအောက်၌ နားနေကြ၏။ ကျောင်းသူလေးများက တွတ်ထိုး၍နေကြသည်။ ကရင်လိုပြောခြင်းဖြစ်သဖြင့် နားမလည်……။ “ပရောကျိုးဖိုး”….. “ပရောကျိုးဖိုး” ….ဟူ၍ မကြာ ….မကြာ ကြားရသဖြင့် ကျနော်တို့ အကြောင်းပြောနေခြင်းဖြစ်မည်ဟု အကဲဖမ်းမိ၏။ ပရောကျိုးဖိုးဟူသည်ကား ဗမာလို “မြန်မာကျောင်းသား” ဟူ၍ဖြစ်သည်။
ကျနော်တို့ ယွန်းစလင်းမြစ်အား ဖြတ်ကူးကြမည့်နေရာက ကတိုင်တိရွာနှင့်ဆင်စွယ်ရွာအကြားမှဖြစ်သည်။ ကတိုင်တိရွာနှင့်ဆင်စွယ်ရွာက ကမမောင်း၊ ဖာပွန်ကားလမ်းနှင့် ယွန်းစလင်းမြစ်အကြား၌ ရှိသည်။ ထိုနေရာ၌ ကားလမ်းနှင့်မြစ်က မျဉ်းပြိုင်…..။ ပြိုင်လျက်ယှဉ်၍နေသည်။ ဆင်စွယ်ရွာ၏ အရှေ့ဖက်တွင်မူ ဒေါမွဲရွာရှိသည်။ ဒေါမွဲရွာက ယွန်းစလင်းမြစ်၏ အရှေ့ဖက်ကမ်း၌ရှိသည်။ ယခင်က အိမ်ခြေ ၅၀-ခန့်ရှိခဲ့သည့်ရွာ ……။ ယခုမူ ရွာပျက်ဖြစ်၍နေပြီ…..။ ဒေါမွဲရွာပျက်တွင် နအဖစစ်တပ်မှ စစ်စခန်းထိုင်၏။ နည်းဗျူဟာ ၃၃၁-လက်အောက်ခံ တပ်ရင်း ခလရ (၇၆)မှ ဒု-ဗိုလ်မှူးကြီး အောင်ကြည်က စခန်းမှူး( ယခု နအဖမှ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေးရန် ဆက်သွယ်ရေးအရာရှိအဖြစ် ခန့်အပ်ထားသူ) ဒေါမွဲရွာလယ်ရှိ ဘုန်းတော်ကြီးကျောင်းက ခလရ (၇၆) စစ်ကြောင်း(၁)၏ စစ်ကြောင်းရုံး။ ဗိုလ်မှူးအောင်ကြည်တို့ ရောက်ပြီးနောက် ဒေါမွဲရွာလည်းပျက်၏။ ဒေါမွဲရွာ၏အရှေ့တောင်ဖက်ရှိ မဲညောရွာလည်းပျက်၏။
ကျနော်တို့ကူးမည့်နေရာက မြစ်ဆိပ်မဟုတ်သည့်အတွက် ကူးတို့လှေမရှိ…..။မြစ်ရေက လူတစ်ရပ်မမှီ….။ ရေစီးက ၀ါးလုံးထိုးစီးခြင်းမဟုတ်သော်လည်း ဖြည်းဖြည်းညင်ညင်လည်းမဟုတ် …..။ရေကူးတတ်သူများအဖို့မူ မျော၍ ကူးလျှင်တော့ရမည်။ ကျနော်တို့အထဲ၌ ရေမကူးတတ်သည့်သူများလည်းပါသလို အမျိုးသမီးငယ်များလည်း ပါသည်ဖြစ်၍ မြစ်ဖြတ်ကူးရန်မှ အခက်တွေ့နေရ၏။
ခဏအကြာတွင် ဗိုလ်အောင်နိုင်တပ်ဖွဲ့မှ ရဲဘော်လေးတစ်ဦးက ၀ါးဖောင်တစ်ခုအား ရှာတွေ့ခဲ့၍ ယွန်းစလင်းမြစ်အား ကျနော်တို့ ဖောင်နှင့် ကူးကြရတော့၏။ ကျောပိုးအိတ်များအား ဖောင်ပေါ်သို့ တင်ပြီး ရေမကူးတတ်သည့်သူများက ၀ါးဖောင်အား ကိုင်၍ ကူးကြ၏။ ရေကူးတတ်သည့်သူများကမူ အလွတ်ကူးကြ၏။
အခေါက်ခေါက်အခါအခါ……..။

(ဂ)
ကမ်းပါးထက်သို့ တတ်လိုက်သည်နှင့် တောထနေသော ပိစပ်တောကြီးအားတွေ့ရသည်။ လူတစ်ရပ်ခန့်ရှိမည်။ လူသွားလမ်းမရှိ။ ပိစပ်တောအတွင်းမှပင် တိုးဝှေ့၍သွားရသည်။ ယခင်ကမူ ဤနေရာသည် လယ်မြေများဖြစ်ခဲ့မည်ဖြစ်သည်။ လယ်မလုပ်သည်မှာကြာ၍ လယ်ကွက်များအတွင်း ပိစပ်ပင်များ တောထ၍နေခြင်းဖြစ်မည်။ တစ်တီတူးငှက်မောင်နှံသည် ကျနော်တို့အား တွေ့ပြီး လန့်၍အော်မြည်၏။ ကျနော်တို့ လူတန်းကြီး၏ အရှေ့မှအနောက် ၀ဲပျံရင်း အော်နေသည်မှာမရပ်တော့ ……။
ယွန်းစလင်းမြစ်ကမ်းပါးမှ ၃-နာရီခန့်လျှောက်ခဲ့ပြီးသည့်နောက် “မဲညော်” ရွာသို့ရောက်၏။ မဲညော်ရွာက ရွာပျက်…..။ ကျနော်တို့ မဲညော်ရွာသို့ မ၀င် ၊ ရွာအား ကွင်း၍ အရှေ့ဖက်သို့ ထွက်ခဲ့၏။ မဲညော်ခီး တောင်တန်းများပေါ်မှ စီးဆင်းလာသည့် မဲညော်ချောင်းငယ်သည် မဲညော်ရွာအား အရှေ့မှ အနောက်မြောက်ဖက်သို့ ကွေ့ပတ်၍ ရစ်သိုင်းထားသည်။ ချောင်းရေက အေးစက်၍နေသည်။ ရေက ပေါင်လယ်ခန့်သာ နက်မည်။ ကျောက်တုံးများနှင့် ချောနေသည်ဖြစ်၍ ကူးရသည်မှာ လဲမကျစေရန် သတိထားသွားရသည်။ ချောင်းတစ်ဖက်၌မူ ကွမ်းသီးပင်များ ……။ ကွမ်းသီးပင်များက ရာနှင့်ချီ၍ ရှိလိမ့်မည်။ ချောင်းဘေးကွမ်းသီးခြံအတွင်း၌ပင် ကျနော်တို့ ညအိပ်ကြမည်။ ချောင်းရိုးနဘေးတစ်လျှောက် ကွမ်းသီးခြံအတွင်း စီ၍ ကျနော်တို့ နေရာယူကြ၏။ ကျနော်တို့က ရန်သူ့ စစ်စခန်း၃-ခု၏ဖိုခနောက်အလယ်တွင် ရောက်နေသည်။
ဒေါမွဲ၊ ကတိုင်တိ၊ သာလွန်……။ သာလွန်စခန်းက နည်းဗျူဟာ ၃၃၁-ထိုင်သည့်စခန်းကြီး ….။ ဗျူဟာမှူးက ဗိုလ်မှူးကြီး သောင်းဝေ( ယခု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်) ကတိုင်တိကမူ ယွန်းစလင်းမြစ်၏ အနောက်ဖက်ကမ်းတွင်ရှိ၍ စိုးရိမ်ဖွယ်မရှိ…..။
နေ၀င်သွားသည်နှင့် အမှောင်ထုသည် ကွမ်းသီးခြံအတွင်းသို့ ပြိုဆင်း၍ကျလာသည်။ ဘုတ်အီသံတို့က တဖြည်းဖြည်းတိုး၍ တိုး၍ သွားလေပြီ…..။
ပုခက်ပေါ်၌လှဲရင်း လှိုင်းတိုလေဒီယိုလေးအား ဖွင့်၍နားထောင်၏။ တိုးတိုးညှင်းညှင်း …..။ တိုးညှင်းသော်လည်း ဦးလေးကြီး ဦးဖေသန်းနှင့် ဒေါ်တင်ထားဆွေတို့၏ သတင်းကြေငြာသံက ပီပီသသ…..။ ကြည်ကြည်လင်လင်…..။
ဗိုလ်ချုပ်မောင်လှ၏ ကရင်ပြည်နယ်ထိုးစစ်အား ရပ်စဲလိုက်ကြောင်း စစ်အုပ်စု၏ ကြေငြာချက်အား မှီ၍ ဒေါ်တင်ထားဆွေက ကြေငြာသွား၏။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးအတွက် ထိုးစစ်အား ရပ်ဆိုင်းလိုက်ရသည်ဟုလည်း စစ်အုပ်စုက ဆို၏။ အမှောင်ထဲ၌ ကျနော်ပြုံးမိ၏။ “ခွေးအိပ်တောင်” အား သိမ်းပိုက်ရပြီးခါစ၌ စစ်သွေးကြွနေသော စစ်ဘီးလူးတို့၏ မာန်ဖီသံအား ပြန်၍ကြားယောင်မိသည်။
မာနယ်ပလောမှာ သင်္ကြန်ကျမယ်……။
ကရင်မတွေကို ယူကြ…….။
ရိုင်းပြစွာပြောခဲ့သည့် ဗိုလ်ချုပ်မောင်လှ၏ စကားသံများက ရက်ပေါင်း ၄၀-ပင် မပြည့်သေး……။
ထိုစဉ်က “ခွေးအိပ်တောင်”ရလျှင် မာနယ်ပလောကိုရပြီ……။ ဤသို့ထင်ခဲ့ကြ၏။ သို့သော် ထင်သလိုမဖြစ်ခဲ့……..။
အလောင်းများ အခေါင်းအတွင်း သွတ်၍သာ မင်္ဂလာဒုံသို့ အခါအခါအလီအလီ ပြန်ပို့ခဲ့ရ၏။ တပ်တွေက အမိန့်ပေး၍မရတော့……။
နော်တ စစ်မျက်နှာတွင်လည်း တိုး၍မနိုင်…..။ မဲညော်ခီးစစ်မျက်နှာတွင်လည်း ရှေ့တတ်မရ……။
အင်ဖားလမ်းမပေါ်၌ အပြိုပြိုအလဲလဲနှင့် ဆုတ်ပြေးရင်း ကြွေးကြော်နေသည့် ဆင်းမလားပြေး ဗြိတိသျှတို့၏ ပြောခဲ့သည့်အသံအား အမှတ်ရ၏။
“အောင်မြင်စွာ ဆုတ်ခွာခြင်း ….”
အမှောင်ထဲ၌ ကျနော်ပြုံးမိပြန်၏။

၂၀၀၈ခုနှစ် မတ်လ၌ Mizzima တွင်ဖော်ပြခဲ့သည်။

ရိုင်ဖယ်သေနတ်နှင့်ဆရာဝန်

(ရွှေအိမ်စည်)

(၁)
မြေ၀သုန်သည် ဂုဏ်ပြုအပ်သည့် ဧည့်သည်တစ်ယောက်အား ဆီးကြို၍ထွေးပွေ့ထားခဲ့သည်မှာ …ကြာပြီ။ သူ…..ကျဆုံးခဲ့သည့် ၁၉၆၇ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့မှ…..။ နှစ်ပေါင်း (၄၀) ရှိလေပြီ။
သူကား ….. ဆရာဝန်တစ်ဦး…..။ သို့သော် …. သူကား မောင်းပြန်ရိုင်ဖယ်သေနတ်ကိုသာ ကိုင်၏။
“ လူတစ်ယောက်ချင်း ခံစားရတဲ့ ရောဂါတွေကို ကုရတာထက် လူ့အဖွဲ့အစည်းအလိုက် ခံစားရတဲ့ ဝေဒနာတွေကို ကုသပေးရတာ ပိုအကျိုးရှိပါတယ်”
သူပြောခဲ့သည့်စကားဖြစ်၏။ ၁၉၅၉ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့က ကျူးဘားနိုင်ငံ ဟားဗားနားမြို့၌ ပြောခဲ့ခြင်းဖြစ်၏။

(၂)
၁၉၆၇ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့တွင် သူကွယ်လွန်ခဲ့ပြီဟူသည်အား အတည်ပြုနိုင်သည်က ….. အောက်တိုဘာလ (၁၅)ရက်နေ့မှဖြစ်သည်။ ကျူးဘားသမ္မတ ရဲဘော်ကြီး ဖီဒယ်ကက်စထရိုမှ အတည်ပြုထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။ သူ၏ရုပ်အလောင်းမှ ဖြတ်၍ယူလာခဲ့သည့် လက်မောင်းရင်းမှ ပြတ်နေသည့် လက်နှစ်ဖက်အား ကြည့်၍ သူကွယ်လွန်ခဲ့ပြီဟု အတည်ပြုခဲ့ရခြင်းဖြစ်သည်။ သူ၏အလောင်းကိုမူ မတွေ့ခဲ့ကြရ။ နှစ်ပေါင်း (၃၀)အထိ ပျောက်ဆုံးနေခဲ့၏။ ၁၉၉၇ခုနှစ် ဇူလိုင်လ (၁၂)ရက်တွင်မှပင် သူ၏ရုပ်အလောင်းအား မြေ၀သုန်အတွင်းမှ ပြန်လည်တူးဖော်ရရှိတော့၏။
ဘိုးလီးဗီးယားနိုင်ငံ “ ဗယ်ရီဂရန်ဒေသ” လေ ယာဉ်ကွင်းငယ်လေးအနီးမှဖြစ်သည်။ ကျင်းငယ်အတွင်း၌ ရုပ်အလောင်းအရိုးစု (၇)စုအား တွေ့ရ၏။ အရိုးစုအမှတ် (၂)က လက်မောင်းရင်းမှနေ၍ လွှနှင့်တိုက်ဖြတ်ထားခြင်း ခံရသဖြင့် လက်နှစ်ဖက်စလုံးမရှိ ……။ ဒီအင်အေ စစ်ဆေးမှု ပြု၍ အတည်ပြုနိုင်ခဲ့၏။
သူ …..။
သူကား …..နှစ်ပေါင်း (၃၀) ကြာမှပင် ကျူးဘားနိုင်ငံ “ ဆန်တာကလာရာမြို့” ရှိ သူ၏ ဂူဗိမာန်အတွင်း ကိုယ်အင်္ဂါစုံလင်စွာနှင့် လဲလျောင်းရတော့၏။

(၃)
သူနှင့်ပါတ်သတ်၍ သူ့ဝန်းကျင်၏ မှတ်ချက်အမြင်များမှ သူ့အား တွေ့ရမည်။ ပြင်သစ်အတွေးအခေါ်ပညာရှင် “ ယန်ပေါဆတ်” က သူ့အား ……
“ကျနော်တို့ခေတ်ရဲ့ အပြီးအပြည့်အစုံဆုံး လူသား” ဟူ၍ မှတ်ချက်ပေး၏။ အမေရိကန်နိုင်ငံ မေရီလင်းအင်စတီကျူ က သူ့အား “ ကမ္ဘာပေါ်တွင် နာမည်အကျော်ကြားဆုံး ၂၀-ရာစု ၏ သင်္ကေတတစ်ခု ” ဟု သတ်မှတ်၏။ သူ၏ရဲဘော်ကြီး ကျူးဘားသမ္မတ ဖီဒယ်ကက်စထရိုကမူ သူ့အား …..“ သူဟာ သူ့ရဲ့အကျင့်စာရိတ္တ၊ သူ့ရဲ့စိတ်ဓါတ်၊ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ အလုပ်လုပ်ရာမှာ စိတ်အားထက်သန်မှုတွေကို ထားရစ်ခဲ့တာဖြစ်တယ်။ တစ်ခွန်းတည်းအတိုချုပ်ပြောရမယ်ဆိုရင် သူ့ရဲ့ စံနမူနာတွေကို ကျနော်တို့အတွက် ထားခဲ့တာဖြစ်တယ်”

(၄)
သူ့အား အားဂျင်တီးနားနိုင်ငံ၏မြို့တော် “ ဗွေနိုဇာရီမြို့” မှ မိုင်၁၀၀-ကျော်ဝေးသည့် “ ရိုစာရီယို မြို့” တွင် မွေးဖွားခဲ့၏။ “ ရိုစာရီယို မြို့” က “ ပါရာနာ” မြစ်၏ မြစ်ဝကျွှန်းပေါ်ဒေသတွင် တည်ရှိသည့် မြို့ဖြစ်သည်။ စိုစွတ်၏။ အစဉ်အမြဲအေးခဲ၍နေသည်။
သူကား ….၁၉၂၈ခုနှစ် ဇွန် (၁၄)ရက်နေ့ဖွားဖြစ်သည်။ မောင်နှမ ၅-ယောက်အနက် အကြီးဆုံးဖြစ်သည်။ ဖခင် အာနက်စ်စတိုဂွေဗားယာလင်(ခ်ျ)က အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး မိခင်က စီလီယာဆာနာဖြစ်၏။ သူကား ငယ်စဉ်က ချူချာ၏။ ပန်းနာရင်ကျပ်သည်တစ်ဦး …..။ အေးလျှင် ပန်းနာဝေဒနာက ထပြီ။ ပန်းနာရင်ကျပ်ရောဂါရှိပေမယ့် သူကား အားကစားဖက်တွင်လည်းထူးချွှန်ခဲ့၏။ “ ရဂ္ဂဘီပွဲ” များတွင် ခပ်ကြမ်းကြမ်းကစားတတ်သည်။ ဖခင်က သူ့အား ငယ်စဉ်ကပင် သေနတ်ပစ်သင်ပေး၏။ စစ်တုရင်ကစားနည်းသင်ပေး၏။ သူသည် စစ်တုရင်ကစားရာတွင်လည်း ထူးချွန်သူတစ်ဦးဖြစ်ခဲ့သလို သေနတ်ပစ်ရာတွင်လည်း …….။

(၅)
သူက ငယ်စဉ်ကပင် စာအုပ်ပုံအကြား၌ ကြီးပြင်းခဲ့ရသူဟု ဆိုရမည်။ ဖခင်၏ကိုယ်ပိုင်စာကြည့်ခန်းတွင် စာအုပ်ပေါင်း ၃၀၀၀-ကျော်ရှိ၏။ စာကြည့်တိုက်ငယ်လေးတစ်ခုပမာ …..။ “ဂျက်လန်ဒန်” ၊ ”“ဂျူးလဘန်း”၊ “ ဆစ်ဂမန်ဖရိုက်”၊“ဘာထရန်ရပ်ဆဲလ်” တို့အား ငယ်စဉ်ကပင် ဖတ်ခဲ့ရ၏။
သူက ကဗျာကိုလည်း အရူးအမူးစွဲလမ်း၏။ “ပက်ဘလိုနီရူးဒါ” ၏ ကဗျာများအား အာဂုံဆောင်နိုင်သည်အထိ ဖတ်ခဲ့၏။
ဖခင်က လက်ဝဲ၀ါဒီတစ်ဦးဖြစ်၍ သူ့ဖခင်၏ စာကြည့်ခန်းတွင် ကားမတ်ခ်၏ ကျမ်းများက ရှိပြီးဖြစ်သည်။ သူ….. လေ့လာခွင့်ရခဲ့၏။

(၆)
၁၉၄၇ခုနှစ်တွင် သူ …. “ ဗွေနိုဇာရီး“တက္ကသိုလ်တွင် ဆေးပညာသင်ယူခဲ့သည်။ထိုတက္ကသိုလ်မှပင် ဒေါက်တာဘွဲ့ ရရှိခဲ့၏။ ၁၉၅၁ခုနှစ်တွင် သူသည် ဆေးတက္ကသိုလ်တတ်နေရင်း ခွင့်ယူ၍ သူငယ်ချင်းတစ်ဦးနှင့်အတူ မော်တော်ဆိုင်ကယ်တစ်စီးနှင့် လက်တင်အမေရိကတိုက်တလွှား ခရီးနှင်၏။ ချီလီသို့ရောက်၏။ ချီလီမှသည် ပီရူး ၊ အီကွေဒေါ ၊ ကိုလံဘီယာ……ထိုမှ ဗင်နီးဇွဲလား……။
ဤခရီးစဉ်မှ သူသည် လက်တင်အမေရိကရှိ ပြည်သူတို့၏ ဆင်းရဲမွဲတေမှု ၊ လူတန်းစားမညီမျှမှုများအား တွေ့ခဲ့မည်။ ဤခရီးစဉ်အကြောင်းအား သူကိုယ်တိုင် စာပြန်ရေး၏။ “ မော်တော်ဆိုင်ကယ်ဒိုင်ယာရီ” ဟူ၍ စာအုပ်အဖြစ် ထုတ်ဝေခဲ့၏။ စရေးသည်မှာ စပိန်ဘာသာနှင့်ဖြစ်သည်။ နောက်ပိုင်းတွင်မူ အင်္ဂလိပ်ဘာသာသို့ ပြန်၍ ထုတ်ဝေခဲ့သည်။ ၂၀၀၄ခုနှစ်တွင် ထိုစာအုပ်အား မှီ၍ ရုပ်ရှင်ပြန်ရိုက်၏။

(၇)
၁၉၅၃ခုနှစ်တွင် အာဂျင်းတီးနားအစိုးရက ဆရာဝန်များအား အတင်းအကျပ်အမှုထမ်းခိုင်း၏။ သူက လူတစ်ယောက်ချင်း ခံစားနေရသည့်ဝေဒနာအား မကုသချင်…..။ ဤတွင် သူသည် အာဂျင်းတီးနားမှ တိမ်းရှောင်ထွက်ခဲ့တော့၏။
ပီးရူး ၊ အီကွေဒေါ၊ ပနားမား၊ ကော်စတာရီကာ၊ နီကာရာဂွား၊ ဟွန်ဒူးရပ်စ်၊ အဲလ်ဘာလဗာဒို၊ ဂွာတီမာလာတို့မှ မက္ကဆီကိုသို့ရောက်၏။
မက္ကဆီကိုတွင် သူသည် ကျူးဘားမှ ဖီဒယ်ကက်စထရိုတို့ အုပ်စုနှင့်တွေ့၏။ ပေါင်းမိ၏။ ထိုစဉ်က ဖီဒယ်ကက်စထရိုတို့ အုပ်စုအား “ ၂၆ J ” ရဲဘော်များဟု ခေါ်ကြသည်။ ဖီဒယ်ကက်စထရိုတို့၏ “ ၂၆ J ” ရဲဘော်များက ကျူးဘားအာဏာရှင် “ ဖူလ်ဂျင်စီယိုဘာတစ္စတာ” အစိုးရအား လက်နက်ကိုင် ပုန်ကန်ရန် ကြိုးပမ်းနေကြသည့် တော်လှန်ရေးသမား လူငယ်များ …..။
မက္ကဆီကိုတွင်ပင် “ ၂၆ J ” ရဲဘော်များနှင့် အတူ သူ ….စစ်သင်တန်းတတ်ခဲ့၏။ သင်တန်းဆရာက မက္ကဆီကိုမှ ဗိုလ်မှူးကြီးဟောင်းတစ်ဦး …..။သင်တန်းမှူး ဗိုလ်မှူးကြီးဟောင်း “ အယ်ဘာတိုဘေးယို” က မှတ်ချက်ပြု ၏။ “ သူသည် သင်တန်းသားများအားလုံးအနက် အထူးချွန်ဆုံး ဖြစ်သည်” ဟူ၍ ….။

(၈)
၁၉၅၆ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့တွင် “ ၂၆ J ” ရဲဘော်များနှင့်အတူ သူသည် ကျူးဘားနိုင်ငံသို့ ၀င်ခဲ့ကြ၏။ Gramma အမည်ရှိ မော်တော်ငယ်တစ်စီးနှင့် …..။ မိုင် ၁၃၀-ကျော်ဝေးသည့် ပင်လယ်ခရီးအား နှင်ကြ၏။ ရဲဘော်ရှစ်ကျိပ်နှင့် တစ်ယောက် ……။ ဓါးကောက်သဏ္ဍာန် ကျူးဘားကျွှန်းပေါ်သို့ ရောက်၏။ မကြာ ….. ကျူးဘားအာဏာရှင်တပ်များနှင့် တိုက်ပွဲများ ဖြစ်သည်။ တိုက်ပွဲအဖြေက မကောင်း။ သူတို့ဘက်မှ ရဲဘော် ၆၉-ယောက် ကျဆုံးကုန်၏။ သူ …. ၊ ဖီဒယ်ကက်စထရိုနှင့် ရဲဘော် ၁၂-ယောက်သာကျန်တော့၏။ အငတ်ငတ်အပြတ်ပြတ်…..။ ကြံခင်းများအတွင်း ပုန်းနေကြ၏။ ကြံများစုတ်ရင်းသာ အဟာရဖြည့်နေကြရသည်မှာ ရက်သတ္တပတ်ခန့်ကြာ၏။ ဤမှ ……သူတို့ အာဏာရှင်အား ပြန်တိုက်၏။ မောင်းပြန်ရိုင်ဖယ် ၁၂-လက်…..။
လူ ၁၂-ယောက်နှင့် ……။

(၉)
ကျူးဘားနိုင်ငံ “ဆီအဲယားမေထရာ” တောင်တန်းများပေါ်မှ သူတို့ လွတ်မြောက်နယ်မြေတည်ဆောက်၏။ သူပုန်စခန်းဖွင့်၏။ အောင်မြေ …..။ မာနယ်ပလော….။
သူသည်….. ထိုဒေသမှစ၍ လူထုအတွင်း ဆေးခန်းများဖွင့်၏။ စာသင်ကျောင်းများ တည်ထောင်၏။ ဤတွင်…..သူသည် မောင်းပြန်ရိုင်ဖယ်အား လက်မှကိုင်းရင်း လူထုအား ဆေးကုသ၏။ လူတစ်ယောက်ချင်း၏ဝေဒနာအား သက်သာစေရန် ဆောင်ရွက်သလို လူ့အဖွဲ့အစည်း၏ခံစားနေရသော ဝေဒနာကိုလည်း ကု၏။ လူထုမှ ထောက်ခံလာသည်။ တော်လှန်ရေးသည် မြင့်တတ်၍လာ၏။ ဒီလှိုင်းများသဖွယ် …..အားနှင့်မာန်နှင့် ……အဆုံး၌ ကျူးဘားအာဏာရှင်အစိုးရ ကျဆုံးရ၏။

(၁၀)
ကျူးဘားတော်လှန်ရေးတွင် ကျူးဘားမဟုတ်သော သူသည် ရဲဘော်ကြီး ဖီဒယ်ကက်စထရိုပြီးလျှင် ဒုတိယသြဇာအာဏာအရှိဆုံးဖြစ်လာ၏။ ကျူးဘားနိုင်ငံ၏ ပြန်လည်ထူထောင်လုပ်ငန်းများတွင် အဓိကတာဝန်ယူခဲ့သည်။ လူတန်းစားမဲ့ လူ့အဖွဲ့အစည်းသစ်ဆီသို့ ချီတတ်ရာတွင် သူသည် စီးပွားရေးရာအပိုင်း၌ အဓိက ပဲ့နင်းကြီးအဖြစ် မောင်းနှင်ခဲ့ရသည်။ ကျူးဘားနိုင်ငံသုံး ငွေစက္ကူပေါ်၌ သူ့လက်မှတ်ထိုးပေးရ၏။
ထိုစဉ်က …..GATT (ကုန်သွယ်ရေးနှင့်အခွန်အကောက်ဆိုင်ရာ အထွေထွေသဘောတူညီချက်အဖွဲ့) အစည်းအဝေးပွဲများသို့ သူတတ်ရောက်ခဲ့ရသည်။ သံလွင်ရောင်စစ်ဝတ်စုံ ၊ပြောက်ကျားယူနီဖောင်းနှင့် …..။

(၁၁)
၁၉၆၂ခုနှစ်ကား ….. စစ်ရေးတိုက်ပွဲအရှိန်၏ အမြင့်မားဆုံးကာလဟု ဆိုရမည်။ ဆိုဗီယက်တို့၏ ဒုံးကျည်များအား ကျူးဘားတွင် တည်ဆောက်မည်။ အမေရိကန်က သဘောမတူ။ ဤတွင် …တင်းမာမှုက ကြီးမား၍လာ၏။ နူးကလီးယားစစ်ပွဲများ ဖြစ်လေမည်လား….။
ကက်စထရိုနှင့် ခရူးရှော့ ဆက်ဆံရေးက အထူးကောင်းမွန်၏။

(၁၂)
၁၉၆၄ခုနှစ် ဒီဇင်ဘာလမှ ၁၉၆၅ခုနှစ် မတ်လအထိ သူသည် နိုင်ငံတကာခရီးစဉ်များသွား၍ သံခင်းတမန်ခင်းများအား ခင်းကျင်း၏။ ပြင်သစ်၊ အီဂျစ်၊ အယ်ဂျီရီယား၊ ဂါနာ၊ ဂီနီ၊ မာလီ၊ ဒါဟိုမီ၊ကွန်ဂို၊ အိုင်ယာလန်၊ နှင့် တရုတ်ပြည်သစ်နိုင်ငံများသို့ …..။
ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်ပြည်တို့က သဘောတရားအရ ကွဲလွဲနေကြချိန်ဖြစ်သည်။ သူက သဘောတရားအရတွင် “မော်” တို့နှင့်တူ၏။ ဤအတိုင်းပင် သူ့ခရီးစဉ်များအတွင် ပြောဆိုဆွေးနွေး၏။ ကျူးဘားခေါင်းဆောင်တစ်ဦးပြောခြင်းဖြစ်၍ ကျူးဘားသဘောထားဟု ကမ္ဘာက မြင်ကြ၏။ ဤတွင် သူ့အပေါ် ဖီဒယ်ကက်စထရိုတို့ ညီအစ်ကို မနှစ်မြို့တော့…..။ သူတို့ ညီအစ်ကိုက “ခရူးရှော့”နှင့် နီးစပ်သူ…..။ သူခရီးစဉ်အပြီး “ဟားဗားနား” သို့ ပြန်ရောက်၏။ ဖီဒယ်ကက်စထရိုတို့ ညီအစ်ကိုနှင့် သူ၏ဆက်ဆံရေးက အေးအေးစက်စက်…..။ မကြာ …..သူ ကျူးဘားမှ ပျောက်သွားခဲ့တော့၏။ အားလုံးအား စွန့်လွှတ်၍ ….။

(၁၃)

အာဖရိကတိုက်ရှိ ကွန်ဂို -ကင်ရှာဆား ပြောက်ကျားစစ်ပွဲအတွင်း… သူ …. သေနတ်ကိုင်၍ရောက်သွား၏။ အာဖရိက တောနက်ကြီးအတွင်း ပြောက်ကျားစစ် ဆင်နေတော့၏။ ရာသီဥတုက ဆိုးသည်။ ထိုစဉ်က သူအသက်သည် ၃၈-နှစ်ခန့်ရှိပြီ။ ပန်းနာရင်ကျပ်ဝေဒနာက ပြန်ထ၍လာပြီ။ ဆိုးဆိုးဝါးဝါး…..။
မရတော့ …..။ သူ အနားယူရသည်။ အနားယူစဉ် ကာလအတွင်း “ ကွန်ဂိုဒိုင်ယာရီ” အားရေးခဲ့သည်။ သူ၏ တော်လှန်ရေးကာလ ကွန်ဂို အတွေ့အကြုံများ ……။

(၁၄)
ထိုနောက် …..။
သူသည် ဘိုလီးဗီးယား အစိုးရအား တော်လှန်ရန် ဘိုလီဗီးယားသို့ ထွက်ခဲ့၏။ သူနှင့်ရဲဘော် ၁၇-ယောက်…..။ ဗီယက်နမ်ရဲဘော်များလည်းပါသည်။ ပြီးလျှင် လက်တင်အမေရိကမှ ရဲဘော်များ …..။
၁၉၆၇ခုနှစ် အောက်တိုဘာ (၇)ရက်နေ့တွင် သူနှင့်ရဲဘော်များ ဘိုလီးဗီးယားနိုင်ငံ ယူဂို(ချူရီ) တောင်ကြားအတွင်းသို့ ၀င်ခဲ့ကြ၏။ ရိုင်ဖယ်သေနတ်များနှင့် ….။
ချောင်းရိုးငယ်အား ဖြတ်ကြ၏။ ဤတွင် …. ၀ိုင်းဝန်ပစ်ခတ်မှုအား သူတို့ ရုတ်တရက်ခံလိုက်ကြရ၏။ သူ …. ဦးဆောင်သည့်ပြောက်ကျားများ ဘိုလီးဗီးယားစစ်တပ်၏ ချုံခိုတိုက်ခိုက်ခြင်းအား ခံကြရပြီ ….။ အကျအဆုံးက များသည်။ သူလည်း ထိ၏။ ဆုတ်၍မရ …..။ တတ်၍မရ ……။ နောက်ဆုံး …… သူ ဘိုလီးဗီးယားစစ်တပ်၏ ဖမ်းဆီးခြင်းအား ခံလိုက်ရ၏။

(၁၅)
၁၉၆၇ခုနှစ်အောက်တိုဘာလ (၉)ရက်နေ့……..။
ဘိုလီးဗီးယားနိုင်ငံ၏မြို့တော်နှင့်ဝေးကွာလွန်းသည့် “ဗယ်လီဂရန်ဒေမြို့” လေယာဉ်ကွင်းငယ်၏ အနီးတွင် ဘိုလီးဗီးယားစစ်တပ်သည် ဒဏ်ရာနှင့်စစ်သုံ့ပန်တစ်ဦးအား နောက်ပြန်လက်ထိပ်ခတ်၍ ထားသည်။ လက်ထိပ်ခတ်ခံထားရသည့် စစ်သုံ့ပန်သည် ဘိုလီးဗီးယားစစ်သားများ၏အရှေ့၌ မတ်မတ်ရပ်၍နေသည်။ စစ်သားများက စစ်သုံ့ပန်အား မောင်းပြန်ရိုင်ဖယ်သေနတ်များနှင့်ချိန်ထား၏။ စစ်သုံ့ပန်က စစ်သားများအား သူ၏စူးရှသော မျက်လုံးများနှင့်ကြည့်၏။
အမိန့်သံထွက်လာ၏။
ယမ်းပေါက်ကွဲသံများ ဆူညံ၍သွားသည်။ ယမ်းညော်နံ့တို့က လေယာဉ်ကွင်းအနီး မွှန်၍နေသည်။
စစ်သုံ့ပန်သည် တဖြေးဖြေး ပျော့ခွေ၍ ကျသွားသည်။ သွေးတို့က ခန္ဓာကိုယ်အနှံ့မှ ယိုစီး၍ ထွက်လာသည်။ ပြီးလျှင် ….. ဘိုလီးဗီးယားစစ်သားများက သွေးအလူးလူးနှင့်လဲနေသော အလောင်း၏ လက်နှစ်ဖက်အား လက်မောင်းရင်းမှ လွှနှင့်တိုက်၍ ဖြတ်ကြ၏။ ထိုနောက် ….. လေယာဉ်ကွင်းအနီးတွင်ပင် လက်မပါသော ခန္ဓာကိုယ်အား ကျင်းတူး၍ မြုပ်နှံလိုက်ကြတော့၏။

(၁၆)
မပုပ်မသိုးရန် ဆေးရည်စိမ်ထားသည့် လက်နှစ်ဖက်အား ဘိုလီးဗီးယားအစိုးရမှ ကျူးဘားသမ္မတဖီဒယ်ကက်စထရိုထံသို့ ပို့လိုက်၏။
၁၉၆၇ခုနှစ် အောက်တိုဘာလ (၁၅)ရက်……။
ဤလက်နှစ်ဖက်အား ဖီဒယ်ကက်စထရိုသည် မြင်သည်နှင့်သိ၏။ သူနှင့် တော်လှန်ရေးများအတွင်း လက်တွဲခဲ့သည့်လက်များ ……။ မလွဲနိုင်…..။ သူ ….။ သူ ….။
“အာနက်စ်တိုဂွေဗားရားဒီလာဆနာ” သို့မဟုတ်……. “ချေ” ။
ချေ ဟူသည်က …..စပိန် ဘာသာအရ “ ရဲဘော်၊ ရဲဘက်” ဟူ၍ဖြစ်သည်။

“မြေ၀သုန်ရေ…..
ဂုဏ်ပြု့အပ်တဲ့ ဧည့်သည်တစ်ယောက်ကို
ဆီးကြိုပေတော့ ……”
(အော်ဒင်)

၂၀၀၇ ခုနှစ် ဒီဇင်ဘာလ၌ ခေတ်ပြိင်ဝက်ဆိုဒ် တွင်ဖော်ပြခဲ့သည်။

နေရောင်မခတဲ့တောင်တွေဆီမှာ

(ရွှေအိမ်စည်)

(၁)
`စောထ´နှင့်`စောဖိုးထ´ရွာက နာရီဝက်ခန့်ခြေလျင်လျှောက်လျှင် ရောက်၏။ မဝေး…..။ အတတ်အဆင်းမရှိသည့်အတွက်လည်း ပင်ပန်းသည့်ခရီးမဟုတ်ဟု ထင်မိ၏။ သို့သော် ….. `နွားလေးခို´ဆေးခန်းအတွက် ကျနော်တို့နှင့်အတူ ဆေးပစ္စည်းများပါလာသည်။ D5W နှင့် D5S ဆားရည်ပုလင်းများပင် စက္ကူပါကင်များနှင့် ၆-ပါကင်ပါ၏။ အခြားဆေးများနှင့်ဆိုလျှင် …..အထမ်းသမား ၅-ယောက်ခန့်ထမ်းရမည့် ပစ္စည်းများဖြစ်သည်။ စောထက ရွာမဟုတ်….ဈေးတန်းဖြစ်၍ ရွာလူကြီးဆီသွားပြီး `၀န်ထမ်း´တောင်း၍မရ…..။ အထမ်းသမားငှားရန်လည်းမလွယ်….။ ၀န်တင်`လား`ရှာ၍လည်းမရ…..။ခက်ပြီ။ မိုးက စဲသွားပြီးဖြစ်သော်လည်း အုံ့မှိုင်း၍နေသေးသည်။ နေမ၀င်မှီ `စောဖိုးထ´သို့ အရောက်သွားကြရမည်။ `စောဖိုးထ´ရောက်မှ ညစား ထမင်းချက်စားကြမည်။ မတတ်နိုင်…..။ ကျနော်တို့ ၄-ယောက်ပင် ဆေးပစ္စည်းများအား ထမ်းပိုး၍ သွားရန်သာ ရှိတော့၏။ မျှ၍ခွဲကြ၏။ တစ်ယောက်လျှင် ၁၅-ကီလိုခန့် ထမ်းပိုးရန် ဝေစုရ၏။ ထမ်းပိုးစရာက မရှိ….။ မတတ်နိုင်….။ လုံချည်ကွင်းအတွင်း စုပုံထည့်ပြီး လုံချည်ကွင်းသိုင်း၍ ထမ်းကြရတော့၏။ ကျောပိုးအိတ်အတွင်း ထည့်၍ထမ်းပိုးရခြင်းမဟုတ်သည့်အတွက် ပစ္စည်းများက ကျောပေါ်တွင် နေသားမကျ။ ဟန်ချက်မညီ….။ ဟန်ချက်မကျသည့်အတွက် ထမ်းရသည်မှာ ပို၍ခက်ခဲ၏။ လေးသည်ဟု ပိုထင်ရသည်။
စောထမှ ထွက်သည့်ခရီးတွင် ကျနော်တို့နှင့်အတူ `အမိုးကြီး´ တစ်ဦးလည်းပါသည်။ သူလည်း KNU၏ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်သို့ပင် သွားမည်ဖြစ်သည်။ သူ၏ခင်ပွန်းက KNU ကျောက်ကြီးမြို့နယ်ဥက္ကဌ……။ ဖဒိုအယ်မှူး….။ ဖဒိုအယ်မှူးက မော်လမြိုင်တက္ကသိုလ်တွင် ပညာသင်ခဲ့ဖူး၏။ ဖဒိုမန်းရှားနှင့်သက်တူရွယ်တူခန့်ရှိမည်။ သူတို့အိမ်ကလေးက `ဟိတိုးထ´ ချောင်းဘေးတွင် ချောင်းအား မျက်နှာမူ၍ဆောက်ထား၏။ သက်ကယ်မိုး၊ သဲပွက်ခင်း၊ သဲပွတ်ကာ တဲအိမ်လေးမျှသာ….။ လင်မယားနှစ်ယောက်တည်းသာ နေကြ၏။ ခလေးများကိုမူ `ဖွေးဖေါ်လူ´ကျောင်းတွင်ထား၏။ `ဖွေးဖေါ်လူ´ကျောင်းက KNUပညာရေးဌာနမှဖွင့်ထားသည့် အထက်တန်းကျောင်းဖြစ်သည်။ နယ်ကျောင်းသားများအတွက် `ဘော်ဒါ´ရှိသည်။ `ဖွေးဖေါ်လူ´ရွာက မှိုင်းလုံးကြီးချောင်းဘေးတွင်ရှိသည်။ `ဖွေးဖေါ်လူ´တွင် ဗိုလ်ချုပ်မြနေသည်။ အခြားKNU၏စစ်ဖက်နယ်ဖက် ခေါင်းဆောင်များလည်း နေကြသည်။ ထိုစဉ်က ….. ဖွေးဖေါ်လူသည် ဗိုလ်ချုပ်ရွာ ……။

(၂)
စောထဈေးတန်းအားလွန်သည်နှင့် တောင်ကြားလွင်ပြင်ငယ်အတွင်းသို့ ရောက်သည်။ လူသွားလမ်းက ဖုံသည်။ လမ်းဘေးဝဲယာတွင်မူ ခါးစောင်းခန့်ရှိမည့် မြက်ရိုင်းပင်များ….။ တောင်ကြားလွင်ပြင်ဆိုသော်လည်း မြင့်မားသည့်တောင်တန်းကြီးများက အဝေးတွင် …. အထပ်ထပ်နှင့်….။ အချို့က စိမ်းညို၍နေသည်။ အချို့က ပြာမှိုင်းမှိုင်း ….။ တောင်ကြားလွင်ပြင်ကရေညီပြင်ကဲ့သို့ ပြန့်ပြူးနေသည်မဟုတ်…..တောင်တန်းငယ်များ၊ ဆင်ခြေလျောများနှင့် …..။ တောင်ကုန်းငယ်များတွင် သစ်ကြီးဝါးကြီးဟူ၍မရှိ…..ပြောင်၍နေသည်။ လွန်ခဲ့သည့် သုံးလေးနှစ်ခန့်က တောင်ယာခုတ်ထားသည့် တောင်ယာကုန်းဟောင်းများဖြစ်မည်။
ဘောလုံးကွင်းတစ်ခုအား ကျနော်တို့ဖြတ်ကြသည်။ ဘောလုံးကွင်ဟုဆိုသော်လည်း ကွင်းအတွင်း မြက်ရိုင်းများက ပေါင်လယ်ခန့် တောထ၍နေသည်။ ဘောလုံးကွင်း၏တစ်ဖက်၌ခြံစည်းရိုးပျက်တစ်ခုအား တွေ့ရ၏။ စည်းရိုး၏အတွင်းဖက်၌မူ ပြိုနေသည့်တဲတန်းရှည် နှစ်ခုအားတွေ့ရ၏။ ဘားတိုက်ဟောင်းများဖြစ်ခဲ့ဟန်တူသည်။
`အဲ့ဒါ …စောထ Camp လေ၊ ကျောင်းသားတပ်မတော် တပ်ရင်း (၂၁၀) နေရာဟောင်းပေါ့…..´
စောထစခန်း…..။
၁၉၈၈ …..စက်တင်ဘာအာဏာသိမ်းပြီးသည့်နောက် ….သပိတ်စခန်းအသီးသီးမှ သပိတ်တပ်သားတို့ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန် နယ်စပ်ဒေသအသီးသီးသို့ တောခိုခဲ့ကြသည်။ ကျောင်းသားလူငယ်များက အများစုဖြစ်သည်။ ဓါး၊ ဓါးချင်း၊ လှံ၊လှံချင်း ၀ါဒီတို့အား ရင်ဆိုင်ရန်မှာ လက်နက်ကိုင်တိုက်ပွဲမှတပါး ….အခြားမရှိ။ အစုလိုက်၊အပြုံလိုက်တောခိုကြသည်။ သပိတ်စခန်းနှင့်အနီးဆုံး လွတ်မြောက်ဒေသဆီသို့…..။
ဇေယျဝတီ၊ ဖြူး၊ တောင်ငူ၊ အုတ်တွင်း၊ ကညွှတ်ကွင်းဘက်မှ သပိတ်တပ်သားတို့ စောထသို့ရောက်ပြီး ဤနေရာတွင် စခန်းတည်ခဲ့ကြ၏။ စောထ Camp…..။ ထိုစဉ်က စောထ Campတွင် သပိတ်တပ်သား သုံးရာခန့်ရှိမည်။ အမျိုးသမီးများလည်းပါသည်။ အမျိုးသမီးများက ၂၀-ခန့်ပင်ရှိမည်။ ထိုအထဲ၌ …..ကိုကျော်ဦးလည်းပါသည်။ သူက ….ဇေယျဝတီသားဖြစ်သည်။ ညီအကို၂-ယောက်ရှိသည့်အနက် သူက အငယ်ဖြစ်သည်။ သူ့အကိုကမူ အာဏာသိမ်းစစ်တပ်အတွင်း၌….။ သူက အာဏာသိမ်းစစ်အုပ်စုအား လက်နက်ကိုင်၍တော်လှန်ရန် စောထသို့ ရောက်လာခဲ့၏။ ထိုစဉ်က သူ့အသက်သည် ၂၀-၀န်းကျင်သာရှိသေး၏။ အသားညိုညိုပိန်ပိန်သွယ်သွယ်နှင့်….။ ဆံပင်အားဘေးခွဲ၍ သပ်ရပ်စွာ ဖီးလေ့ရှိသည်။ မြို့ပြမှရောက်လာသည့် ကျောင်းသားတို့ ပထမဦးစွာရင်ဆိုင်ရသည်က ….. `ငှက်ဖျား´။ စောထသို့ရောက်ပြီး ၁၀-ရက်ခန့်ကြာသည်နှင့် ငှက်ဖျား၏ထိုးစစ်ဆင်မှုအား အားလုံးခံရသည်။ အလူးအလဲ….။ လူနာကများပြီး ဆေးဝါးကနည်းနည်း….ကုသမှုက မပြည့်စုံ…..။ ဤအထဲ ကိုကျော်ဥင်္ီးသည် ငှက်ဖျားဒဏ်အခံရဆုံးဟုဆိုရမည်။ ငှက်ဖျားဖျက်ဆေးအား ပဲလှော်စားသလို စားနေရသည်။ ထိုစဉ်က ….ငှက်ဖျားဖျက်ဆေးက `ဖန်စီမက်´ဟုခေါ်သည့် ဆေးဖြစ်သည်။ ကိုကျော်ဦးနှင့်`ဖန်စီမက်´ပျက်သည်မရှိခဲ့။ ထိုကြောင့်ပင် သူ့အား ရဲဘော်များက ကျော်ဦးဟု မခေါ်ကြ၊ ဖန်စီမက်ဟု ပင် ခေါ်ကြတော့၏။ စောထစခန်းကော်မတီအားဖွဲ့၏။ ရှစ်ဦးနှင့်ဖွဲ့သည့် ရှစ်ဦးကော်မတီဖြစ်သည်။ ကော်မတီတွင် ကိုကျော်ဦးလည်းပါသည်။ ဒု-စစ်ရေးတာဝန်ခံအဖြစ်နှင့်…..။ ABSDF အားဖွဲ့စည်းပြီးသည့်အခါ၌ စောထစခန်းသည် ABSDF၏ တပ်ရင်း(၂၁၀) ဖြစ်လာသည်။ တပ်ရင်း (၂၁၀)တွင် ကိုကျော်ဦးက တပ်ခွဲမှူး….။
ကျနော်တို့ စောထ Campဟောင်းနေရာအား ကျော်ခဲ့ပြီ။ လမ်းသည် ဆင်ခြေလျော ပြေလျှော့လျှော့ဆင်းသွား၏။ စောထ Camp နှင့်ကျောင်းသားတပ်မတော်တပ်ရင်း ၂၁၀-၏နေရာဟောင်းက အနောက်တွင်ကျန်ခဲ့ပြီ။
ထိုစဉ်က ကျနော်မတွေးမိ။ နောက် ….ဆယ်နှစ်….တစ်ခုသော အောက်တိုဘာတွင် ဤစခန်းမှ ကျောင်းသားရဲဘော်တစ်ယောက်သည် ဘန်ကောက်မြို့ရှိ စစ်အုပ်စု၏ အချုပ်အခြာအာဏာပိုင်ရာ မြန်မာသံရုံးအား အောင်အောင်မြင်မြင် ၀င်ရောက်စီးနင်းသိမ်းပိုက်သည့် ပျောက်ကျားတပ်ဖွဲ့အား ဦးဆောင်ခဲ့လေမည်ဟု …..။
စောဖိုးထရွာအတွင်းသို့ ၀င်ခဲ့သည်။ ရွာအ၀င်လမ်းက မော့မော့လေးတတ်သွားရသည်။ ရွာက ကုန်းမို့မို့ပေါ်၌ တည်ထားသောရွာ….။ ရွာအတွင်းရှိ ဘုရားရှိခိုးကျောင်းမှ ဓမ္မတေးသံအားကြားရ၏။ ခေါင်းလောင်းထိုးသံနှင့်ဝတ်ပြုဆုတောင်းသံတို့အား ရွာအတွင်း ပျံ့လွှင့်၍နေသည်။ ငြိမ်းချမ်းရေးတေးသံများ….။ ဘာသာတရားဆရာတို့ကား ငြိမ်းချမ်းရေးအတွက် ၀တ်ပြုဆုတောင်း၍ ဓမ္မတေးများအား ရွတ်ဆိုကြ၏။
အမေရိကန်သမ္မတကြီးတစ်ဦးကမူ …..`ငြိမ်းချမ်းရေးအတွက် ကျနော်တို့စစ်ခင်းနေကြရတာပါ´ဟု ဆိုသည်။ စစ်နှင့်ငြိမ်းချမ်းရေး ……။

၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ၌ Mizzima တွင်ဖော်ပြခဲ့သည်။

မျိုးချစ်တပ်မတော်၏အစဉ်အလာ ……

(ရွှေအိမ်စည်)

(က)
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်သားတွေအတွက် “စစ်သည်တော်ကျင့်ဝတ်” ဆိုတဲ့ လက်ဆွဲစာအုပ်ငယ်လေးကို ၁၉၉၂ခုနှစ် အောက်တိုဘာလ(၁)ရက် နေ့က ထုတ်ဝေခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ)ရဲ့ ညွှန်ကြားချက်အရ ထုတ်ဝေတာလို့လဲ လက်စွဲစာအုပ်ရဲ့ မျက်နှာဖုံးမှာ ရေးသားထားပါတယ်။ ဖြန့်ဝေတာကတော့ …..စစ်သည်တော်အားလုံး (တပ်မတော်သားအားလုံး) ကိုဖြန့်ဝေပါတယ်။ အဲ့ဒီမှာ ….. စစ်သည်တော် (တပ်မတော်သား) ဆိုရာမှာလည်း ဗိုလ်ချုပ်မှူးကြီးကစလို့ တပ်သားအဆင့်ထိ အကျုံးဝင်တာလို့ ဖွင့်ဆိုထားပါတယ်။
စာအုပ်ရဲ့ စာမျက်နှာ (၃)မှာ ……“ တပ်မတော်၏အစဉ်အလာ” ဆိုပြီး…..ခေါင်းစဉ်ငယ်တစ်ခုနဲ့ တပ်မတော်ရဲ့ အစဉ်အလာ (၁၂)ရပ် ကို ဖော်ပြထားပါတယ်။ ပြီးတော့ …..ဒီအစဉ်အလာ (၁၂)ရပ်ကို စောင့်ထိန်းဖို့လည်း ဆိုထားပါတယ်။ အစဉ်အလာ (၁၂)ရပ်ထဲက ပထမဆုံး အချက်က “ မျိုးချစ်တပ်မတော်ဖြစ်သည်” ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီတော့ ….. မျိုးချစ်တပ်မတော်ရဲ့ အစဉ်အလာကို စောင့်ထိန်းပါလို့ နားလည်ရပါတယ်…….။ မျိုးချစ်တပ်မတော်ရဲ့ အစဉ်အလာကို စောင့်ထိန်းမှလဲ ဒီနေ့ တပ်မတော်ဟာ မျိုးချစ်တပ်မတော်ဖြစ်သည် …..ဆိုတဲ့ အင်္ဂါရပ် နဲ့ ပြည့်စုံမှာပါ။
ဒီတော့ ……မျိုးချစ်တပ်မတော်ရဲ့ သမိုင်းမှန်ကူကွက် အချို့ကို ပြန်ကြည့်ကြရအောင်ပါ။

(ခ)
၁၉၄၅ ခုနှစ် စက်တင်ဘာလ ပထမအပတ်မှာ သီရီလကာင်္နိုင်ငံ ကန္ဒီမြို့မှာ မြန်မာ့တပ်မတော်သစ်နဲ့ပါတ်သတ်လို့ စာချုပ် ချုပ်ဆိုခဲ့ကြတယ်။ ကန္ဒီစာချုပ်ပါ ……။ မြန်မာဖက်က ဗိုလ်ချုပ်အောင်ဆန်းလက်မှတ်ထိုးပြီး ဗြိတိသျှတို့ဘက်ကတော့ ဗိုလ်ချုပ်ကြီး လော့ဒ်လူဝီမောင့်ဘတ်တန် လက်မှတ်ထိုးခဲ့တယ်။ စာချုပ်အရ…..မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းပြီး ၊ စစ်အင်အား ၅၂၀၀နဲ့ ဗြိတိသျှဘားမားရိုင်ဖယ်တပ်တွင် ပူးပေါင်း၍ တပ်မတော်အသစ်အား ဖွဲ့စည်းသွားရန် ဖြစ်ပါတယ်။
တပ်မတော်သစ်တွင် ပါဝင်ကြမယ့် မျိုးချစ်ဗမာ့တပ်မတော်က အရာရှိတပ်မှူးတွေကို အင်္ဂလိပ်တပ်က စစ်ပညာသင်တန်း ပြန်ပို့ချပါတယ်။ တပ်ရင်း(၄)က တပ်မှူးတွေကို ပြည်မြို့မှာ သင်တန်းပေးတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်မှူးချုပ် အောင်ကြီးတို့ တတ်ကြရပါတယ်။ တပ်ရင်း(၅)က တပ်မှူးတွေကိုတော့ ပျဉ်းမနားတွင် သင်တန်းပေးပါတယ်။ ဗိုလ်မှူးကြီးဇေယျတို့ ဗိုလ်မှူးကြီးကြည်မောင်တို့ တတ်ကြရပါတယ်။ မိတ္တီလာမှာဖွင့်တဲ့သင်တန်းကိုတော့ အမြောက်တပ်နဲ့အခြားတပ်က တပ်မှူးတွေ တတ်ကြရပါတယ်။ ဗိုလ်မှူးချုပ် အောင်ရွှေ၊ ဗိုလ်ချုပ်ကြီးတင်ဦးတို့ တတ်ကြရပါတယ်။ ဘားမားရိုင်ဖယ်တပ်ရင်း(၃) တပ်မှူးတွေရဲ့ သင်တန်းကိုတော့  သန်လျင်မှာဖွင့်ပါတယ်။ အဲဒီမှာ ဗိုလ်မှူးချုပ်ကျော်ဇော ၊ ဗိုလ်ချုပ်ကြီးစန်းယု၊ ဗိုလ်မှူးကြီး စိန်မြ၊ ဗိုလ်မှူးကြီး တင်မောင် (စာရေးဆရာ မြတ်ထန်) တို့ တတ်ကြရပါတယ်။ တပ်ရင်း(၃)သင်တန်းသား အားလုံးစုစုပေါင်း ၂၈-ယောက်ရှိပါတယ်။ အခြေခံစစ်ရေးပြ “လက်(ဖ)ရိုက်”..... “လက်(ဖ)ရိုက်” က စသင်ကြရပါတယ်။ ပြီးတော့ ….“ တပ်အုပ်ချုပ်မှုနဲ့ စစ်တပ်ဥပဒေ” ဘာသာရပ်တို့ကိုလည်း သင်ကြရပါတယ်။
တနေ့…..။
စစ်တပ်ဥပဒေဘာသာရပ်ကို သင်နေပါတယ်။
လူစုလူဝေးဆန္ဒပြမှုအား ဖြိုခွဲခြင်းအကြောင်းပါ။
လူစုလူဝေးဖြိုခွဲရာမှာ “ပြည်သူ့ရဲ” တို့နဲ့ မဖြေရှင်းနိုင်ပါက နယ်ဖက်အုပ်ချုပ်ပိုင်းမှ စစ်တပ်ကို အကူအညီတောင်းခံရပါတယ်။ အဲဒီအခါမှာ စစ်တပ်ဟာ လိုအပ်ရုံအင်အားနဲ့ လူစုလူဝေးကို ရင်ဆိုင်ရပါတယ်။ ပြီးတော့ …..တပ်ကိုအုပ်ချုပ်တဲ့ စစ်ဗိုလ်အရာရှိဟာ သက်ဆိုင်ရာ ခရိုင်တရားသူကြီးတစ်ဦးကိုလည်း သူ့အနားမှာ ခေါ်ထားရပါတယ်။ လူစုလူဝေးအား ပစ်ခတ်ဖို့ လိုအပ်ပါက ပစ်ခတ်နိုင်ရန် ပစ်ခတ်ခွင့်အမိန့်စာကို တရားသူကြီးထံမှ ရယူရပါတယ်။ ပြီးတော့ တပ်မှူးက လူစုလူဝေးရဲ့ အရှေ့မှာ မျဉ်းသားပြီး မျဉ်းကို ကျော်မလာဖို့ အကြိမ်ကြိမ် သတိပေးရပါတယ်။ အဲဒီလို သတိပေးရင်းနဲ့မှ လူစုလူဝေးဟာ မျဉ်းကို ကျော်လွန်လာလျှင် တပ်မှူးက တရားသူကြီးရဲ့ ပစ်ခတ်ခွင့်အမိန့်စာအရ ဆန္ဒပြသူတို့ရဲ့ ခေါင်းဆောင်လို့ ယူဆရသူ ……ဒါမှမဟုတ် တပ်ဦးက အလံကိုင်လာတဲ့လူကို တိတိကျကျ ညွှန်ပြပြီး တပ်သားကို ရိုင်ဖယ်သေနတ်နဲ့ ကျည်ဘယ်တောင့်ပစ်ပါဆိုပြီး ပစ်မိန့်ပေးရပါတယ်……။
ဒါက…..လူစုလူဝေးဖြိုခွင်းခြင်းဆိုင်ရာ စစ်တပ်ရဲ့ ဥပဒေဘာသာရပ်ရဲ့ သင်ကြားချက်ပါ။
သင်တန်းဆရာက ဘာသာရပ်ဆိုင်ရာ သဘောတရားကို ပို့ချပြီးတဲ့နောက် သင်တန်းသားတွေကိုကြည့်ပြီး လက်ချာဆက်ပေးပါတယ်။
“……ဟောဟိုလမ်းမကြီးပေါ်မှာ လူထုကြီးအလံတွေ ကိုင်လို့ ပါးစပ်ကလည်း အစိုးရကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေအော်လို့ ချီတတ်လာနေကြတယ်……ခင်ဗျားတို့ ဘာလုပ်မလဲ……”
သင်တန်းဆရာက သင်တန်းသားဗမာ့မျိုးချစ်တပ်မတော်သား တပ်မှူးတွေကို မေးပါတယ်။
“………. ရှေ့ကို တတ်မလာပါနဲ့ လို့ သတိပေးမယ်”
သင်တန်းသားတပ်မှူးများက ဖြေကြတယ်။
“……ဟုတ်ပြီး……ကဲဗျာ တားလို့မရဘူး။ ရှေ့ဆက်တတ်လာကြပြီဆိုပါတော့ ခင်ဗျားတို့ ဘာဆက်လုပ်မလဲ”
သင်တန်းသားအားလုံး ဗမာ့မျိုးချစ်တပ်မတော်သား တပ်မှူးများအားလုံး ချက်ချင်းအဖြေမပေးနိုင်။ သူတို့အားလုံး၏အမြင်အာရုံတွင် ….. ဖဆပလအဖွဲ့ဝင်သခင်များနှင့်ပြည်သူလူထုကြီး …..။
“…..လွတ်လပ်ရေးချက်ချင်းပေး ”
“…..သူပုန်၊ သူပုန် ထ ထ…..”
ကြွေးကြော်သံများအား ဟစ်ကြွေးနေတဲ့ လူထုကြီးနဲ့ အနီခံကြယ်ဖြူတစ်ပွင့်အလံနီကြီးများ ……ခွပ်ဒေါင်းအလံများ ၀င့်၍၀င့်၍ ချီတတ်လာနေကြတဲ့ မြင်ကွင်းတွေကို သင်တန်းသားအားလုံး မြင်ယောင်နေကြတယ်။ သင်တန်းသားအားလုံးဟာ ငြိမ်သက်နေတယ်။ အဖြေမပေးနိုင်ကြသေး။ သင်တန်းဆရာက ထပ်မေးတယ်။
“….ကဲဗျာ …… ရှေ့ဆုံးက ချီတတ်လာတာက ဦးအောင်ဆန်း(ဗိုလ်ချုပ်အောင်ဆန်း) ဗျာ….။ သတိပေးလို့လဲမရဘူး……။ ဆက်ပြီးချီတတ်လာပြီ ခင်ဗျားတို့ ဘာလုပ်မလဲ ……။ ပစ်မလား။ မပစ်ဘူးလား ……“
“မပစ်ဘူး…..”
သင်တန်းသား ဗမာ့မျိုးချစ်တပ်မတော် ရဲ့တပ်မှူးတွေအားလုံးက အဖြေပေးလိုက်ကြတယ်။
ဤတွင် ကျနော်နားလည်လိုက်မိတယ်။
“ငါတို့သည် ……နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည် ” ဆိုတဲ့တပ်မတော်သားတို့ရဲ့ နေ့စဉ် ရွှတ်ဆိုရသည့် သစ္စာအဓိဌာန်အား …….။
သို့သော် …… ယခု တပ်မတော်က …….။
ထားတော့ …..။
အဲ့ဒီတုန်းက သင်တန်းမှာ တတ်နေခဲ့ကြတဲ့ တပ်မှူးတွေဟာ ရဲဘော်သုံးကျိပ်ဝင်တွေပါတယ်။ ပြီးတော့ ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော် စတဲ့ တပ်မတော်တွေမှာ တာဝန်ထမ်းခဲ့ပြီး လွတ်လပ်ရေးအတွက် အသက်စွန့် တိုက်ပွဲဝင်ခဲ့ကြတဲ့သူတွေဖြစ်တယ်။ ဆိုရရင်တော့ ဒီနေ့တပ်မတော်ကြီးရဲ့ သန္ဓေသားတွေ….။ ဒီနေ့တပ်မတော်ကြီးရဲ့ ပထမမျိုးဆက်တပ်မှူးကြီးတွေ …….။ တင်ပြခဲ့တဲ့ အဖြစ်အပျက်ကိုကြည့်မယ်ဆိုရင် သူတို့တွေရဲ့ စဉ်းစားချက် ၊ ရပ်တည်ချက်၊ တွေးခေါ်ချက်နဲ့ လုပ်ဟန်တွေဟာ မျိုးချစ်တပ်မတော်ရဲ့ရပ်တည်ချက်နဲ့ လုပ်ဟန်တွေ ဖြစ်ခဲ့တယ်။ ဒါတွေဟာ မျိုးချစ်တပ်မတော်ရဲ့အစဉ်အလာကောင်းတွေပါ။ ဒီလိုအစဉ်အလာကောင်းတွေကို ဒီနေ့တပ်မတော်ကြီးဟာာ စောင့်ထိန်းထားနိုင်ကြသေးရဲ့လား။ မေးစရာတွေ ဖြစ်နေပါပြီ။ ဒါဟာ …..ဒီနေ့တပ်မတော်သားတိုင်း ဆန်းစစ်ကြည့်ကြဖို့ လိုသလို တစ်ဦးချင်းအဖြေပေးကြရမှာလည်း ဖြစ်တယ်။

အညွှန်း - ဗိုလ်မှူးကြီးတင်မောင်၏ “တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်” စာမျက်နှာ (၁၃-၃၂)မှ

၂၀၀၈ခုနှစ် ဖေဖော်ဝါရီလ၌ Mizzima တွင် ဖော်ပြခဲ့သည်။

သူပုန်တစ်ယောက်၏နိဒါန်း

(ရွှေအိမ်စည်)

(က)
နှစ်နာရီမျှ ကျနော်တို့ လျှောက်ခဲ့ပြီးသည့်အခါတွင်မူ ကားသံများအား သဲ့သဲ့ ကြားရပြီဖြစ်သည်။ ဖြေးဖြေးမှန်မှန်သာ လျှောက်ခဲ့ကြသည်ဖြစ်၍ မပင်ပန်း……။ လမ်းက အတတ်အဆင်းမရှိ…..။ လူသွားလမ်းအတိုင်း မသွားပဲ တောတိုး၍ လာခဲ့သည့်အတွက်သာ ခရီးကဖင့်၏။ စမ်းချောင်းငယ်အတိုင်းသွားသည့်အခါ သွားသည်။ ၀ါးတော်ကြီးအတွင်း ဖြတ်၍သွားသည့်အခါ သွား၏။ ကားသံများက တခါတခါ ကျယ်၍လာသည်။ တခါတခါတွင်မူ သဲ့သဲ့မျှသာ …..။အသံက လေယူရာတိမ်း၍ တိုးလိုက် ကျယ်လိုက်…..။
ဤကားသံများက အန္တရာယ်သံများ ……။ ကားသံများနှင့်နီးလာလေ ….အန္တရာယ်နှင့်နီးလေဖြစ်သည်။ စစ်တပ်က နှစ်စဉ် `ဖာပွန်´သို့ ရိက္ခာပို့သည်။ TE 11- စစ်ကားကြီးများနှင့်ပို့ခြင်းဖြစ်၏။ အခေါက်ခေါက်အခါခါ …..။ တစ်ခေါက်လျှင် ယာဉ်အစီးလေးငါးဆယ်မှ ရာကျော်အထိ ပါတတ်သည်။ သူတို့အသုံးပြုသည့်လမ်းကား …. သိမ်ဆိပ်၊ ပိန္နဲတောလေးကေမှ ကျသောင်းဆိပ် လဂွန်ပြို ဖာပွန်လမ်းဖြစ်သည်။ လမ်းက လမ်းကြမ်း …..။ လမ်းလုံခြုံရေးအတွက် စစ်ဗျူဟာ (၃)ခုခန့် သုံး၏။ တပ်ရင်း ၉-ရင်းအင်အားနှင့် လမ်းကင်းချထားခြင်းဖြစ်၏။ လက်ယှက်ထိုးထားသကဲ့သို့ …….။
ကျနော်တို့က ဤကြားမှ ဤလမ်းအား ဖြတ်ကျော်ကြရမည်ဖြစ်သည်။
`ကျနော်တို့ရှေ့မှာ ခဏနားကြပြီး သတင်းထောက်ပြီးတော့မှ ကားလမ်းကူးကြမယ်…..´
ဖဒို့အောင်ရွှေက ကျနော်တို့အား ပြောသည်။ နားမည့်နေရာအား ကျနော်ကြည့်မိ၏။ တောင်ယာဟောင်း …..`ဖုန်းဆိုးမြေ´။ တောင်ယာက မို့မို့လေး မြင့်တတ်သွားသည်။ တောအုပ်နှင့်တောင်ယာအကြား အနိမ့်ပိုင်းတွင် စမ်းချောင်းငယ်တစ်ခုက ရစ်ခွေထား၏။ တောင်ယာအား အနားသတ်မျဉ်းအဖြစ် စမ်းချောင်းငယ်သည် မြောက်မှတောင်သို့ ခွေရစ်၍ထား၏။ ချောင်းငယ်အတွင်းသို့ ကျနော်တို့ ဆင်းလိုက်၏။ ချောင်းရေက ခြေမျက်စိမြုပ်ရုံမျှသာ….။ သဲချောင်းလေးဖြစ်၍အေးစိမ့်၍နေသည်။ ဖားလောင်းလေးများ အုပ်လိုက်ကူးခတ်နေသည်ကို တွေ့ရ၏။ ကုန်းမို့မို့ပေါ်သို့ ကျနော်တို့ တတ်ခဲ့ကြပြန်သည်။ ထိကရုံဆူးပင်များက တောထ၍နေသည်။ ပိဇပ်ရိုင်းပင်များ၊ မြက်ရိုင်းပင်များက လူတစ်ရပ်မက …..။
ဖုန်းဆိုး၏အလယ်တွင် တောင်ယာတဲပျက်တစ်လုံးရှိသည်။ အမိုးမရှိ….၊အခင်းမရှိ….။ မဓမတိုင် ထိုးထိုးထောင်ထောင်များကသာ ……။ ယခင်က တောင်ယာခင်းရှင်တို့နေခဲ့သည့်တဲဟူ၍ ပြောနိုင်တော့သည်။ တဲပျက်တွင်ပင် ကျနော်တို့ နားကြ၏။ ဖဒိုအောင်ရွှေနှင့်ပါလာသော KNU ရဲဘော်လေး ၃-ယောက်က ရှေ့သို့ဆက်သွားပြီး ကင်းပုံးဝပ်၍ နေ၇ာယူထားကြသည်။ ကားလမ်းနှင့် နီးပြီဖြစ်၍ ရန်သူက လမ်းလုံခြုံရေးအတွက် ကင်းရှည်လှည့်တတ်သည်။ သတိထားရမည့်နေရာ …..။
ကျနော်တို့နားပြီး အတန်ကြာမှ ….ဦးမောင်မောင်လတ်ရောက်လာသည်။ သူက….ဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ ဆင်ခြေလျောလေးအတိုင်း သူတတ်လာသည်မှာ ပေ ငါးထောင်အမြင့် စောက်ကမ်းပါးကြီးအား တတ်နေသည်နှင့် တူတော့၏။ သူ့အသက်ရှုသံက ခပ်းလှမ်းလှမ်းမှပင် ကြားနေရ၏။ ချွှေးသီးချွှေးပေါက်များက သူ့မျက်နှာတွင် ရွစိထနေသည်။ ရေနှင့် ဖျန်းပက်ထားသကဲ့သို့…..။ တိုက်ပုံအင်္ကျီအနက် ၊ တတ်ထရွတ်ပုဆိုး ကချင်ကွက်အစိမ်းအောက်၌ သူ့ခန္ဒာသည် ပိန်လှီလွန်းလှ၏။ ဖြူရော်သော် အသားရောင်သည် သွေးဆုတ်သွားသည့် လူသေတစ်ဦးကဲ့သို့ …..။ဆံပင်တို့က ရှည်၍ပွယောင်းနေသည်။
သူလမ်းလျှောက်နေသည်မှာ ….၀ိဥာဉ်တစ်ကောင်လွင့်ပါးနေသည့်အလား…..။ ကျနော်တို့အနား၌ သူဝင်၍ထိုင်လိုက်သည်။ သူအသက်ရှုနေသည်မှာ ခက်ခဲပင်ပန်းလွန်းလှ၏။ သူ့အဆုတ်သည် ညှစ်ရဖန်များ၍ ပွင့်ထွက်လာလေမည်လား ထင်ရသည်။
ကျနော်တို့ သက်သက်သာသာ သွားခဲ့ရသည့်ခရီးအား သူသည် ပင်ပန်းလွန်းစွာနှင့် လာခဲ့ရ၏။ သူ့အခြေအနေအား ဖဒို့အောင်ရွှေလည်း သတိထားမိ၏။ ရှေ့ခရီးက သွက်သွက်လက်လက်သွားရမည်။ ရှောင်ရတိမ်းရမည်။ ရန်သူကြားမှ ဖြတ်ကျော်သွားရမည်ဖြစ်၍ ပြေးပြေးလွှားလွှား သွားရကောင်း သွားကြရမည်။ သူ့အခြေအနေနှင့် ဖြစ်နိုင်ပါ့မလား ….။ သူ့ကျန်းမာရေးက လိုက်နိုင်ပါ့မလား…..။

(ခ)
ကျနော်တို့ အစီအစဉ်ပြောင်းကြရသည်။ ပထမက ဖုန်းဆိုးမြေတွင် ခဏနားပြီး ….. ကားလမ်းအား ဖြည်းဖြည်းချင်းကပ်မည်။ ကားတန်းအားလုံး လွန်သွားပါက ဖြတ်ကူးရန်ဖြစ်သည်။ ယခုမူ ဤအတိုင်းသွား၍မဖြစ်တော့…..။ ဦးမောင်မောင်လတ်က လိုက်နိုင်မည့်ဟန်မပေါက်……။ နားရမည်။ သူ့အား ဆေးမှူးနှင့်ပြပြီးကုသပေးရမည်။ ပြီးမှ …. ခရီးအား ဆက်ကြရမည်။
ဖဒိုအောင်ရွှေက လမ်းလျှောက်စကားပြောစက်ဖြင့ှ် ဆေးမှူးတစ်ယောက်အားခေါ်၏။ တနေရာတွင် ဆုံရန်ချိန်း၏။ ကျနော်တို့ယခုရောက်နေသည့် နေရာမှ မီနစ် ၂၀-ခန့်သွားရမည်။ ကျသောင်းဆိပ်ရွာနှင့် ကြိုးဝိုင်းအကြားတွင် ဖြစ်သည်။
ဝါးလုံးတွင် ပုခက်ဆင်ပြီး ဦးမောင်မောင်လတ်အား ကျနော်တို့ ထမ်းကြရ၏။ အရှေ့တစ်ယောက် အနောက်တစ်ယောက်…..။ ဖုန်းဆိုးမြေမှ တောင်ဖက်ဆီသို့ ပြန်ဆင်းခဲ့ကြ၏။ တတ်နေဖြစ်သော်လည်း တပေါင်းနေက ပူပြင်းသည်။ ကျသောင်းဆိပ်ရွာအား ကွင်းရှောင်ပြီး သွားကြသည်။ ကျသောင်းဆိပ်ရွာတွင်က ရန်သူ၏ နည်းဗျူဟာ (၃၃၁) ရှိသည်။ ဆယ်မိနစ်ခန့် လျှောက်ပြီးသည်နှင့် လယ်ကွင်းအားတွေ့ရ၏။ လယ်က မလုပ်ပဲထားသည့်အတွက် `ကော´ ၍နေပြီ။ လယ်ကွင်းအား တည့်တည့်အလယ်မှ မဖြတ်ရဲ…..။ ရန်သူနှင့်တိုးပါက သတ်ကွင်းအတွင်း သွားသလိုဖြစ်နေမည်။ လယ်ကွင်းအား ကွင်း၍ခင်းတန်းလေးအတိုင်း သွားကြသည်။ ခရီးကရှည်၏။ ထမ်းစက မလေးသော်လည်း ကြာလာသည့်အခါ၌ ပုခုံးများက ကြိမ်းလာသည်။ လယ်ကွင်းဆုံးသည်နှင့် ရွာအ၀င်လမ်းအား တွေ့ရ၏။ ရွာက ရွာပျက်……။
စစ်သားများအလုံးအရင်းနှင့် တတ်လာခဲ့သည်မှစ၍ ….. ရွာသားများ ရွာတွင်မနေရဲ….။ လယ်ထဲသို့ မဆင်းနိုင်…..။ တောင်ယာသို့ မသွားနိုင်ကြတော့…..။ ဤဒေသတွင် …. ရွာများက ရွာပျက်…..။ လယ်များက ကော၍နေသည်။ တောင်ယာတို့က ဖုန်းဆိုးမြေ…..။
ရွာအတွင်းသို့ ရောက်၏။ အုန်းပင်များ၊ ကွမ်းသီးပင်များနှင့် အုပ်အုပ်ဆိုင်းဆိုင်း…..။ အိမ်ခြေငါးဆယ်ကျော်ရှိခဲ့မည့်ရွာာဖြစ်မည်။ ယခုတော့ ….. ထရံများကွာကျနေသော အိမ်၊ အမိုးပွင့်နေသော တဲ….။ အခင်းပြုတ်နေသော ဇရပ်တို့သာ ရှိတော့၏။ ရွာလယ်တွင် ဘုန်းကြီးကျောင်းရှိ၏။ ဘုန်းကြီးကျောင်းကမူ မပျက်ယွင်းသေး…..။ ယခင်က ဤရွာလမ်းတစ်လျှောက် ခလေးငယ်တို့ လုံချည်ကွင်းသိုင်းနှင့် ပြေးလွှားကစားကြမည်။ သက်ကြီးရွယ်အိုတို့က အခါကြီးရက်ကြီးများတွင် ဘုန်းတော်ကြီးကျောင်းသို့သွား၍ သီလဆောက်တည်ကြမည်။ ကြေးစည်သံတို့က လွင်နေလိမ့်မည်။
ယခုတော့ ရွာက တစပြင် …..။ သူသာင်္န်ကဲ့သို့…..။
ဖဒိုအောင်ရွှေ၏ ရဲဘော်၃-ယောက်အား ဘုန်းကြီးကျောင်းအတွင်း ကင်းရှည်အဖြစ်ထားခဲ့ပြီး ကျနော်တို့ရွာ၏မြောက်ဖျားပိုင်းသို့ ဆက်၍ထွက်ခဲ့ကြသည်။ ရွာမြောက်ဖျားပိုင်းက ကုန်းမို့မို့ပေါ်တွင်ရှိ၏။ ဆုတ်ရန် ၊ ရှောင်ရန် လွယ်ကူသည်။ ကျနော်တို့နားကြပြီး ခဏတွင်ပင် ဖဒိုအောင်ရွှေလှမ်းခေါ်ထားသည့် ဆေးမှူးရောက်လာ၏။ ခမောက်ဆောင်းပြီး ပလိုင်းတစ်လုံးလွယ်ထားသည်။ အရပ်ဝတ်အရပ်စားနှင့်ပင်။ မသိပါက KNU မှ ဆေးမှူးဟူ၍ မသိနိုင်။ ပျောက်ကျားရဲဘော်ပီသလှ၏။ ကွမ်းတမြုံ့မြုံ့နှင့် လူနာအားကြည့်၏။ သွေးပေါင်ချိန်သည်။ ကိုယ်အပူချိန်တိုင်း၏။ အင်္ကျိအား လှန်၍ ကျောပြင်အနှံ့လက်ခေါက်နှင့်ဖွဖွထု၏။ နားကြပ်နှင့်ထောက်၍စမ်းသပ်၏။
`အဆုတ်ပွပြီး အဆုတ်ထဲရေ၀င်နေတယ်။ စုပ်ထုတ်လိုက်ရင် ကောင်းသွားမှာပါ´
ကွမ်းငုံထားသည့်အသံနှင့် ဆေးမှူးက ပြောသည်။ သူ့ပလိုင်းအတွင်းမှ ဆေးထိုးအပ်နှင့် `ဆလင်း´ အားထုတ်၏။ အပ်ကရှည်သည်။ တုတ်၏။ `ဆလင်း´ က ကြီး၏။ နွားများ၊ ကျွှဲများအားထိုးသည့် အပ်နှင့်ဆလင်းမျိုး…..။
` ဟန်းကော´ တွင်ထည့်ကာ `အပ်´နှင့် `ဆလင်း´ အားပြုတ်၏။ မပျက်မစီးကျန်နေသည့် တဲငယ်၏ ၀ါးကွပ်ပျစ်ပေါ်တွင် လူနာအား လဲလျောင်းစေ၏။ အမိုးမရှိတော့သည့် တဲငယ်သည် ချက်ချင်းပင် စစ်မြေပြင် ဆေးရုံဖြစ်သွား၏။ လူနာအား တစောင်းလှဲစေ၏။ အင်္ကျီအား လှန်သည်။ ပြီးလျှင် …. အရက်ပျံဆွတ်ထားသော ဂွမ်းစနှင့် လက်ဖျံနှစ်ခုအကြား ကျောပြင်အား ပွတ်တိုက်၏။ ထိုနောက် ….. အပ်အား အဆုတ်ဆီသို့ ထိုးသွင်းသည်။ သူ့ဟန်က တည်တည်ငြိမ်ငြိမ်။ သူ့အလုပ်အပေါ် ယုံကြည်မှု အပြည့်ရှိသည့်သဏ္ဍာန်က သူ့မျက်နှာတွင် အထင်သား ……။ သူ့လက်က ဆလင်းအာ စုပ်ယူလိုက်သည်။့ လူနာ၏အဆုတ်အတွင်းမှ ရေများ ဆလင်းအတွင်းသို့ ရောက်လာသည်။ ဆလင်းအတွင်းပြည့်သွားသည်။ အပ်ကို မဖြုတ်ပဲ ဆလင်းအား အပ်မှ ချွှတ်လိုက်သည်။ ပြီးလျှင် ….. အနီးရှိ ရေခွက်ထဲသို့ ထိုးထုတ်လိုက်သည်။ ဆလင်းအား အပ်တွင် ပြန်၍တပ်၏။ စုပ်ထုတ်၏။ တကြိမ်…..နှစ်ကြိမ်…..သုံးကြိမ်။
လီတာဝက်ခန့် ရေများ ထွက်လာ၏။ ဆေးမှူး၏ လှုပ်ရှားဆောင်ရွက်နေသည်အား ကြည်ရင်း …..ကျနော်စိတ်၌ `နော်မန်ဘီသွန်´အား အတွေးရောက်စေ၏။
၁၉၃၉ ခုနှစ် အောက်တိုဘလ နောက်ဆုံးအပါတ်၏ နေ့တနေ့တွင်ဒေါက်တာနော်မန်ဘီသွန်သည် ဒဏ်ရာရစစ်သည်တစ်စုအား ခွဲစိတ်ကုသနေခဲ့၏။ ခွဲစိတ်ခန်းသုံးလက်အိတ်မရှိ…..။ လက်ကြီးဗလာနှင့်ခွဲနေသည်။ ခွဲစိတ်ရင်း သူ၏ လက်ဝဲဖက်လက်အား ခွဲစိတ်ဓါးထိသွားခဲ့၏။ ပိုးသေစေရန် အိုင်အိုဒင်းဆေးရည်ထဲသို့ သူ့လက်ကို ချက်ချင်းထိုးနှစ်လိုက်၏။ ပြီးလျှင် ….ခွဲစိတ်မှုအား ဆက်လက်ဆောင်ရွက်သည်။ ဤသို့ ခွဲစိတ်နေစဉ် လက်ဓါးထိသည်မှာ ဒေါက်တာနော်မန်ဘီသွန်အတွက် မဆန်း…..။ အကြိမ်ကြိမ်ရှိ၏။ ယခုလည်း အရင်ကကဲ့သို့ပင် အနာကျက်သွားလိမ့်မည်ဟု ဒေါက်တာဘီသွန်ယုံကြည်၏။ သို့သော် အနာကမကျက် …..။ ပြည်တည်လာ၏။ ပြည်တည်အနာကို ဖောက်ထုတ်ဆေးကြောသော်လည်းမထူးခြား….။ ပျံနှံ့၍သာနေခဲ့၏။ လက်မောင်းတစ်ခုလုံး ဖူးယောင်ဖောင်းပွလာခဲ့ပြီ။ သူကား သွေးအဆိပ်သင့်ခဲ့ပြီ။ သူတစ်ကိုယ်လုံး သွေးအဆိပ်သင့်မှုကား ပျံ့နှံ့လို့နေခဲ့ပြီ။ ၁၉၃၉ခုနှစ် နိုဝင်ဘာလ ၁၂ နေ့တွင် ဒေါက်တာနော်မန်ဘီသွန်သည် တရုတ်ပြည်၏ စစ်မြေပြင်၌ပင် ကွယ်လွန်ခဲ့သည်။
ဆေးမှူး၏လူနာအား ပြုစုကုသမှုက ပြီးလေပြီ။ ဆေးပစ္စည်းများအား ပလိုင်းအတွင်းသို့ ပြန်ထည့်၏။ ပြီးလျှင် …. ကွမ်းပေါင်းနှင့် ထုံးဗူးအား ထုတ်၍ ယာနေ၏။ ။


၂၀၀၈ခုနှစ် ဇန်န၀ါရီလ၌ Mizzima တွင်ဖော်ပြခဲ့သည်။

ပင်လယ်ရှာတွေ့သွားသော သံလွင်

(ရွှေအိမ်စည်)

(က)
ထိုစဉ်က .... စောဘအေးသည် KNLAတပ်ရင်း (၂၀)တွင် ဗိုလ်ကြီးအဆင့်နှင့်ဖြစ်ပြီး မဲလထ အကောက်ဂိတ်တွင် ဂိတ်မှူးအဖြစ် တာဝန်ယူလျက်ရှိသည်။
ကျနော်နှင့် `စ´တွေ့သည့်အချိန်၌ သူ့အသက်သည် လေးဆယ်စွန်းရုံမျှ ရှိပြီ....။ အသားဖြူဖြူ တောင့်တောင့်ခိုင်ခိုင် ခန္ဒာကိုယ်နှင့်ဖြစ်သည်။ သထုံတွင်ကြီးခဲ့သည် ဖြစ်၍ မြန်မာစကားအားရေရေလည်လည် ပြောနိုင်သည်။
သူ့အိမ်က သံလွင်မြစ်အား မျက်နှာမူထား၏။ အိမ်ဟုဆိုသော်လည်း ဈေးဆိုင်နှင့်တွဲ၍ထားခြင်းမျိုးဖြစ်သည်။ ဈေးဆိုင်က အ၀တ်အထည်၊ ဖိနပ်၊ ထီး၊ မိုးကာ၊ ဆေးလိပ်၊ ကွမ်းပေါင်၊ ကွမ်းသီး....စသည့် ထိုင်းနှင့်မြန်မာ ကုန်ပစ္စည်းအမျိုးစုံ ရောင်းသည့်ဆိုင်ဖြစ်သည်။
ငွေလည်း လဲသည်။
သူနှင့်တွေ့တော့ .... သူ့ အိမ်ဆိုင်အား အသစ်ပြန်၍ ဆောက်ပြီးကာစ ဖြစ်သည်။ အချို့အခင်းများသည်ပင် အပြည့်အစုံ မခင်းရသေး။ သူ၏အရင်အိမ်ဆိုင်လေးသည်လည်း မဲလထ စစ်တလင်းတွင် စစ်အုပ်စု ဗုံးဒဏ်အောက်၌ မီးလောင်ခဲ့ရသည်။
ဗိုလ်အောင်နိုင်က ကျနော်တို့အား ဗိုလ်ကြီးဘအေးနှင့် မိတ်ဆက်ပေး၏။ မာနယ်ပလောသို့ သွားရန်အတွက် ဗိုလ်ကြီးဘအေးမှဆက်၍ စီစဉ်ပေးမည်ဖြစ်သည်။
ဗိုလ်ကြီးဘအေးက မာနယ်ပလောသို့ ကြိုးမဲ့ကြေးနန်းနှင့်ဆက်သွယ်၍ ပေးမည်။ မာနယ်ပလောမှ အကြောင်းပြန်ကြားလာသည်အထိ ကျနော်တို့ မဲလထမှ စောင့်ရမည်။ တစ်ရက်နှစ်ရက် ကြာကောင်းကြာလိမ့်မည်။
ကျနော်တို့ မဲလထတွင် နေထိုင်ရေးအတွက် ဒု-အရာခံဗိုလ်ကျော်သန်းအား ဗိုလ်ကြီးဘအေးမှ တာဝန်ပေးသည်။ ဒုအရာခံဗိုလ်ကျော်သန်းသည်လည်း KNLAတပ်ရင်း (၂၀)မှပင်ဖြစ်သည်။
ထိုစဉ်က .... ဒုအရာခံဗိုလ်ကျော်သန်းသည် မဲညောခီးစစ်မျက်နှာ၌ တာဝန်ကျသည့် တပ်ရင်း (၂၀)မှ တပ်ဖွဲ့များအတွက် ရိက္ခာထောက်ပို့ရေးတာဝန်အား မဲလထတွင် ထိုင်၍ ဆောင်ရွက်နေသည်။
ဗိုလ်ကြီးဘအေးနှင့် ဒုအရာခံဗိုလ် ကျော်သန်းတို့ နှစ်ယောက်စလုံး ယခုအခါ ၌ KNUတွင် မရှိတော့ ....။ ၁၉၉၅ ခုနှစ် မြစ်ဆုံအရေး၌ မြိုင်ကြီးငူနှင့်ပေါင်းပြီး DKBAဖွဲ့စည်းရာတွင် သူတို့ ပါဝင်ခဲ့ကြ၏။ ဗိုလ်ကြီးဘအေးက DKBAအတွင်း၌ပင် ကွယ်လွန်ခဲ့ပြီး ကျော်သန်းက DKBAတွင် စစ်ဦးစီးချုပ် ဟူ၍ ဖြစ်နေသည်။
ကျနော်တို့ ဗိုလ်ကြီးဘအေး၏ အိမ်ပေါ်မှ ပြန်ထွက်ခဲ့ကြ၏။ နေလုံးကြီးက မယ်ညောခီးတောင်တန်းများ အကြား ထိုးဆင်း၍သွားလေပြီ။
မဲလထ၏ညနေခင်းသည် ခြောက်သွေ့၍နေ၏။ လေပွေမွှေ့သဖြင့် ပြာမှုန်များ လိပ့်၍ လိပ့်၍ ၀ဲကတော့သဏ္ဍာန်လွှင့်ပျံတတ်သွားသည်။ ပြီးလျှင် .... ပြာမှုန်များက ပြန့်ကျဲ၍ ကျလာကြပြန်၏။

(ခ)
ဒုအရာခံဗိုလ်ကျော်သန်း၏တဲက ဆန်အိပ်များ၊ ငပိပုံးများနှင့်ပြည့်ကျပ်၍နေသည်။ မဲလထဈေးတန်း၌ ဗုံးဒဏ်ကြောင့် မပျက်စီးပဲကျန်ခဲ့သည့် တစ်လုံးတည်းသော တဲဖြစ်သည်။ တဲက မဲလထချောင်းနှင့် သံလွင်မြစ်ဆုံရာ ကြက်လျှာစွန်း၌ ဆောက်ထား၏။ တဲပေါ်မှ ကြည့်လျှင် သံလွင်အားမြင်ရ၏။ တဲ၏နောက်ဖက် ရေကပြင်သည် မဲလထချောင်းကမ်းပါးနှင့် ထိကပ်လျက်ရှိသည်။ ချောင်း၏တစ်ဖက်ကမ်းပါးက ကျောက်တောင်....။ ကျောက်တောင်က ပျဉ်းပြားတစ်ချပ်အား ထောင်ထားသကဲ့သို့ မတ်မတ်.....။ဤသဘာဝအကာအရံကြောင့်ပင် ကျော်သန်း၏တဲသည် လေယာဉ်ဗုံးဒဏ်မှ လွတ်ခဲ့ခြင်းဖြစ်မည်။ တဲ၏၀န်ကျင်း၌ သံပရာ၊ မာလကာ၊ ပိန္နဲ၊ သရက်၊ သဘောင်္ ၊ ပင်ပျိုတို့ စိုက်ထား၏။ ဥယျာဉ်ခြံငယ်လေးတစ်ခုကဲ့သို့ ဖြစ်နေသည်။
ချောင်းငယ်အတွင်း၌ ခရုဖင်ချွန်များကောက်လျှင် ရမည်။ ယက်သဲ့နှင့်ငါးနုတ်လေးများအားသဲ့၍ ရနိုင်မည်။ သို့သော် .... ကျနော်တို့ ချောင်းအတွင်းသို့ ဆင်း၍ မရှာစားရဲ ....။ မဲလထအား ဗုံးကျဲစဉ်က စစ်အုပ်စု၏လေယာဉ်များသည် မဲလထချောင်းအားခွ၍ ဗုံးကျဲခဲ့ကြ၏။ အချို့ဗုံးသီးများက မပေါက်ကွဲပဲ ချောင်းအတွင်း၌ ရှိနေကြသေး၏။ မိုးမကျသေး၍ မျှစ်လည်းချိုး၍ မရသေး.....။ ဤတွင် ကျနော်တို့၏ နေ့စဉ်ဟင်းလျာက .... ငပိနှင့်သဘောင်္သီးပြုတ် ....။ ငပိအား အမျိုးမျိုးလုပ်စားကြ၏။ မီးဖုတ်၍ထောင်းသည်။ အရည်ကြို၍ ချက်သည်။ ငရုတ်သီးက မရှိ ....။ စပ်ရန် ` ပဒဲကော´ များအား ထောင်း၍ ငပိရည်တွင် ထဲ့ဖျော်စားရသည်။ `ပဒဲကော´ က ငရုတ်သီးကဲ့သို့ စပ်ခြင်းမဟုတ် ...။ ပူ၏။ ဘာဘဲဖြစ်ဖြစ် ထမင်းတော့ မြိန်သည်သာ ....။
ကျော်သန်းသည် မနက်စောစောထလေ့ရှိ၏။ သူနိုးသည်နှင့်ရေနွေးအိုးကြိုသည်။ ရေနွေးအား လေးထောင့်သံစည်ပုံးနှင့် ကြိုခြင်းဖြစ်သည်။ `ခပ်´စရာလက်ဖက်ခြောက်ကမရှိ။ `လောက်သေ´ရွက်များအား အခြောက်လှန်း၍ `ခပ်´သည်။ `လောက်သေရွက်´ ရေနွေးကြမ်းက အရောင်မှာမူ နီညိုညို.....လက်ဖက်ခြောက်အရောင်ပင်....။ အနံ့ကမူ ....စိမ်းရွှေရွှေအနံ့ နည်းနည်းရ၏။ ကျနော်တို့အားလုံး ရေစိမ်းမသောက်ကြ ။ လောက်သေရွက်ရေနွေးကြမ်းကိုသာ သောက်ကြ၏။
ဆေးပေါ့လိပ်က ဗိုလ်ကြီးဘအေး၏ဈေးဆိုင်တွင် ရောင်းသော်လည်း ကျနော်တို့ ၀ယ်မသောက်နိုင်....။ ကျနော်တို့ ဆေးလိပ်သောက်တတ်မှန်းသိ၍ ကျော်သန်းသည် ဓါးလှီးဆေးနှင့် ဘန့်ဘွေးရွက်များရှာ၍ ယူလာပေး၏။ သူကမူ ဆေးလိပ်မသောက် ....။ ဘန့်ဘွေးရွက်နှင့် `ပွတ်ချွန်း´ လိပ်ရသည်မှာ မလွယ် ...။ လိပ်ရင်းနှင့်ပင် ပြေပြေ၍သွား၏။
ကျနော်တို့ မဲလထတွင် ရောက်နေသည်မှာ တစ်ပါတ်ခန့်ရှိပြီ။ မာနယ်ပလောမှ ကြေးနန်းက ပြန်မလာသေး....။ စောင့်ရမည်သာ ....။ ဖတ်စရာ စာအုပ်က မရှိ....။ အချိန်သည် ကြာမြင့်လှသည်ဟု ထင်မိ၏။ ညနေ ...နေချိုလျှင် ကျနော်တို့ သံလွင်သို့ ဆင်းကြ၏။ တန်ခူး၊ကဆုန်လများဖြစ်၍ သံလွင်မြစ်ရေသည် မြစ်လယ်ရေစီးကြောင်းအတွင်း၌သာ ရှိ၏။ ကမ်းပါးနှင့်ရေစပ်သည် ဘောလုံးကွင်းတစ်ကွင်းစာမျှ အလှမ်းကွာ၏။ သဲသောင်ပေါ်၌ ကျောက်တုံးကျောက်ဆိုင်များသည် ထိုးထိုးထောင်ထောင် ....။အချို့ ကျောက်တုံးများက လူတစ်ရပ်ကျော်သည်အထိ မြင့်၏။ မိုးမခပင်များက ကျောက်ဆိုင်များနှင့်ကပ်၍ ပေါက်နေကြသည်။ ကျောက်တုံး၊ ကျောက်ဆိုင်များက မြစ်ရေလျှံသည့်အချိန်၌ ရေအောက်တွင်မြုပ်နေကြသည်ဖြစ်၍ ရေညှိများနှင့်မဲလျက်ရှိသည်။ အဝေးမှကြည့်လျှင် ကမ်းပါးနှင့် မြစ်ရေစပ်အကြား သဲသောင်ပြင်သည် ဖြူလွှသောအောက်ခံ၌ အမဲစက်များ ဆေးစက်တို့ထားသည်နှယ် ......။
နေလုံးသည် မဲညောခီးတောင်တန်းများအကြားငုတ်ဆင်း၍ သွားပြီဖြစ်သော်လည်း အလင်းရောင်က သံလွင်မြစ်ပြင်ပေါ်ဝယ် ဖြန့်ကျက်လွှမ်းမိုးထားဆဲဖြစ်၏။ သံလွင်က ဒေါသကြီး၏။ မြစ်ပြင်အတွင်းထိုးထွက်နေသော ကျောက်ဆောင်များအား အဟုန်နှင့် ပြေးဆောက်၏။ ဖွာလွင့်သွားသော်လည်း အိနြေ္ဒမပျက် ဆက်၍ စီးဆင်းသွားမြဲ....။ ၀ဲကတော့ကြီးများဖြစ်၍ လှည့်ပတ်ရင်းနှင့်လည်း စီးဆင်း၏။ မြစ်ရေက မကြည်မြ....။ ညိုညစ်ညစ်....။
ကျနော်တို့ ညနေတိုင်း ..... သဲသောင်တွင်ထိုင်၍ သံလွင်အားကြည့်ကြ၏။ ကျနော်တို့အရှေ့မှ ဖြတ်စီးသွားသော မြစ်ရေသည် ခဏငယ်အတွင်း `ဘောသရော´သို့ ရောက်မည်။ ခဏငယ်ပေါင်းများစွာတွင် `ကမမောင်း´သို့ ဆိုက်မည်။ မြိုင်ကြီးငူအားကျော်မည်။ ပြီးလျှင် ....မော်လမြိုင်အားလွန်၍ ပင်လယ်သို့ ၀င်မည်။
သံလွင်က ....အဆုံး၌ ပင်လယ်အား ရှာတွေ့သွားမည်ပင် .....။

၂၀၀၈ခုနှစ် ဧပြီလ (၂၅)ရက်နေ့၌ Mizzimaတွင်ဖော်ပြခဲ့သည်။

မာနယ်ပလော (သို့မဟုတ်) သုမွဲထနှင့်`ခွေ`ခံရခြင်း

(ရွှေအိမ်စည်)

(က)
ညသည်…..ညဉ့်သုံးယံအားလွန်ခဲ့ပြီ။ အမှောင်ထုက ပိန်းပိတ်အောင်မှောင်၍နေဆဲ…..။ အရှေ့အရပ်ကောင်းကင်တွင် ကွဲအပ်ကြောင်းရာအား မတွေ့ရသေး…..။ မြောက်လေက `မဲတုကွီ`တောင်ကြားလေးအတွင်းသို့ တိုးဝင်၍လာသည်။ ဝှေ့ဝှေ့ရမ်းရမ်း…..။ မြူနှင့်နှင်းသည် နေရာတိုင်း၌ ပြွတ်သိပ်၍ ထိုးဝင်နေသည်။အင်ဖတ်အမိုးပေါ်သို့ နှင်းစက်ကြွေသံအား ကြားရ၏။ မြောက်လေနှင့်ဝါးရွက်တို့ ထိတွေ့ပွတ်တိုက်သံက မြွေဟောက်တစ်ကောင်၏တွန်သံကဲ့သို့…..။ `မဲတုကွီ`ချောင်းငယ်၏ရေစီးသံအား နရီမှန်မှန်ပင် ကြားနေရ၏။ `မဲတုကွီ`က ငြိမ့်ငြိမ့်အေးအေးစီးရင်း…….ခရီးတိုအတွင်း `သောင်းရင်း`နှင့်ပေါင်း၏။
ည သည် ……တိတ်၍..ဆိတ်ငြိမ်၏။ စိမ့်၍.. အေးခဲလျက်…..။
မာနယ်ပလောသည် အမှောင်ထုအတွင်း ငြိမ်သက်စွာနှင့် ၀ပ်၍နေသည်။ သားကောင်အားခြောင်းနေသည့် ကျားရဲတစ်ကောင်ကဲ့သို့…..။ အုပ်စုဖွဲ့၍ ပျံသန်းသွားကြသော ငှက်တို့၏တောင်ပံခတ်သံအား သဲ့သဲ့ကြားရ၏။ အမှောင်ထုအတွင်း သူတို့ကား `နောတ` တောင်တန်းများဆီသို့ …..ပျံသန်း၍သွားကြ၏။

(ခ)
ကျနော်တို့အဖွဲ့၏ဌာနချုပ်က `မဲတုကွီ`ချောင်းငယ်နှင့် ဒေါ်အောင်ဆန်းစုကြည်လမ်းသွယ်၏အကြားတွင် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်လမ်းသွယ်က `ထီးသခီး` `မာနယ်ပလော` လမ်းအား အင်္ဂလိပ်စာလုံး တီပုံသဏ္ဍာန် ဦးတိုက်ထား၏။ လမ်းသွယ်၏တစ်ဖက်အဆုံးတွင်မူ သောင်းရင်းမြစ်၏လှေဆိပ်….။ ယခင်က ဤလမ်းသွယ်အား နံမည်မှည့်ခေါ်ထားခြင်းမရှိ….။ ၁၉၉၁ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းခံရပြီးနောက်တွင် ဂုဏ်ပြု၍ မာနယ်ပလောတွင် ဒေါ်အောင်ဆန်းစုကြည်လမ်းဟူ၍ ဤလမ်းသွယ်အား မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။ လမ်းသွယ်နှင့်ချောင်းရိုးငယ်အကြား ကျဉ်းကျပ်သော မြေနေရာ၌ပင် အဆောက်အဦးများအား စီ၍ဆောက်ထား၏။ ဗဟိုရုံး၊ ဆေးခန်း၊ ခမ်းမကျယ်၊ စားရိပ်သာနှင့် လူနေအဆောက်အဦးများ…..။ အင်ဖက်မိုး၊ သဲပွတ်ခင်း၊ သဲပွတ်ကာ အဆောက်အဦးများ….။ လမ်း၏တစ်ဖက်တွင်မူ ကော်ဖီဆိုင်လေးများရှိသည်။
ကျနော်တို့ရုံး၏အရှေ့ကုန်းမို့မို့ပေါ်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်ဦးရှိသည်။ DAB ရှိသည်။ DAB ရုံးရှိရာမှ သောင်းရင်းဘက်သို့ နိမ့်၍ဆင်းသွားလျှင် …..လူဘောင်သစ်ဒီမိုကရက်တစ်ပါတီဌာနချုပ် တည်ရှိ၏။ ကျနော်တို့ရုံး၏နောက်ကြောဖက် ကုန်းမြင့်ပေါ်၌မူ အရှင်ခေမာစာရ၏ ရဟန်းပျိုများသမဂကျောင်းဝင်းရှိသည်။ `မဲတုကွီ`ချောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်လမ်းသွယ်က လျိုငယ်လေးအတွင်း ရောက်၍နေသည်။
လျှိုအတွင်းရောက်နေ၍လားမသိ……စိမ့်၍အေးခဲလျက်…..။ ဘားတိုက်၏အမိုးပေါ်သို့ နှင်းစက်ကြွေသံအားကြားနေရသည်။ ငြိမ့်ငြိမ့်အေးအေးစီးဆင်းနေသော `မဲတုကွီ`ချောင်းငယ်၏ ရေစီးသံက နရီမှန်မှန်ပင်…..။ ညငှက်၏တောင်ပံခတ်သံအား ဆိတ်ငြိမ်သော ညတွင် သဲ့သဲ့…..။ ဘာသူစောင်ဟုခေါ်သည့် ဂွမ်းစအနည်းငယ်ပါသည့် စောင်အား နှစ်ထပ်…ထပ်၍ ခြုံထားသော်လည်း အေးစိမ့်မှုသည် တွားသွား၍၀င်ရောက်နေ၏။
နိုးနေပြီဖြစ်သော်လည်း ဆိတ်ငြိမ်စွာနှင့်အိပ်ယာအတွင်း ငြိမ်သက်စွာ……။ အားလုံးက နိုး၍နေကြပြီး ဖြစ်လိမ့်မည်။ တစ်ခုခု…..။ အားလုံး၏အသိတွင် တစ်ခုခုအား ရင်မောစွာနှင့်…..။ အာရုံသည်လှပ၍ သန့်သန့်စင်စင်နှင့် မွေးဖွားလာမည်လား…..။တစ်ခုခု…..။
``စေ့စပ်လို့ မရတော့ဘူးဗျာ…..``
မနေ့ညနေက စားရိပ်သာအတွင်း ညစာစားရင်း ဥက္ကဌပြောခဲ့သည့်စကားသံများအား ကြားယောင်နေ၏။ ဥက္ကဌ၏မျက်နှာသည် ချောင်၍နေသည်။ ယခုရက်ပိုင်းအတွင်း ဥက္ကဌအလုပ်များခဲ့သည်။ စိတ်ပမ်းကိုယ်ပမ်းဖြစ်ခဲ့သည်။ သုမွဲထနှင့် မာနယ်ပလောကူးချည်းသန်းချည်းနှင့် ကူးလူးခဲ့ရသည်။ ဥက္ကဌတို့၏ သုမွဲထ၊ မာနယ်ပလော လွန်းပျံဒီပလိုမေစီက……. ဗိုလ်ချုပ်မောင်မောင်နှင့် ဖဒိုမန်းရှာတို့နှစ်ဦး အား သုမွဲထမှ ပြန်လာနိုင်ခဲ့ကြသည်။ ဤမျှသာ …..။ မတတ်နိုင်…..။ ရံဖန်ရံခါတွင် သမိုင်းသည် သူရေးထိုးချင်သလို ရေးထိုးတတ်ကြ၏။
အာရုံသည် နှောင်းလေစွ….။အလင်းသည် ၀ိုးတ၀ါး…..။ စမ်း၍….စမ်း၍ အမှောင်ထုအတွင်းသို့ ချည်းနှင်းဝင်လာ၏။ ရင်မောလှစွ…..။
ပို့ယမ်းပေါက်ကွဲသံအား သဲ့သဲ့ကြားရ၏။ `လောကွားလူ` ကုန်းဖက်မှဖြစ်မည်။ တစ်စက္ကန့်…နှစ်စက္ကန့်… သုံး…လေး…ငါး …တစ်ဆယ့်ငါး…….။
ကျယ်လောင်သည့်ယမ်းပေါက်ကွဲသံကြီးအား ကြားရ၏။
နောက်ထပ်…..နောက်ထပ်….. နောက်ထပ်…..။ ဆင့်၍…..ဆင့်၍…..။
`လောကွားလူ`ကုန်းမှ ပို့ယမ်းပေါက်ကွဲသံ သဲ့သဲ့…..။ ပြီးလျှင် ….`သုမွဲထ`ဆီမှ ကျယ်လောင်သည့် လက်နက်ကြီးကျကွဲသံကြီးများ…..။ စိတ်အတွင်း ထင့်နေသော တစ်ခုခု……သည် အစစ်အမှန်တကယ်ဖြစ်၍သွားပြီ။
`ချက်`ခေါ်သံအား ကြားမိ၏။ မြည်မြည်ဟီးဟီး…..။ မာနယ်ပလောသည် `ခွေ`ခံရပြီလား……။

၂၀၀၈ခုနှစ် နိုဝင်ဘာလ(၁၄) ရက်နေ့၌ Mizzima တွင်ဖော်ပြခဲ့သည်။

ပင်လယ်များ၏အရှေ့ ၊ တောင်များ၏အနောက်

(ရွှေအိမ်စည်)

ထက်စွန် ရှေ့နောက် ၊ တောင်မြောက် မလပ်
ကိုးရပ် ပတ်လည်၊ မြခြည် မြညွန့်
ခြယ်တန့် ခြယ်ဆန်း၊ တိမ်ပန်း တိမ်ဦး
သွယ်မြူး မသည်း၊ ကျဖြည်း ဆီးဖြောက်
လွမ်းလှောက် လွမ်းဝေ၊ ကြီးလေစေဟု
မြောက်လေ ပျံ့ဖြည်း။

လွမ်းလှရာတွင် ချီ
(နတ်ရှင်နောင်)

(က)
မိုးက ရောင်နီမပျိုးမှီကတည်းကပင် ဖွဲ…ဖွဲနှင့်စွေနေသည်။ တနသာင်္ရီကမ်းမြောင်ဒေသဖြစ်၍ မိုးများသည်။ တော်သလင်း `လ`ဆန်းပြီဖြစ်သော်လည်း မိုးကမပြတ်သေး။ ကျနော်တို့ ညအိပ်သည့် ချမ်းတိုက်ရွာက ရေးနှင့် စံခရဘူရီ ကားလမ်းပေါ်ရှိ ရွာငယ်လေးဖြစ်သည်။ ရေး၊ စံခရဘူရီကားလမ်းက လမ်းကြမ်း……။ နွေရာသီတွင်သာ သုံး၍ရသော လမ်းဖြစ်သည်။ ၁၉၉၅ ခုနှစ် မွန်ပြည်သစ်ပါတီနှင့် စစ်အုပ်စု အပစ်အခတ်ရပ်စဲခဲ့ပြီးနောက်ပိုင်းမှ ရေးအထိ လမ်းပေါက်လာခြင်းဖြစ်သည်။ နယ်စပ်ကုန်သည်လမ်းဟုပင် ဆိုရမည်။ နွေရာသီလမ်းပေါက်သည့်အချိန်၌ မြန်မာပြည်ထွက်ကုန်စည်များအား ကားနှင့်စံခရဘူရီသို့ပို့သည်။ ငပိ၊ငါးခြောက်၊ ပုဇွန်ခြောက်နှင့် သေနပ်ဖက်ဆေးလိပ်၊ကွမ်းသီးကွမ်းပေါင်တို့…..။
ထိုင်းဖက်ကမူ ခြေညှပ်ဖိနပ်၊ အချိုမှုန့်နှင့် ပလက်စတစ်ပစ္စည်းအမျိုး…..။ ကားလမ်းမပေါက်သည့် အချိန်များတွင်မူ …..လူအထမ်းနှင့် ကုန်စည်များအား သယ်ပိုးကြသည်။ အထမ်းသမားတစ်ဦးလျှင် ပိဿချိန်နှစ်ဆယ်အစိတ်အထိ သယ်ပိုးကြသည်။ သူတို့က သွားနေကြ၊ လာနေကြဖြစ်၍ ဤလမ်း ဤခရီးအား တစ်ညအိပ်နှင့် တမွန်းတည့်တွင် `မရမ်းချောင်းဝ`သို့ရောက်၏။ `မရမ်းချောင်းဝ` လွန်လျှင် ရေးသို့ ကားလမ်းပေါက်ပြီ။ မရမ်းချောင်းဝ၊ ရေးကားလမ်းက ကတ္တရာခင်းလမ်းဖြစ်၍ နွေ….နွေ၊ မိုး…..မိုး သုံး၍ရသည်။
၁၉၉၅ခုနှစ် မတိုင်မှီကမူ ဤလမ်းက စစ်သုံးလမ်း …..။နအဖစစ်ကြောင်းများနှင့် တော်လှန်ရေးတပ်သားတို့ စစ်ခင်းကြရာ နေရာ…..။ ချမ်းတိုက်ရွာလည်း မရှိ…..။ ရွာတည်၍မရ…..။ စစ်ခင်းလမ်းဖြစ်၍ ရွာသားတို့က စစ်နှင့်ဝေးရာသို့ ရှောင်ပုန်း၍ နေကြရသည်။ အချို့က ခလော့ခနီတွင် တတ်၍နေသည်။ အချို့က …. တောတောင်များအကြား၌ တောင်ယာခုတ်ရင်း နှစ်အိမ်စု၊ သုံးအိမ်စုနှင့် ရွာပုန်းများအဖြစ် နေကြရသည်။ ချမ်းတိုက်ရွာပြန်တည်သည်ပင် မကြာသေး…..။
မိုးကတဖွဲဖွဲနှင့်ရွာနေသော်လည်း ကောင်းကင်သည် အုံ့မှိုင်း၍မနေ…..။လင်းနေသည်။ ရှင်းနေသည်။ ခရီးရှည်လမ်းလျှောက်ခြင်းအကျင့်မရှိပဲ မနေ့က တနေ့လုံးလျှောက်ခဲ့ရသည့်အတွက် မနက်မိုးလင်းလင်းချင်း အိပ်ယာအထတွင် ခြေတွေက တောင့်နေသည်။ ကြွက်သားများက တင်း၍နေ၏။ မထချင်……။ မထ၍လည်းမဖြစ်…..။ မသွား၍လည်းမရ…..။ မှန်းထားသည့်ရက်အတွင်း ရည်မှန်းချက်သို့ ရောက်ရန်အတွက် လျှောက်ရမည်ပင်…..။ ကျနော်တို့အထဲမှ တစ်ယောက်က ဒူးခေါင်းအား ပတ်တီးစီးနေသည်။ ဒူးစွပ်ပတ်တီးဖြစ်လိမ့်မည်ထင်သည်။ `ထွန်းရွှေဝါ`အနံ့များက လှိုင်၍နေ၏။ မနက်စောစောပင် ကျနော်တို့ ချမ်းတိုက်မှ ထွက်ခဲ့ကြသည်။ မိုးဖွဲဖွဲအောက်၌ပင် ၀ါးခမောက်ဆောင်း မိုးကာစခြုံပြီ လျှောက်ခဲ့ကြသည်။ပထမတွင် ခြေလှမ်း လှမ်းရသည်မှာ တောင့်တောင့်ကြီး ဖြစ်နေ၏။ ခြေသလုံးကြွက်သားများ တင်းနေသဖြင့် လှမ်း၍မရ….။ သွေးပူအောင် လျှောက်ပြီးပါမှ ခြေလှမ်းက ပုံမှန်ဖြစ်လာသည်။

(ခ)
ချမ်းတိုက်၊ နယ်ဖျားနှင့် ကင်မွှန်းရွာသုံးရွာက ဟလော့ခနီ-ရေးကားလမ်းဘေးတွင်ပင် ရှိသည့် ရွာများဖြစ်၏။ ချမ်းတိုက်နှင့် နယ်ဖျားရွာက မီနစ် ၃၀-ခရီးခန့်ရှိပြီး နယ်ဖျားနှင့် ကင်မွှန်းရွာက တစ်နာရီခန့် လျှောက်ရမည်ဖြစ်သည်။ ချမ်းတိုက်က မွန်ရွာဖြစ်ပြီး ၊ နယ်ဖျား နှင့်ကင်မွှန်းရွာများက ကရင်ရွာများဖြစ်ကြသည်။ အိမ်ခြေကမူ ၂၀-၂၅ခန့်ပင် ရှိကြမည်။ ချမ်းတိုက်တွင် မွန်ပြည်သစ်ပါတီ၏ အကောက်အခွန်ဂိတ်လေးရှိပြီး နယ်ဖျားတွင်တော့ ကေအင်ယူ၏ အကောက်အခွန်ဂိတ်ရှိသည်။ ကုန်သည်တို့ အခွန်ဆောင်ကြရဟန်တူသည်။
ကျနော်တို့ ကင်မွှန်းတွင် ခဏနားကြ၏။ ကင်မွှန်းမှလွန်လျှင်ရှေ့ခရီးသည် သတိထားသွားရမည့် ခရီးဖြစ်သည်။ နအဖ စစ်ကြောင်းများ လှုပ်ရှားသွားလာသည့်နယ်မြေဖြစ်သည်။ ကင်မွှန်းမှ ၃-နာရီခရီးခန့်တွင် “မရမ်းချောင်းဝ“ ရှိသည်။ မရမ်းချောင်းဝတွင်က ရန်သူစစ်ကြောင်းများ အမြဲဝင်ထွက်သွားလာတတ်သည်။ သူတို့နှင့်တိုး၍မဖြစ်။ ပြီးလျှင် ---- နောက်တစ်ဖွဲ့က ရှိသေး၏။ စောသမှုးဟဲ ဦးဆောင်သည့် ကရင့်ငြိမ်းချမ်းရေးတပ်ဖွဲ့----။ ကေအင်ယူမှ ခွဲထွက်ပြီး နအဖတပ်နှင့် ပူးပေါင်းသွားသဖြင့် သူတို့ကိုလည်း ရန်သူလိုပင် သဘောထားရသည်။ အင်အားကတော့ မများလှ။ သို့သော် နယ်မြေကျွမ်းကျင်မှုရှိသည့်အတွက် သူတို့ကိုလည်း သတိထားရသည်။ ကျနော်တို့ရောက်နေသည့် နေရာက တောင်ညိုတောင်တန်း၏အနောက်ဖက်ခြမ်း -----။ တောင်ညိုတောင်တန်း အနောက်ဖက်ခြမ်းမှ ရေး-ထားဝယ်ကားလမ်းအကြားရှိ ဤဒေသအတွင်း၌ပင် လက်နက်ကိုင် အဖွဲ့အစည်းများက ၆-ဖွဲ့ခန့်ရှိသည်။ နအဖစစ်တပ်စစ်ကြောင်းများ၊ မွန်ပြည်သစ်ပါတီ၊ ကေအင်ယူ၊ ဗိုလ်မှူးနိုင်ဘ ညွှန့် ခေါင်းဆောင်သည့် မွန်ခွဲထွက်အဖွဲ့၊ စောသမှူးဟဲ ဦးဆောင်သည့် ကရင့်ငြိမ်းချမ်းရေးအဖွဲ့နှင့် ကျောင်းသားတပ်မတော်-----။
ကင်မွှန်းရွာသူကြီးက ကင်းသမားလမ်းပြတစ်ယောက်အားပေးသည်။ သတင်းထောက်ပြီး သွားရမည်။ ကျနော်တို့ ကင်မွှန်းရွာက ထွက်ခဲ့ကြသည်။ ရွာသားကင်းသမားလမ်းပြက အရှေ့က။ ကျနော်တို့ကနောက်မှ။ မရမ်းချောင်းဝဖက်မှ တတ်လာသော အထမ်းသမား နှစ်ယောက်အား လမ်းတွင်တွေ့သည် သူတို့က သေနတ်ဖက်ဆေးပေါ့လိပ်အထုတ်ကြီးများအား ကျောပိုးခြင်းကြီးနှင့်ထည့်၍ပိုးလာကြသည်။ ကုန်သည်၏ပစ္စည်းများအား အငှားပို့ကြသည့် လူများဖြစ်ကြ၏။ သူတို့အား လမ်းအခြေအနေမေးကြည့်၏။ မရမ်းချောင်းဝတွင် မွန်ပြည်သစ် ပါတီမှ တပ်ခွဲတစ်ခွဲအား တွေ့ခဲ့သည်ဟုဆိုသည်။ ရန်သူအခြေအနေက မထူးခြား။ လမ်းက မြေပြန့်ဖြစ်၍ လျှောက်ရသည်မှာ သွက်သည်။ လမ်းဘေးတစ်လျှောက်၌ဖုန်းဆိုးမြေများကိုသာ တွေ့ရသည်။ ခပ်လှမ်းလှမ်းရှိ တောင်ပူစာကလေးများက တောင်ယာခုတ်ထားသဖြင့် ပြောင်၍ နေသည်။ အချို့တဲအိမ်စုလေးများအား တွေ့ရသည်။ လူမနေတော့သည့်တဲစုများ။ အချို့က မီးလောင်ထားသည့် အိမ်တိုင်မဲမဲကြီးသာရှိတော့သည်။
“ကျောက်တိုင်ရွာ“ လမ်းခွဲသို့ရောက်လျှင် ကျနော်တို့ ကားလမ်းမကြီးမှ ဖယ်၍ ညာဖက်သို့ ဆင်းလိုက်ကြသည်။ လမ်းက လူသွားလမ်းသာ ဖြစ်သည်။ ကားလမ်းအတိုင်း ရှေ့သို့ဆက်သွားလျှင်မူ မရမ်းချောင်းဝသို့ရောက်မည်။ မရမ်းချောင်းဝက ရေး မြို့နှင့် ၇-မိုင်ခန့်သာဝေးသည်။ ကျနော်ခရီးက မရမ်းချောင်းဝသို့မဟုတ်။ ကျောက်တိုင်ရွာသို့ ----။
ကျောက်တိုင်ရွာသို့ရောက်တော့ မွန်းလွဲ ၁-နာရီခန့်ပင်ရှိပြီ။ ကျောက်တိုင်ရွာက ကရင်ရွာဖြစ် သည်။ အိမ်ခြေက ၃၀- ခန့်ပင်ရှိမည်။ ဆေးခန်းမရှိ၊ စာသင်ကျောင်းမရှိ။ ရွာအား ကွမ်းသီးပင် များက မိုး၍ထားသည်။ ရွာပတ်ပတ်လည်တွင်လည်း ကွမ်းသီးခြံများနှင့်ပိန်းပိတ်၍နေသည်။ ကင်းသမား လမ်းပြက ရွာသူကြီးအိမ်သို့ အရောက်ပို့ပေးသည်။ ရွာသူကြီးက အမျိုးသား မဟုတ်။ အမျိုးသမီးဖြစ်နေသည်။ နအဖစစ်ကြောင်းများ၏ရန်ကိုကြောက်၍ အမျိုးသားများ ရွာသူကြီးမလုပ်ရဲကြ။ နအဖစစ်ကြောင်းများလာလျှင် အမျိုးသားများ ရှောင်၍ပုန်းကြရသည်။ အတွေ့မခံဝံ့ကြ။ တွေ့လျှင် အနည်းဆုံး အထမ်းသမားအဖြစ်ခေါ်မည်။ အခန့်မသင့်ပါက “ ငပွေး“ဟု ဆိုပြီး ရိုက်မည်။ ငပွေးဟူသည်က ကေအင်ယူအား နအဖစစ်သားများက ခေါ်ခြင်း ဖြစ်သည်။
ကင်မွှန်းရွာမှ လမ်းပြကင်းသမားက သူ့တာဝန်ပြီး၍ပြန်ပြီ။ ကျနော်တို့ရှေ့ဆက်ဖို့အတွက် ကျောက်တိုင်ရွာမှ ကင်းသမားလမ်းပြတစ်ဦးလိုသည်။ ခက်သည်က ကျနော်တို့ ရောက်သည့် အချိန်တွင် ရွာသားများက တောင်ယာစူးထိုးချိန်ဖြစ်၍ ရွာတွင်မရှိကြ။ တောင်ယာများသို့ ရောက်နေကြသည်။ လိုက်၍ခေါ်ရန်မှာလည်း မလွယ်လှ။ တောင်ယာများက ဝေးလှသည်။ သွားခေါ်တာနှင့်ပြန်တာနှင့် မိုးချုပ်မည်။ မိုးမချုပ်မှီ “ကလိပ်တုတ်ရွာ“ သို့ အရောက်သွားရမည်။ မတတ်နိုင်။ ရွာလူကြီး အမိုးကြီးကိုယ်တိုင်ပင် လမ်းပြကင်းသမားအဖြစ် လိုက်ပို့ရတော့သည်။ ပလိုင်းအတွင်း ဓါးမတစ်ချောင်းထည့်ပြီး အမိုးကြီးသည် ကျနော်တို့အရှေ့မှ ထွက်၏။ ကျနော်တို့က အနောက်မှ ----။ ကျောက်တိုင်ရွာနှင့်ကလိပ်တုတ်က ၇-မိုင်ခန့်ဝေးမည်။ တောင်ဆင်းတောင်တတ်မရှိ။ ၂-နာရီခန့်တော့ လမ်းလျှောက်ရမည်။

(ဂ)
ကလိပ်တုတ်ရွာတွင် ကေအင်အယ်အေ တပ်မဟာ (၆) တပ်ရင်း (၁၆)မှ တပ်ခွဲမှူး ဗိုလ်တင်လှိုင်တို့၏စစ်ကြောင်းနှင့်ဆုံသည်။ သူတို့ကလည်း တောင်ညိုတောင်တန်းအား ကျော် ၍ သေမင်းတမန်ရထားလမ်းဟောင်းကိုဖြတ်ပြီး ကြာအင်းဆိပ်ကြီးဖက်သို့ သွားမည်။ ကျနော် တို့နှင့်ခရီးတူ၏။ ကလိပ်တုတ်ရွာက ရေးမြို့နယ်အတွင်းမှ ဖြစ်သည်။ အိမ်ခြေ ၅၀-၆၀ ခန့်ရှိသော ကရင်ရွာကြီးဖြစ်သည်။ မူလတန်းကျောင်းရှိ၏။ ဘုန်းကြီးကျောင်းရှိသည်။ ဆေးပေး ခန်းဟူ၍က မရှိ။ ရေးသို့ လှည်းလမ်းပေါက်သည်။ နွားလှည်းဖြင့် နေ့ချင်းပြန်သွား၍ရသည်။ ကလိပ်တုတ်ချောင်းသည် ရွာအား ပစောက်ပုံ ပတ်၍၀ိုင်းထားသည်။ ချောင်းဟူသော်လည်း သဲချောင်းမျှသာ။ ချောင်း၏တစ်ဖက်တွင်မူ လယ်ကွင်းများ ။ ရွာက လယ်လည်းလုပ်သည်။ တောင်ယာလည်းခုတ်သည်။ ခြံလည်းစိုက်သည်။ ထိုဒေသတွင်တော့ ချမ်းသာကြွယ်ဝသည့် ရွာဟု ခေါ်ရမည်။ ချောင်း၏တစ်ဖက် လယ်ကွင်းများက တောင်ခြေအထိ ဆက်၍သွားသည်။ ကျနော်တို့တည်းသည့်အိမ်က ရွာအစွန်းဖက် ကလိပ်တုတ်ချောင်းဘေးတွင်ရှိသည်။ အိမ်မ ကြည့်လျှင် လယ်ကွင်းပြင်ကြီးက “မြ“အသွေးရောင် ---- ပြန့်လျက်နေ၏။ ကန်သင်းရိုးများက “မြ“အသွေးရောင်အပြန့်တွင် ကောက်ကြောင်းရာလေးများအဖြစ် ရေးရေးထင်နေသည်။ လယ်ကွယ်များအဆုံး တောင်ခြေသည် တဖြည်းဖြည်း မြင့်၍တတ်သွားပြီး မှိုင်းညိုညိုအဆင်းနှင့် မြသားပြင်အား မိုးထား၏။ ဤတောင်တန်းက တောင်ညိုတောင်တန်း ။
ကေအင်အယ်အေမှ ရဲဘော်လေးတစ်ဦး ကျနော်တို့အား လာခေါ်သည်။ ဗိုလ်တင်လှိုင်ခေါ်ခိုင်း၍ဖြစ်သည်။ ဗိုလ်တင်လှိုင်က ရွာ၏အလယ်ပိုင်းတွင်တည်းနေ၏။ ကျနော် တို့နှင့်က အလယ်တွင် ဘုန်းကြီးကျောင်းဝင်းကြီး တစ်ခုသာခြားသည်။ ဘုန်းကြီးကျောင်း ၀င်းအတွင်းမှ ဖြတ်၍လာခဲ့ကြသည်။ ဘုန်းကြီးကျောင်းက အောက်အုတ်ခံနှင့်နှစ်ထပ် ကျောင်း ကြီး---။ ဗိုလ်တင်လှိုင်ရှိသည့် အိမ်ပေါ်သို့ ကျနော်တို့ တတ်လိုက်သည်။ တွေ့ရသည့် မြင်ကွင်းကြောင့်ခေတ္တအံ့သြ၍သွားမိသည်။ နအဖစစ်တပ်မှ ဒု-တပ်ကြပ်တစ်ဦး ရဲဘော် လေးဦးနှင့် ဗိုလ်တင်လှိုင်တို့ ၀ိုင်းဖွဲ့၍ ထိုင်နေကြသည်။ ဗိုလ်တင်လှိုင်ရှင်းပြမှ သဘောပေါက် သွားရသည်။ နအဖစစ်တပ်မှ ထွက်ပြေးလွတ်မြောက်လာကြသူများ ----။ ကေအင်ယူထံတွင် လက်နက်ချလာကြသည့် နအဖစစ်သားများ ----။ လက်နက်အပြည့်အစုံနှင့် ကူးပြောင်းလာ ကြခြင်းဖြစ်သည်။ ဦးဆောင်လာသည့် ဒု -တပ်ကြပ်လေးက အသက်အစိတ်ပင် ရှိအုံးမည် မထင်။ ရခိုင်လူမျိုးတစ်ဦးဖြစ်သည်။ သူတို့နေခဲ့ရသည့် နအဖစစ်တပ်အတွင်း ဘ၀များအား ပြောပြနေကြသည်။ အရာရှိများက လက်အောက်ငယ်သားများအပေါ်အနိုင်ကျင့်ပုံ----။ လစာ မလောက်ငပုံ---။ စစ်မြေပြင်တွင် ရွာသားများအပေါ် ဖိနှိပ်ပုံ ----။ အထမ်းသမား ပေါ်တာများ အပေါ် ရက်စက်ပုံများ -----။ ငရဲခန်းပုံပြင်များဖြစ်နေသည်။ ရဲဘော်လေးတစ်ယောက်က အသက် ၁၆-ခန့်ပင် ရှိသေး၏။ သူ့အား စစ်သားစုဆောင်းရေးက ဖမ်းပြီး စစ်ထဲသွင်းခဲ့ သည့်အချိန်တွင်မူ သူ့အသက်က ၁၅-နှစ်ပင် ပြည့်မည်မဟုတ်သေး။ ကလေးစစ်သားလေးပင်။ သူ့မျက်နှာက ငှက်ဖျားကြောင့် ဖြူဖတ်ဖြူရော်။ ၀မ်းဗိုက်က ဖောင်း၍နေသည်။ နောက် တစ်ယောက်ကမူ အသက်၂၀-ခန့်ရှိမည်။ သူက စိတ်မနှံ့သူတစ်ဦး။ သွပ်ချာပါဒလိုက်အောင် ရူးနေခြင်းတော့မဟုတ်။ ကျပ်မပြည့်သူအဆင့်ထက်လည်း ပို့သည်။ ဤသို့သော် လူမျိုး လက်ထဲ၌ သေနက်ပေးကိုင်ထားသည့် နအဖစစ်တပ်ကို အံ့သြမိသည်။ ကြောက်ရွံ့မိ၏။ စိုးရိမ်စရာကောင်းလှသည်။
သူတို့နှင့်စကားပြောပြီး ကျနော်တို့ တည်းသည့်အိမ်သို့ပြန်ခဲ့ကြသည်။ နေလုံးကြီးက တောင်ညိုတောင်တန်းကြီးအပေါ်၌ခေါင်းစိုက်၍နေပြီ။ မိုးမရွာသည့်အတွက် ပုခတ်အား ကွမ်းသီးပင်နှစ်ပင်၌ ချည်လိုက်သည်။ ပုခတ်နှင့်ပင် အိပ်တော့မည်။ ပုခတ်ပေါ်တွင်လှဲရင်း မနက်ဖြန်ခရီးအတွက် စဉ်းစားနေမိ၏။ မနက်ဖြန်ကျနော်တို့ ဘုရားသုံးဆူ -သံဖြူဇရပ်ကားလမ်းအား ဖြတ်ကူးကြရမည်။ ဤလမ်းက ဂျပန်ခေတ်က ဖောက်လုပ်ခဲ့သော ဘုရားသုံးဆူ -သံဖြူဇရပ် မီးရထားလမ်းဟောင်းနေရာအား ပြန်၍ ကားလမ်းအဖြစ် ဖောက် လုပ်ထားခြင်းဖြစ်သည်။ ဟိုစဉ်က နာမည်ဆိုးနှင့်ကျော်ကြားခဲ့သည့် သေမင်းတမန်လမ်း ----။ လူ့အသက်ပေါင်း သောင်းနှင့်ချီ၍ ရင်းနှီးပြီး ဖောက်ခဲ့ကြသော လမ်း ----။ ချွေးတပ်သားတို့၏ အရိုးအထောင်အသောင်းတို့နှင့် ခင်းခဲ့သောလမ်း -----။ မနက်ဖြန် ကျနော်တို့ ကျော်ဖြတ် ကြရမည်။ ထီလာစစ်သူ၏ သံဖြူဇရပ်ချွေးတပ်စခန်း ကဗျာရှည်အား စိတ်အတွင်းမှ ရွတ်ဆို၍ နေမိသည်။
“ ဖက်ဆစ်ဝါဒ ကျဆုံးပါစေ------“

သောကြာနေ့၊ အောက်တိုဘာလ 24 2008 14:52 -( မြန်မာစံတော်ချိန် ) တွင် Mizzima၌ ဖော်ပြခဲ့သည်။

ရေးချောင်းဝသို့…..

(ရွှေအိမ်စည်)

(က)
`စံခရဘူရီ` က ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းဘက်မှ မြို့ငယ်လေးဖြစ်သည်။ နယ်စပ်စည်း၏မြန်မာဖက်တွင်မူ `ဘုရားသုံးဆူ` ရှိသည်။ ဘုရားသုံးဆူက ၁၉၉၀အထိ လွတ်မြောက်နယ်မြေ ဒေသဖြစ်ခဲ့သည်။ ဟိုစဉ်က ဘုရားသုံးဆူတွင် မွန်ပြည်သစ်ပါတီရှိသည်။ KNU တပ်မဟာ (၆) ရှိသည်။ ပြီးလျှင် ….. ရှစ်လေးလုံးအရေးတော်ပုံကျောင်းသားတပ်ရင်းများရှိကြသည်။ ၁၉၉၀နောက်ပိုင်း ဘုရားသုံးဆူကျပြီးနောက် ….ဘုရားသုံးဆူအား စစ်အုပ်စုမှ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ တိုက်နယ်မြို့ငယ်လေးအဖြစ် သတ်မှတ်ခဲ့၏။
`စံခရဘူရီ` မြို့အ၀င်လမ်းက အခြားမြို့များနှင့်မတူ။မြို့အား ၀င်သည်နှင့် `စံခရဘူရီ`သည် ချိုင့်ဝှမ်းအတွင်းပြားပြားလေးဝပ်နေသည်အား မြင်ရသည်။ တောင်ထိပ်မှ ဆီး၍မြင်ရသော်မြို့…..။ မြို့ငယ်သည် `ထပ်ခနုံ` ရေကာတာကြီး၏ အနားသတ်ကဲ့သို့ ဖြစ်နေသည်။ မြို့အ၀င်တောင်ထိပ်မှ ကြည့်လျှင် …. ရေပြင်ကျယ်နှင့် မြို့ရွာအိမ်ငယ်တို့သည် ထိထိစပ်စပ် ရောရောထွေးထွေး….။ ကားသည် တောင်ပေါ်မှ တောင်အောက်သို့ ဝှေ့ကာ ၀ိုက်ကာ ဆင်း၍လာသည်။ တောင်အကွေ့တွင် စံခရဘူင်္ရီအား မမြင်တွေ့ရ….။ တောင်ကမ်းပါးရံကြီးသာ တွေ့ရ၏။ မကြာ….။ ကားသည် တစ်ဖက်သို့ကွေ့၍ ၊ ၀ိုက်၍ ဆင်းပြန်၏။ ဤတွင် ရေပြင်ကျယ်နှင့် စံခရဘူရီအား မြင်ရပြန်၏။ ကားသည် မတ်စောက်အကွေ့များမှ …..တဖြည်းဖြည်း ဆင်ခြေလျှောသို့ ….။ ထိုမှ မြေပြန့်…..။ မြေပြန့်လမ်းက ကျယ်သည်။ လမ်း၏တစ်ဖက်တွင် ရေပြင် ….တစ်ဖက်တွင်မူ တောင်ယာကုန်းများ….။ လမ်း၏ဘယ်ဘက်တွင် ပင်မလမ်းအား ဦးခိုက်ထားသည့် လမ်းမသွယ်အား တွေ့ရသည်။ ဆိုင်းပုဒ်ထောင်ထားသဖြင့် ….` ဘုရားသုံးဆူ သို့ ……` ….ဟူသည့်စာအား ဖတ်ရ၏။ ဤလမ်းမသွယ်က ဘုရားသုံးဆူသို့ သွားရာလမ်း….။ ကားသည် မြေပြန်လမ်းမကြီးအတိုင်း စံခရဘူရီမြို့သို့ ၀င်လာ၏။

(ခ)
စံခရဘူရီနှင့်ခလော့ခနီဒုက္ခသည်စခန်းက မော်တော်ကားလမ်းပေါက်သည်။ စံခရဘူရီမှ ဟွေ့မလှိုင်းရွာငယ်အထိကမူ ကတ္တရာခင်းလမ်းဖြစ်သည်။ ဟွေ့မလှိုင်း လွန်သည်နှင့် လမ်းက မြေနီလမ်း …..။ လမ်းကြမ်း၏။ `ဖိုးဝီး` များသာ သွားကြသည်။ ခလော့ခနီဒုက္ခသည်သို့ ရောက်ခါနီးတတ်ရသည့် တောင်က မြင့်သည်။ မတ်စောက်သည်။ ယှက်အားကောင်းသည့် ကားများမှ တတ်၍ရသည်။ ကျနော်တို့ စံခရဘူရီတွင် ကားပြောင်း၍ စီးကြသည်။ စံခရဘူရီနှင့်ခလော့ခနီက တစ်နာရီခရီးခန့်သာ ရှိ၍ ခလော့ခနီသို့ အရောက်သွား၍ ညအိပ်ရန် စီစဉ်လိုက်ကြ၏။ ခလော့ခနီဒုက္ခသည်စခန်းသို့ မရောက်မှီ ထိုင်း နယ်ခြားဂိတ်တစ်ခုအားတွေ့ရသည်။ ထိုင်းနယ်ခြားစောင့်တပ်လား….ထိုင်းပြည်သူ့စစ်လားဟူ၍ မခွဲခြားတတ် ပျောက်ကျားစစ်ယူနီဖောင်းများအား ၀တ်ထားကြ၏။ ဂိတ်စခန်း၏ ဘေးတွင်မူနယ်ခြားမှတ်တိုင် စိုက်ထား၏။ ဤနေရာတွင် နယ်ခြားစည်းက သဘာဝအတားအဆီးမရှိ …..။ထိုင်းနယ်ခြားစောင့်တပ်က ကျနော်တို့ ကားအား ခဏစစ်ဆေးပြီး သွားခွင့်ပြုလိုက်သည်။ ဂိတ်စခန်းအလွန်လမ်း၏ လက်ယာဖက်တွင်ဒုက္ခသည် အိမ်ငယ်များအား ကားလမ်းနှင့် ယှဉ်၍ ဆောက်ထားသည်ကိုတွေ့ရ၏။ ကရင်ဒုက္ခသည်များ …..။ ခလော့ခနီဒုက္ခသည်စခန်းမဟုတ်သေး….။ `သောပ` ဒုက္ခသည်စခန်းဖြစ်သည်။ အိမ်ခြေနည်းသည်။ ၁၉၉၇-၁၉၉၈ တွင်မှ အသစ်ထပ်ဖွင့်သည့် ဒုက္ခသည်စခန်းဖြစ်သည်။ `သောပ`ဒုက္ခသည် စခန်းလွန်သည်နှင့် ဆန်ဂိုဒေါင်ကြီး၂-လုံးအားတွေ့ရ၏။ဂိုဒေါင်များအလွန်လမ်း၏ လက်ဝဲဖက်တွင်မူ ….ခလော့ခနီဒုက္ခသည်စခန်း …..။ ခလော့ခနီဒုက္ခသည်စခန်းက တောင်ကြောနှစ်ခုအကြား လျှိုပြန့်ငယ်အတွင်း ဆောက်ထားသည့် ….ရွာတန်းရှည်ကြီးဖြစ်သည်။ ဒုက္ခသည်စခန်းတည်ထားသည်မှာ ကြာပြီဖြစ်၍ အခြေကျနေပြီ….။ လက်ဖက်ရည်ဆိုင်၊ ဗီဒီယိုရုံတို့နှင့် စည်းကား၏။ ဈေးဆိုင်များမှာလည်း မြန်မာပစ္စည်း၊ ထိုင်းပစ္စည်း အစုံရသည်။ ခလော့ခနီဒုက္ခသည်စခန်းက မိန်းလမ်းမကြီးတစ်ခုသာရှိသည်။ အိမ်များက လမ်းမကြီးအား ခွ၍… ညှပ်၍ ဆောက်ထားကြသည်။ အချို့က တောင်စောင်းတွင် မြေညှိ၍ ဆောက်ထားကြသည်။ ကျနော်တို့ စီးလာသောကားသည် ဒုက္ခသည်လမ်းမကြီးအတိုင်း ဖြေးဖြေးမှန်မှန်ပင် မောင်းလာ၏။ ကျနော်တို့တည်းမည့်နေရာက `ဘလက်ဒွန်ဖိုက်` တွင်ရှိသည့် မွန်ပြည်သစ်ပါတီ၏ မြို့နယ်ရုံးတွင်ဖြစ်သည်။ ခလော့ခနီနှင့်ဘလက်ဒွန်ဖိုက်က တဆက်တည်းပင်ဖြစ်သည်။ ဘလက်ဒွန်ဖိုက် က မြန်မာပြည်အတွင်းဖက်ပိုကျ၏။ ကျနော်တို့ ဘလက်ဒွန်ဖိုက်ရှိ မွန်ပြည်သစ်ပါတီ၏ မြို့နယ်ရုံးလေးသို့ ရောက်တော့ …..နေညိုပြီ။ တောင်ကြားချိုင့်ဝှမ်းအတွင်း ဖြစ်၍လားမသိ….။ နေညိုသည်နှင့် အေးစိမ့်မှုက သိပ့်သည်း၍လာသည်။ ရေပင်မချိုးနိုင်ကြတော့…..။ ကိုယ်လက်ဆေးကြောပြီး ညစားအား စားကြ၏။ ကျနော့်အဖို့ ….မျောက်ချီးခါးဟင်းအား ပထမဦးဆုံး စားဖူးခြင်းဖြစ်သည်။
ချီးခါးဆိုသော်လည်း သက်ရုံမျှသာ ….။ လက်ဖက်နံ့သင်းသင်းနှင့် မျောက်ချီးခါးဟင်းက …..အသားတစ်မျိုးမျိုးအား လက်ဖက်နှယ်၍ ချက်ထားသည်နှင့်ပင် တူတော့၏။
မနက်ဖြန်ဆက်ရမည့်ခရီးက ခြေလျှင်ခရီး….။ တောင်အတတ်အဆင်းရှိသည်။ ၃-ရက်ခန့်သွားရမည်ဟု ဆိုသည်။ ညနက်သည်နှင့် အအေးကစိမ့်၍ ပိုအေးလာသည်။


(ဂ)

တောင်က မြင့်မား၍မဟုတ်။ မတ်စောက်၍တတ်ရသည်မှာ ခက်ခဲ၏။ လမ်းက လူတစ် ကိုယ်စာ သွားသာရုံမျှသာ။ မိုးရွာထားသည့်အတွက် မြေလမ်းက ချော၍နေသည်။ လှေကား ထောင်တတ်ရသလို မတ်စောက်လွန်းလှသည်။ လမ်းဘေးရှိ ၀ါးပင်များအား လက်မလွှတ်ရဲ။ ဆွဲပြီးတတ်ရသည်။ ကျော၌ပိုးထားသော ကျောပိုးအိတ်၏အလေးချိန်ကြောင့် ပြန်၍လှန်မကျ သွားအောင် သတိထား၍တတ်နေရသည်။ မိုးက ဖွဲဖွဲရွာလာပြန်သည်။ မိုးစက်တို့က ချွေးတို့နှင့် ရော၍သွားသည်။ ကျောပိုးအိတ်နှင့်ကျောပြင်ထိနေသည့်နေရာ၌ ချွေးတို့သည် စိုရွှဲ၍ အေးစက်နေသည်။ စောင်ပါးတစ်ထည် ၊ ပုခတ်တစ်လုံး၊ အ၀တ်အစားအပိုနှစ်စုံ၊ ဆေးဝါး အချို့နှင့် စာအုပ်စာတမ်းအနည်းငယ်သာ ပါသော ကျောပိုအိတ်သည် ပခုံးပေါ်၌ လွယ်ထားရ သည်မှာ လေးလွန်းလှသည်ဟု ထင်ရသည်။ ပစ်ချလိုက်ချင်၏။ အသက်ရှုရသည်မှာ မ၀။ လေတွေ နည်းကုန်ပြီဟု ထင်မိသည်။ နှလုံးခုန်သံကို ကြားရသည်မှာ မီးရထားတစ်စီး ရင်ဘတ် ပေါ် ခုတ်မောင်းနေသလားဟု ထင်မိသည်။ အဆုတ်သည် ညှစ်ရလွန်း၍ ပေါက်ကွဲထွက် သွားမည်ကိုပင် စိုးရိမ်မိသည်။ ပါးစပ်ကို “ဟ“ ပြီး အသက်ရှုကြည့်၏။ နည်းနည်းသက်သာ သလို ထင်ရသည်။ ၀ါးရုံပင်အား ကိုင်ပြီး အနောက်အောက်ဖက်သို့ လှည့်ကြည့်တော့ ----- ဦးဗိုလ် (ဦးဗိုလ်သောင်း ၊ အန်အယ်လ်ဒီယင်းမားပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်) သည် ခါးစောင်းခန့်ရှိသော လမ်းဘေးရှိ သစ်ငုတ်တိုအား မှီပြီး ပါးစပ်ကို “ဟ“၍ အသက်ကိုရှုနေသည်။ ချွေးတို့က ရွှဲနစ်၍နေသည်။ ကျနော့်အား ခေါင်းခါပြ၏။ မလွယ်ဘူး ဆိုသည့်သဘော----။ ကျောပိုးအိတ်အား နည်းနည်း နေရာရွှေ့ပြင်ပြီး ဆက်တတ်၏။ လမ်းက ပို၍ချောလာသည်။ ခြေညှပ်ဖိနပ်ဖြင့် ခြေကုတ်မမြဲ။ ချောနေသည်။ ခြေညှပ်ဖိနပ်အားချွှတ်ပြီး လက်ကောက်ဝတ်တွင် စွတ်ထားလိုက်သည်။ ခြေမနှင့် မြေအား ကုတ်၍ ၊ ကုတ်၍ တတ်မှ တတ်၍ရသည်။ လက်ကလည်း လမ်းဘေးအပင်များအား လက်မလွှတ်ရဲ။ တစ်ပင်ပြီး တစ်ပင် ဆွဲပြီးတတ်ရသည်။ မလွယ် -----။ တောင်ကြောပေါ်သို့ ရောက်တော့ ကျနော်တို့တတ်ခဲ့သည့် လူသွားလမ်းသည် ကားလမ်းမကြီးနှင့်ပေါင်းသွားသည်။ ကားလမ်းမဆိုသော်လည်း ကျောက် ခင်းလမ်းမဟုတ်။ မြေမာလမ်းပင်ဖြစ်သည်။ စံခရဘူရီ၊ ခလော့ခနီ၊ ရေးကားလမ်းဖြစ်သည်။ မိုးအခါတွင် သုံးမရ။ နွေနှင့်ဆောင်းတွင်သာ အသုံးပြု၍ရသော ကားလမ်းဖြစ်သည်။ တောင် ကြောပေါ်မှ ကြည့်လျှင် ကျနော်တို့ မနက်ကထွက်ခဲ့သည့် `ဘလက်ဒွန်ဖိုက်`ရွာလေးအား တွေ့ရသည်။ ခလော့ခနီနှင့်ဘလက်ဒွန်ဖိုက် ဒုက္ခသည်စခန်းက တောင်ကြောနှစ်ခု၏အကြားတွင်တည်ထားသော ရွာတန်းရှည်ရွာများဖြစ်သည်။ သက်ကယ်မိုး သဲပွတ်ကာ သဲပွတ်ခင်း ဒုက္ခသည်အိမ်ကလေး များက ကားလမ်းအား ခွပြီး အစီအရီ ပြွတ်သိပ်၍ဆောက်ထားကြသည်။ အချို့က တောင် စောင်း မြေပြန့်ပြန့်တွင် ကပ်၍ဆောက်ထားကြသည်။ ဤနေရာတွင်မူ ထိုင်း-မြန်မာနယ်စပ်က ပထ၀ီသတ်မှတ်ချက်သိသိသာသာဖြင့် စည်းမခြားထား။ မြ၀တီ-မဲဆောက်ကဲ့သို့ သောင်းရင်း မြစ်က နယ်စမ်မျဉ်းအဖြစ် ရှိမနေ။ မြေကြောတစပ်တည်းဖြစ်နေသည်။ ခလော့ခနီဒုက္ခသည် စခန်း၏ အရှေ့တောင်ဖက်တွင်မူ တောင်တန်းညိုညိုစိမ်းစိမ်းများအား တွေ့ရသည်။ ထိုနေရာ တွင် ဘုရားသုံးးဆူရှိသည်။ ခလော့ခနီဒုက္ခစခန်းမှ လမ်းလျှောက်၍သွားလျှင် ဘုရားသုံးဆူ သည် နာရီဝက်ခရီးခန့်သာရှိမည်။ ယခင်က ဘုရားသုံးဆူသည် မွန်ပြည်သစ်ပါတီ ကရင့် အမျိုးသားအစည်းအရုံးနှင့် ကျောင်းသားတပ်မတော်တပ်ရင်းများ ခြေကုတ်ထိုင်ခဲ့သည့် နယ်စပ်စခန်းတစ်ခုဖြစ်ခဲ့သည်။ ၁၉၈၉ခုနှစ် သြဂုတ်လ (၈)ရက်နေ့တွင် (၈)လေးလုံး တစ်နှစ်ပြည့်အခမ်းအနားအား ဘုရားသုံးဆူစခန်း၌ ကျင်းပသည်။ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဆိတ်နို့ ကိုယ်တိုင်တတ်ရောက်ပြီး စကားပြောသည်။ စကားပြောစင်မြင့်ပေါ်မှာပင် စကားပြောရင်း နိုင်ဆိတ်နို့ နှလုံးသွေးကြောရပ်ပြီး ကွယ်လွန်ခဲ့၏။ မှတ်မှတ်ရရပင်။ ယခုမူ ဘုရားသုံးဆူစခန်းအား န၀တစစ်တပ်မှ သိမ်းယူထားခဲ့ပြီး မြို့နယ်တစ်ခုအဖြစ် နအဖ၏ စစ်အုပ်ချုပ်ရေးအောက်တွင် ရောက်၍နေလေပြီ။
ကျနော်တို့ ခဏနားပြီး ဆက်တတ်လာခဲ့ကြသည်။ လမ်းက ကားလမ်းဖြစ်၍လျှောက်ရသည်မှာ သက်သက်သာသာရှိသည်။ ဖိနပ်စီး၍ပြန်လျှောက်၍ရပြီ။ လမ်းကျယ်၍ မြေမာအားရွေး၍ ခြေချလို့ရသည်။ တတ်လျှင်လည်း ဖြေးဖြေးချင်း မော့၍တတ်သွားသည်။ ဆင်းလျှင်လည်း ဆင်ခြေလျော ----- ။ ပြေပြေပင် ---။ တောင်ပေါ်ကားလမ်းဖြစ်၍ တောင်အား ပတ်၍ဖောက်ထားသည်။ လမ်း၏ လက်ယာဖက်တွင်က တောင်ကမ်းပါးအား ဖြိုချထားသည့် မြေသားများအား တွေ့ရသည်။ အရောင်က နီညိုညို-----။ ၀ါးရုံကြီးများက ကြီးမားလှသည်။ ၀ါးပင်များက ရှည်လည်းရှည်သည်။ ပေ ၁၀၀-၁၅၀ ထိပင်ရှိမည်။ ကွေး၍ ညွှတ်နေကြသည်။ တစ်ရုံနှင့်တစ်ရုံ ယှက်ထိုး၍နေကြသည်။ လမ်း၏ လက်ဝဲဖက်တွင်မူ တောင်စောင်း ချောက်ကမ်းပါး -----။ ကမ်းပါးက နက်ရှိုင်းလှသည်။ စိမ်စိမ်းအုပ်အုပ် သစ်ပင်များနှင့် -----။ အဝေးတွင်မူ တောင်တန်းများက အထက်လိုက် ၊ အထက်လိုက် ----။ အချို့က စိမ်းညိုညို --- အချို့က ပြာလဲ့လဲ့----။ မြူလား မီးခိုလား မသိ။ အူထွက်၍နေသည်။ ဤတောင်တန်းများက တနင်္သာရီတောင်တန်းများလေလား။ မပြောတတ်။ အရှေ့မှ နွားအုပ်ကြီးတစ်အုပ် တတ်လာ သည်ကို တွေ့ရသည်။ နယ်စပ်ကိုဖြတ်ကျော်မည့်နွားများ။ နွားအကောင်ရေ ၅၀-ခန့်ရှိမည်။ နွားထီးများက အများစုဖြစ်သည်။ ရေးမှတတ်လာသော နွားများဖြစ်သည်။ အချို့နွားများက ခြေနာ၍ ထော့ကျိုးထော့ကျိုးနှင့် သွားနေကြသည်။ အချို့နွားက သွားရင်းနှင့် နွားထီးအချင်း ချင်းမိတ်လိုက်ဖို့ ကြိုးစားနေသေးသည်။ သားသတ်ရုံသို့ သွားနေရသော သူတို့၏ခရီးအား မသိကြ။ နွားမောင်းလာသည့် နွားကုန်သည်တစ်ဦးအား မေးကြည့်၏။
“ ချမ်းတိုက် ရွာနီးပြီလား “
ကျနော်တို့ ဒီည ချမ်းတိုက်တွင်ပင် ညအိပ်ကြမည်။ ချမ်းတိုက်ရောက်တော့ ညနေ ၆-နာရီ ခန့်ပင် ရှိမည်။ တစ်နေ့လုံးလျှောက်ထားရသည့်အတွက် ပေါင်တွေက တောင့်၍နေပြီး၊ ခြေသလုံးကြွက်သားများက တင်း၍နေသည်။ မိုင် ၃၀- ခရီးအား လျှောက်ခဲ့ရကြောင်း ခန္ဒာ ကိုယ်က သက်သေခံပြ၍နေသည်။

၂၀၀၈ခုနှစ် အောက်တိုဘာလ၌ မစ္ဇျိမတွင်ဖော်ပြခဲ့သည်။

“ရာဇာဓိရာဇ်ရဲ့….. ဇပ်”

(ရွှေအိမ်စည်)

(က)
တောင်ပေါက်ရွာက .....ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိသည့်ကျေးရွာဖြစ်သည်။ ရွာကြီးတစ်ရွာဟု ဆိုရမည်။ အိမ်ခြေ ၂၀၀-ခန့်ရှိမည်။ ရွာက ရွာတန်းရှည်ဖြစ်သည်။ ကျောင်းကုန်း၊ ပေါလောကုန်း၊ မြင်ဝါးကုန်းရွာများနှင့် တဆက်တည်းရှိနေ၍ တစ်ရွာတည်းကဲ့သို့ဖြစ်နေသည်။ မွန်လူမျိုးများသာနေထိုင်ကြသည့် မွန်ရွာဖြစ်သည်။ရွာ၌ ...အစိုးရအလယ်တန်းကျောင်းရှိသည်။ ဆေးပေးခန်းရှိသည်။ ကျေးလတ်ကျန်းမာရေးမှူးတစ်ဦးထိုင်သည်။ စီးပွားရေးက လယ်ယာစိုက်ပျိုးရေးနှင့်ရာဘာခြံလုပ်ငန်း....။ နောက်ပိုင်းတွင် ဗွီဒီယိုရုံများထောင်လာကြသည်။ ထိုင်းနှင့်မလေးရှားသို့လည်း ထွက်၍အလုပ်လုပ်ကြ၏။ စီးပွားရေးအဆင်ပြေကြသည်ဟု ဆိုရမည်။ အိမ်များက သွပ်မိုးပျဉ်းထောင်အိမ်ကြီးများက များသည်။ ရေနံချေးသုတ်ထားသဖြင့် အိမ်များက မဲ၍နေသည်။ ရွာလယ်ရှိ ဘုန်းကြီးကျောင်းက နှစ်ထပ်တိုက်ကျောင်းကြီးဖြစ်သည်။ ပေါလောကုန်းရွာနှင့်မြင်ဝါးကုန်းရွာတို့တွင်လည်း ဘုန်းကြီးကျောင်းများရှိကြ၏။ ရာဘာဈေးကောင်း၍ လယ်မြေများတွင်ပင် စပါးမစိုက်ပဲ ရာဘာစိုက်လာကြ၏။ တောင်ပေါက်မှ ရာဘာများအား မုဒုံသို့ ပို့သည်။ ကြာအင်းဆိပ်ကြီးသို့ ပို့သည်။ လမ်းပမ်းဆက်သွယ်ရေးကမူ ခက်ခဲ့၏။ ကြာအင်းဆိပ်ကြီးသို့ သွားလျှင် ..... လှည်းနှင့်ဝဲဇလီရွာသို့ သွားရသည်။ ၀ဲဇလီရောက်မှ စက်လှေနှင့် ကြာအင်းဆိပ်ကြီးသို့ စုန်ဆင်း၍ သွားရ၏။ မုဒုံသို့ သွားလျှင်လည်း ..... တောင်ပေါက်မှ ၀င်းယော်ဆိပ်ကြီးရွာသို့ လှည်းနှင့်သွားရ၏။ ပြီးလျှင် .... ၀င်းယော်ဆိပ်ကြီးမှတဆင့် စက်လှေနှင့်ဝင်ယော်ချောင်းအတိုင်း ချောင်းနှခွရွာသို့ ဆင်းရသည်။ ချောင်းနှစ်ခွရောက်လျှင်မူ ကားလမ်းပေါက်ပြီ။ ထိုမှ မုဒုံသို့ကားနှင့် သွားရသည်။
မွန်ပြည်သစ်ပါတီမှ အပစ်အခတ်မရပ်စဲမှီအထိ တောင်ပေါက်တွင် နအဖ စစ်တပ်စခန်းထိုင်ခဲ့သည်။ ဆယ်စုနှစ်တစ်စုနီးပါးရှိမည်။ ဆယ်နှစ်နီးပါး နအဖစစ်တပ်မှ စခန်းထိုင်ခဲ့သော်လည်း နအဖစစ်သားများနှင့် တောင်ပေါက်ရွာသူတို့ အိမ်ထောင်ကျခဲ့သည်ဟူ၍မရှိ.....။ တောင်ပေါက်ရွာသူတို့က စည်းထား၏။ ဖက်ဆစ်တို့နှင့် သွေးမနှော ....။ အပစ်အခတ် မရပ်စဲမီက မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်မှူး ထားဝရ၏ တပ်ဖွဲ့ တောင်ပေါက်ရွာရှိ နအဖတပ်စခန်းသို့ ၀င်တိုက်၏။ ၀င်တိုက်မည်ကို ရွာသားများက ကြိုသိကြ၏။ ဗိုလ်မှူးထားဝရ၏ တပ်များဝင်လာလျှင် ခွေးများမဟောင်းစေရန် ရွာသားများက ခွေးများအား ကြိုးချည်၍ ထိန်းထားပေးကြ၏။ နအဖ စခန်းကျသွား၏။ နောက်နေ့တွင်မူ .... နေရာပြောင်း၍ နအဖက စခန်းသစ်ပြန်ဆောက်၏။ ရွာသားများက သစ်ခုတ်ပေးရ၏။ နှီးဖျာပေးရသည်။ သက်ကယ်ပစ်ပေးကြရပြန်၏။
ဇမိမြစ်နှင့်ဝင်းယောက်ချောင်းအကြား၌မွန်ရွာပေါင်း ၂၄ -ရွာရှိ၏။ ၂၄-ရွာအနက် တောင်ပေါက်ရွာက ရွာကြီးဖြစ်၏။ တောင်ပေါက်ကျေးရွာအုပ်စုဝင်ရွာများအဖြစ် ထိုရွာ ၂၄-ရွာအား တောင်ပေါက် ၂၄-ရွာဟုပင်ခေါ်ကြသည်။ တောင်ပေါက် ၂၄-ရွာက မွန်ပြည်သစ်ပါတီ ....မွန်တော်လှန်ရေးတွင် သမိုင်းရေးအရ အခန်းကဏ္ဍကြီးခဲ့၏။ နိုင်အောင်ထွန်းဦးဆောင်သည့် မွန်တပ်ဦး .... `လက်နက်နှင့်ဒီမိုကရေစီ` လဲသွားခဲ့သည့်အခါ၌ နိုင်ရွှေကျင်သည် တောင်ပေါက် ၂၄-ရွာတွင်ပင် ကျန်ခဲ့၏။ တောင်ပေါက် ၂၄-ရွာမှပင် .... မွန်ပြည်သစ်ပါတီအား ထူထောင်ခဲ့၏။ တဖြည်းဖြည်း ကြီးထွားစေခဲ့၏။ ဤဒေသမှပင် ဥက္ကဌကြီး နိုင်ရွှေကျင်၏ ဦးဆောင်မှုဖြင့် မွန်အမျိုးသားလွတ်မြောက်ရေး အလံသည် မြင့်မြင့်မားမား လွှင့်ထူနိုင်ခဲ့၏။ ဥက္ကဌ နိုင်ရွှေကျင်ကွယ်လွန်ပြီးနောက် .... မွန်ပြည်သစ်ပါတီအား ဦးဆောင်မှုပေးခဲ့သည့် ဥက္ကဌ နိုင်ထင်သည်လည်း .... တောင်ပေါက် ၂၄-ရွာ ဇာတိသားပင် ....။ ယခုတော့ .....ဥက္ကဌနိုင်ထင် သည်လည်း မရှိတော့ ....။ ကွယ်လွန်လေပြီ ။

(ခ)
မွန်အမျိုးသားနေ့အခမ်းအနားပြုလုပ်သည့်မြက်ခင်းပြင်က တောင်ပေါက်ရွာအလယ်တန်းကျောင်းဝင်းအတွင်းတွင်ဖြစ်သည်။ အခမ်းအနားစင်မြင့်က အရှေ့အရပ်အား နောက်ခံပြု၍ထား၏။ ရာဇာဓိရာဇ်စ်၏ ပုံတူပန်းချီကားချပ်ကြီးများက စင်မြင့်၏တဖက်တချက်စီတွင် မတ်မတ်ထောင်လျက် .....။ မင်းမြှောက်တန်ဆာများနှင့် ပဒေသရာဇ်ဘုရင်သည် စင်မြင့်ထက်၌ အိနြေ္ဒကြီးစွာနှင့် ရပ်၍နေသည်။ ကျောက်စီလက်သုံးတော်ဓါးက ခါး၌ လွယ်လျက်....။ လက်ဝဲဘက်လက်က ကျောက်စီဓါးအိမ်အား ဆုတ်ကိုင်ထားပြီး လက်ယာဘက်လက်ကိုမူ ဓါးရိုးပေါ်၌ တင်၍ထား၏။ စူးရှသော မျက်ဝန်းများက အရှေု့သို့ စူးစိုက်၍ကြည့်နေသည်။ စင်မြင့်အထက်နောက်ခံအပြာရောင်ပိတ်ကားပေါ်၌ မွန်ဘာသာနှင့်စာတန်းများ ရေးထား၏။ မွန်အမျိုးသားနေ့အခမ်းအနားဟူ၍ဖြစ်မည်။ မွန်အမျိုးသားလွတ်မြောက်ရေးအလံများက စင်မြင့်ထက်အလံတိုင်များအပေါ်၌ နီနီရဲရဲ.....။ မြောက်လေ အမွေ့၌ ဟသာင်္တို့က ပျံကြွတော့မည်နှယ် ....။ စင်မြင့်၏၀ဲယာတွင်က မွန်ရဟန်းသံဃာများ....။ခုံတန်းရှည်များထက်၌ စံပယ်၍နေကြသည်။ အပါး ၅၀-ကျော်ခန့်ရှိမည်။ လူပရိတ်သတ်ကမူ စင်မြင့်၏အရှေ့မြက်ခင်းပြင်၌ ....။ တောင်ပေါက် ၂၄-ရွာမှ မွန်အမျိုးသား နှစ်ထောင်ခန့်ရှိမည်။ ၀င်္ကပါ မွန်အမျိုးသား အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများအား တွေ့ရ၏။ သူတို့က စင်မြင့်၏အရှေ့၌.....။ အနီရောင် ချိတ်အဆင်ထမီ၊အဖြူရောင်ရင်ဖုံးအင်ကျီနှင့် မွန်အမျိုးသမီးတို့က .... ယဉ်သည်ဟု ထင်မိ၏။မွန်အမျိုးသားတို့ကမူ အဖြူရောင်တိုက်ပုံအင်ကျီ၊ အနီရောင်အကွက်စိပ့် လုံချည်များနှင့်....။အရှေ့ဆီမှ ပတ္တမြားရည်များလျံကျ၍ လာပြီ.....။ အခမ်းအနားအစီအစဉ်များအား ဖတ်ကြား၍သွားသည်။ မွန်ဘာသာနှင့်ဖတ်ကြားသွားခြင်းဖြစ်၍ .....မသိလိုက်။ အနားမှသူအား မေးရသည်။ အခမ်းအနားအစီအစဉ်နှင့် ကျင်းပပုံများအား ကြည့်ပြီး ကျနော့်စိတ်၌ ပဒေသရာဇ်အငွေ့အသက်အချို့အား ခံစားရသလိုဖြစ်မိ၏။
ပတ္တမြားသွေးရည်များက ဖျော့၍ ....ဖျော့၍ လာပြီ။ ပထမ .... ပန်းရင့်ရောင် .... နောက်သော် ..... လိမ္မော်ရောင် .....။ အရောင်များပြောင်း၍သွား၏။ အနွေးဓါတ်သည် မြက်ခင်းပြင်အတွင်းသို့ တိုးဝင်စပြုလာပြီ ။ စကားပြောသည့် စင်မြင့်ရှေ့၌ သံလွင်ရောင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဝတ်စုံနှင့် မွန်အမျိုးသားတပ်မတော်မှ စစ်ခေါင်းဆောင်တစ်ဦး စကားပြော၍နေသည်။ သူ့၏အနောက်၌က ဟံသာဝတီပြည့်ရှင် ရာဇာဓိရာဇ်........။ ရာဇာဓိရာဇ်၏ မျက်လုံးများက သူ၏အရှေ့မှ စကားပြောနေသော “သူရဲ” ကို ကျော်၍ မွန်အမျိုးသားထုအားကြည့်၍ နေသည်။ ရာဇာဓိရာဇ် ၏မျက်လုံးများက ကျနော့်ထံသို့လည်းရောက်၏။ သူ့မျက်လုံးများကား သူ့ဘ၀အား ပြောပြနေသည်ဟု ခံစားရ၏။
ဗညားနွဲ့ က ဟံသာဝတီထီးနန်းအား လွယ်လွယ်နှင့်ရလာခဲ့သူ မဟုတ် .....။ ပုန်ကန်ခဲ့ရသည်။ မွန်သူရဲ သုံးကျိပ်နှင့် ဗညားနွဲ့သည် ဟံသာဝတီပဲခူးအား ဒဂုန်မှနေ၍ တော်လှန်ခဲ့ရသည်။ တော်လှန်ရေးသမား ဗညားနွဲ့....။ ဒဂုန်တွင် တော်လှန်ရေးသမား ဗညားနွဲ့၏ ပထမဦးဆုံးတိုက်ပွဲက ..... ဟံသာဝတီပြည့်ရှင် မဟာဒေ၀ီ၏သစ္စာခံများအား သုတ်သင်သည့်ပွဲဖြစ်သည်။ ဗညာနွဲ့က သူ့ရဲဘော်သုံးကျိပ်အား ကြို၍မှာထားသည်။
“ ငါတို့ ဒဂုန်သို့ရောက်လျှင် မဟာဒေ၀ီ၏ ကျွန် (၁၈)ယောက်ကို ခေါ်မည်၊ အားလုံးရောက်လျှင် `ဇပ်` ဟု ငါဆိုမည်။ ထိုအခါ မင်းတို့အား လုံး ထခုတ်ကြ ”
ဒဂုန်သို့ရောက်သော် ဇညားနွဲ့သည် မဟာဒေ၀ီ၏သစ္စာခံ ကျွန် (၁၈)ယောက်တို့အား ခေါ်၏။ မြို့ဝမ်းသား လူကြီးများကိုလည်း ဖိတ်၏။ မြို့ဝမ်းသား၊ မြို့မျက်နှာဖုံးလူကြီးများနှင့် ရဟန်းသံဃာများအသီးသီးရောက်လာကြ၏။ မဟာဒေ၀ီ၏ကျွန်များလည်း ရောက်လာကြ၏။
ဗညားနွဲ့က ....
” ယခုအင်းဝ စစ်ချီလာသည်မှာ ဆင်းမြင်းစစ်သည်ဗိုလ်ပါများနှင့်တကွ သာယာဝတီသို့ ရောက်နေပြီဟု သတင်းရ၍ ငါ့ကို ဒဂုန်သို့ ဆင်းလာရန် သုရှင်အမိန့်ရှိလိုက်၏။ မြို့ပြကျုံးမြောင်း မကောင်းသည်ကိုပြင်၍ ပြလက်ရန်း စီးရန်ကိစ္စအတွက် မင်းတို့ကို ခေါ်ခြင်းဖြစ်သည်” ဟု ဆိုသည်။
ဗညားနွဲ့၏ရဲဘော်သုံးကျိပ်က ဓါးကိုယ်စီနှင့် ဗညားနွဲ့အား ကြည့်နေကြ၏။
ထိုအခိုက်..... ဗညားနွဲ့က ”ဇပ်” ဟု ဆိုလိုက်၏။
ဗညားနွဲ့၏ ရဲဘော်သုံးကျိပ်က ထ၍ မဟာဒေ၀ီ၏ ကျွန် (၁၈)ဦးအား ဓါးနှင့်ခုတ်ကြ၏။ အားလုံးသေဆုံးကုန်ကြ၏။
ဗညားနွဲ့က မြို့ဝမ်းသား မြို့မျက်နှာဖုံးများအား မေး၏။
“မင်းတို့ ငါ့ဘက်နေမည်လား၊ သူ့ဘက်နေမည်လား”
“ အရှင်သားဘက် နေပါမည်ဟု ” ပြောကြ၏။ ထိုအထဲမှ နှစ်ယောက်ကမူ ....
“ ပဲခူးစစ်ကို အရှင့်သားတော် မနိုင်ချေသော် ကျွန်ုပ်တို့အားလုံး ပျက်စီးခြင်းသို့မရောက်ပြီလော ” ဟု ဆို၏။ ထိုအခါ ဗညားနွဲ့က ....
“ဇပ်” ဟု ဆိုပြန်၏။
ရဲဘော်သုံးကျိပ်က ထို ၂-ဦးအား ထ၍ဓါးနှင့်ခုတ်ပြန်၏။
ရာဇာဓိရာဇ်ထံမှ အကြည့်အားလွှဲဖယ်၍ စင်မြင့်ဆီသို့ရောက်၏။
မွန်ပြည်သစ်ပါတီမှ စစ်ခေါင်းဆောင်သည် မွန်ရဟန်းသံဃာများနှင့် မွန်လူထုအား အပစ်အခတ်ရပ်စဲသည့်အခြေအနေများအပေါ် တင်ပြအစီရင်ခံ၍ နေသည်။ မွန်ပြည်သစ်ပါတီနှင့် နအဖ အပစ်အခတ်မရပ်စဲမှီနှင့် အပစ်အခတ်ရပ်စဲပြီး မွန်လူထု၏ဘ၀အခြေအနေများအား ယှဉ်ထိုး၍ ပြသည်။ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု အခြေအနေများက မထူးခြား .....။ မွန်အမျိုးသားထုက စစ်အုပ်စု၏ ဖိနှိပ်မှုအောက်၌ ခံနေရဆဲ ....။ လွတ်မြောက်မှု ဟူ၍က မရှိ။
ဤအခြေအနေအောက်၌ ..... ဘာလုပ်မလဲ....။ မွန်လူထုအား အဖြေပေးခိုင်၍ နေသည်။ မွန်ပြည်သစ်ပါတီက မွန်အမျိုးသားထုနှင့် မကင်းကွာ .....။ ၁၉၉၅ခုနှစ် နအဖနှင့် အပစ်အခတ်ရပ်စဲရန် စဉ်းစားသည့်အချိန်အခါတွင်လည်း ဤသို့ပင် .... ရေးချောင်းဖျား၌ ရဟန်းသံဃာများ မွန်အမျိုးသားများအား တွေ့ဆုံ၍ ချပြပြီး အပစ်အခတ်ရပ်စဲရေးအား ဆုံးဖြတ်ခဲ့ကြသည်။ ယခုလည်း မွန်အမျိုးသားအပေါင်းအား မေးခွန်းထုတ်၍နေလေပြီ .....။ မွန်အမျိုးသားထုက မည်သို့ အဖြေပေးလိုက်သည်မသိ.....။ ကျနော်နားထဲတွင်မူ .....။
“ဇပ်” .......
ဟုကြားလိုက်မိ၏။

ဝန်ခံချက် .......
ရာဇာဓိရာဇ်၏ အတ္တုပတ္တိနှင့်ပါတ်သတ်၍ ဒေါက်တာ နိုင်ပန်းလှ၏ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းမှ ကောက်နုတ်ဖော်ပြပါသည်။


၂၀၀၈ခုနှစ် ဖေဖော်ဝါရီလ၌ မစ္ဇျိမတွင် ဖော်ပြခဲ့သည်။

ဟင်္သာတို့ရဲ့ ……နေ့

(ရွှေအိမ်စည်)

(က)

“ကျနော်တို့တတ်လို့ ဖြစ်ပါ့မလား”
`မွန်အမျိုးသားနေ့` အခမ်းအနားဖိတ်ကြားစာအား ကိုင်ရင်း ကျနော်က မွန်ပြည်သစ်ပါတီမှ ကျောင်းဆရာအားမေး၏။ ကျောင်းဆရာဟု ကျနော်တို့က ခေါ်သော သူသည် ယခုအခါတွင်မူ သင်ကြားပို့ချမှုအား မပြုလုပ်တော့ .....။ မွန်ပြည်သစ်ပါတီ၏ပညာရေးဌာနတွင် အုပ်ချုပ်ရေး တာဝန်အား ထမ်းဆောင်၍ နေပြီ .....။ သို့သော် ..... ကျနော်တို့ကမူ သူ့အား ယခုတိုင် ကျောင်းဆရာဟုပင် ခေါ်၍နေဆဲ ......။
“ အရင်တုန်းကလို ....သ၀ဏ်လွှာ ပေးပို့တာတို့ ဘာတို့တော့ မဖြစ်ဖူးပေါ့ .... ။ ဒါပေမယ့် ..... အခမ်းအနားတတ်ရောက်တာကတော့ ဖြစ်ပါတယ် ”
ကျောင်းဆရာ၏စကားသံတွင် ကျနော်တို့အား အခမ်းအနားသို့တတ်ရောက်စေချင်သည့် ဆန္ဒကပေါ်၍နေသည်ဟု ထင်မိသည်။ တတ်ဖြစ်အောင် ကြိုးစားမည်ဟုလည်း စိတ်၌ ဆုံးဖြတ်လိုက်မိ၏။ အခမ်းအနားကျင်းပမည့်နေရာအား ဖိတ်စာတွင်ပြန်၍ကြည့်မိသည်။
တောင်ပေါက်ရွာ ......။
(ခ)
ဘုရားသုံးဆူမှစုန်ဆင်းလာမည့်လှေအား ကျနော်တို့စောင့်၍စီးရမည်။ ကျနော်တို့လှေစောင့်၍စီးသည့်နေရာက ဘုရားသုံးဆူ ၊ သံဖြူဇရပ်ကားလမ်း၏ အရှေ့ဖက်အခြမ်းတွင်ဖြစ်သည်။ ဤနေရာတွင် ကားလမ်းနှင့် ဇမိမြစ်သည် ယှဉ်၍ဘုရားသုံးဆူသို့ ၀င်သွားကြသည်။ ကားနှင့်သွားလျှင် ၁၅-မိနစ်ခန့်ပင် မသွားရ ....။ ဇမိမြစ်က ဘုရားသုံးဆူမြို့အားဝိုက်၍ စီးလာသော ချောင်းငယ်နှစ်ခုမှ ပေါင်းဆုံမြစ်ဖျားခံလာသော မြစ်ငယ်တစ်ခုဖြစ်သည်။ ကျိုက်မရောမြို့ အထက်နားတွင် ၀င်းယော်ချောင်းနှင့်ပေါင်း၍ အတ္တရံမြစ်အဖြစ်ဖြစ်တည်၏။ အတ္တရံက သံလွင်မြစ်အတွင်းသို့ စီးဝင်သော မြစ်တစ်စင်း ......။ ကျနော်တို့လှေစောင့်စီးသည့်နေရာက ဇမိမြစ်၏မြစ်ဖျားခံရာ ချောင်းသွယ်နှစ်ခုပေါင်းစုံသည့် ချောင်းဆုံ၏အောက်ဖက်တွင်ဖြစ်သည်။ ဤနေရာတွင်မွန်ပြည်သစ်ပါတီတပ်ခွဲစခန်းထိုင်သည်။ အကောက်ခွန်ဂိတ်လည်းရှိ၏။ ဈေးဆိုင်များနှင့်စည်ကားသည်။ ထိုင်းဘတ်ငွေနှင့်ပင် အရောင်းအ၀ယ်ပြုကြ၏။ ထမင်းဆိုင်များက ညအိမ်တည်းခိုနိုင်ရန်ပင် နေရာများရှိ၏။ သက်ကယ်မိုး၊ သဲပွတ်ခင်း၊ သဲပွတ်ကာ တဲတန်းလျားများ .....။ မွန်ပြည်သစ်ပါတီ၏ဟင်္သာအလံက ကမ်းပါးထက်ရှိ အလံတိုင်၏ထိပ်တွင် လွှင့်၍နေသည်။ ဘုရားသုံးဆူမှ ကြာအင်းဆိပ်ကြီးသို့ ဆင်းမည့်လှေများက ဘုရားသုံးဆူတွင် အခွန်အတုတ်အမျိုးမျိုးအား အာဏာပိုင်တို့ထံဆောင်ကျဉ်း၍ ပြီးစီးမှ ထွက်ကြရသည်။ အစောဆုံးက နံနက် ၈-နာရီ။ ကျနော်တို့ဆီရောက်တော့... ၈-နာရီခွဲခန့်ရှိပြီ။ လှေများက တရုတ်အင်ဂျင်တပ်လှေများ။ ခရီးသည် ၁၅-ဦးခန့် အနည်းဆုံးစီး၍ရသည်။ လှေဝမ်းအတွင်း ၂-ယောက်ယှဉ်တွဲထိုင်၍ရသည်။ လှေဦးက စောက်မနက် ...။ ရေစူးကလည်းနည်းသည်။ မာနယ်ပလော၊ သူမွဲထ၊ ဒေါင်းဂွင်တို့၌ ပြေးဆွဲသည့်လှေများနှင့်မတူ .....။ ထိုလှေတို့က သံလွင်၊ သောင်းရင်းအတွင်း မောင်းနှင်ရသည်ဖြစ်၍ TE 11 ....။ တိုယိုတာ ဟိုင်လက်အင်ဂျင်များအား သုံးရသည်။ လှေဝမ်းဗျက်မှာလည်း ကျယ်သည်။ လှေဦးစောက်ကနက်ပြီး ရေစူးကလည်းနက်သည်။ ပြေးလျှင် လှေဦးက မော့၍ ပျံတတ်တော့မည့်အလား ထင်ရသည်။ ရေစီးကြမ်းသည့်သံလွင်အတွင်း အင်ဂျင်အားကောင်းသည့်စက်အား အသုံးပြုမှသာဖြစ်မည်။ ဇမိကမူ သံလွင်နှင့်ယှဉ်သော် ရေစီးက ညင်းသာသည်ဟု ဆိုရမည်။
ကျနော်တို့လှေက .... ကျနော်တို့ ၃-ယောက်အပါအ၀င်မှ ခရီးသည် ၁၁-ယောက်သာရှိသည်။ လှေဦးဖက်တွင်မူ ကုန်ပစ္စည်းအချို့တင်ထားသည်ကို တွေ့ရ၏။ ဆင်ကြယ်၊ မြင်းကြယ်ဖိနပ်များနှင့် အချိုမှုန့်များဖြစ်သည်။ ဇမိမြစ်က ဘုရားသုံးဆူ တောင်ကြားများမှ မြစ်ဖျားခံပြီး အရှေ့တောင်အရပ်မှ အနောက်မြောက်အရပ်သို့ စီးဆင်းသော မြစ်ဖြစ်သည်။ အကွေ့အကောက်နည်းသည်။ ကျောက်ဆောင် ....ကျောက်ဆိုင်များမရှိ။ မြစ်ပြင်ကျယ်ပြီး ရေစီးညင်သာသည်။ မြစ်ရေကမူ စိမ်း၍နေသည်။ ကျနော်တို့လှေစထွက်တော့ ..... ၉-နာရီခွဲခန့်ရှိပြီ.....။ ၅-ဂါလံဝင်လောင်စာဆီနှစ်ပုံးအား တင်လာ၏။ လမ်းတွင် လောင်စာဆီဝယ်၍မရ.....။ ဤမှပင် အစုန်ခရီးအတွက် ဆီဝယ်ခဲ့ရသည်။ ကမ်းပါးတစ်လျှောက် ၀ါးရုံများအား တွေ့ရသည်။ ထူထူထပ်ထပ်.....။ နာရီဝက်ခန့် စုန်ဆင်းခဲ့ပြီးနောက် .... သေမင်းတမန်ရထားလမ်းဟောင်း မြစ်ကူးတံတားကြီး၏အောက်သို့ ရောက်သည်။ တံတားက သံဘောင်ကြီး ၂-ခုသာကျန်တော့၏။ သံကြေးများနှင့် မဲညစ်၍နေသည်။ အုတ်တိုင်ကြီးများက မြစ်အတွင်းမှ မတ်မတ်ထောင်၍သံဘောင်ကြီး ၂-ခုအား ထမ်း၍ထားနေဆဲ ....။ တံတားအရှည်က ပေ ၂၀၀-ခန့်ရှိမည်။ အုတ်တိုင်ကြီး ၂-ခုကြားမှ စက်လှေသည် ဖြတ်၍မောင်းခဲ့၏။ စက်သံက အုတ်တိုင် ၂-ခုကြား ပဲ့တင်ထပ်၍ `လှိုင်` သံပေါက်နေသည်။ စူးစူးဝါးဝါး .....။ ဤအုတ်တိုင်ကြီးများအား ဆောက်လုပ်ခဲ့ကြစဉ်က ....ချွေးတပ်သား ....မည်မျှ၏လုပ်အား ၊ ချွေး၊ သွေး။ အသက်ခန္ဒာတို့ကို အရင်းပြုခဲ့ကြရမည်နည်း။ အဖြေမပေးနိုင်သည့်မေးခွန်းအား အတွေးဖြင့်မေးမိ၏။ မသိနိုင် ....။ ရင်မောစွာဖြင့်မော့ကြည့်မိ၏။ သံဘောင်ကြီး ၂-ခုအကြားမှ ကောင်းကင်သည် ညိုပုတ်ပုတ် ......။
ကမ်းဘေးဝဲယာတွင်က ထူထပ်ပိန်းပိတ်သော ၀ါးတောများ....။ တချိန်က ဤနေရာတွင် .....။ ဒါမှမဟုတ်..... ထိုနေရာတွင် .....။ ၀ါးတဲရှည်ကြီးများရှိမည်။ ထိုတဲတန်းလျားကြီး၌ .....ချွေးတပ်သားတို့ အိပ်စက်ြ့ကမည်။ အချို့က ငှက်ဖျားရောဂါကြောင့် ဤ၀ါးတဲကြီးအတွင်း လူးလိမ့်၍နေမည်......။ ငြီးတွား၍နေမည်.....။ အဟာရက မရှိ .....။ ဆေးဝါးကုသမှုနတ္တိ.....။ နောက်ဆုံး ......ဤဇမိမြစ်၏ ကမ်းပါးယံနံဘေးတွင်ပင် သူတို့အား မြုပ်နှံထားလိုက်မည်......။ တစ်ယောက် .....နှစ်ယောက်....။ ........။ အတွေးများက အတိတ်နှင့်ပစ္စုပန်လွန်းထိုး၍နေသည်။ လှေငယ်ကမူ ..... ဇမိမြစ်အတိုင်း စုန်ဆင်း၍နေ၏။ ကမ်းပါးဝဲယာ၏ မြင်ကွင်းကပြောင်း၍ လာပြီ။ မိုးမခပင်များအား ရေအစပ် ကမ်းပါးတွင် အုပ်လိုက်တွေ့လာရသည်။ လှေမှ ဖြန့်ထွက်သွားသော လှိုင်းလုံးများကး မိုးမခပင်တို့အား တိုးဝှေ့၍ တိုက်သည်။ မိုးမခပင်တို့က ယိမ်းနွဲ့၍ .....။ မြုပ်ချီ .... ပေါ် ချီ.....။
တခါ ....တခါ တွင် ဟိုနားတစ်စု .... ဒီနားတစ်စု ။ တဲငယ်လေးများအား ကမ်းပါးထက်တွင် တွေ့ရ၏။ အချို့တဲများ၌ လူနေသည်ကို တွေ့ရ၏။ အချို့တဲများက လူမရှိသည့်တဲများ ။ မွန်းတည့်နေက ပူလွန်းလှ၏။ မြစ်ပြင်အား ဖြတ်တိုက်လာသည့် လေကြောင့် အပူဒဏ်က ခံသာ၏။ အရှေ့ဖက်ကမ်းပါးတလျှောက် ကွမ်းသီးပင်အုပ်အုပ်များအား တွေ့ရသည်။ ကွမ်းသီးပင်များအကြား၌ အုန်းပင်တို့က ....ရောရောယှက်ယှက် ......။
“ အဲ့ဒါ .... ကျွန်းချောင်းရွာပေါ့ .....”
ကျွန်ချောင်းရွာလွန်လျှင် ..... ကြိမ်းချောင်း၊ ရွှေပိုးဟပ်၊ ကျောက်ဖျား။ ထိုရွာများက ကရင်ရွာများ .....။ အိမ်ခြေက သိပ်မများလှ ....။ ၄၀-၅၀ ခန့် ပင်ရှိကြမည်။ ရွာများက ကမ်းပါးဘေး မေးတင်ထားသည့်ရွာများမဟုတ်ကြ ....။ ကမ်းပါးနှင့်ရွာအကြား၌ လယ်ကွင်းများက ကြားခံ၍နေသည်။ ရွာအား မြစ်တွင်းက ကြည့်လျှင် .... ကွမ်းသီးပင် ၊ အုန်းပင်အုပ်အုပ်များကိုသာ တွေ့ရ၏။ နွေအခါတွင်မူ ကျွန်းချောင်းမှ ဘုရားသုံးဆူသို့ ကားလမ်းပေါက်သည်။ ကားလမ်းဟုဆိုသော်လည်း မြေမာလမ်းကြမ်းမျှသာ .....။ (န.အ.ဖ) စစ်ကြောင်းများအသုံးပြုသည်က များသည်။
ကြိမ်းချောင်းကိုလွန်လာပြီ။ မြစ်ကမ်းပါးတွင် ၀ါးဖောင်းတန်းကြီးအား တွေ့ရသည်။ ဆိပ်ခံဘောတံတာကြီးကဲ့သို့ .....။ အမိုး မိုးထား၏။ အရှည်က ပေ ၈၀-၁၀၀ခန့်ရှိမည်။ အစားအသောက်ရောင်းသည့် ကမ်းပါးဈေးဆိုင်များ .....။ ထမင်းဟင်းရောင်းသည်။ လဖက်ရည်၊ကော်ဖီရောင်းသည်။ အဖျော်ယမကာက အမျိုးစုံရ၏။ ထိုင်းနိုင်ငံထုတ် `မဲခေါင်` မှသည် မြန်မာပြည်ဖြစ် လိမ်မော်ဖြူ ၊ ဒရိုင်းဂျင်၊ ၀ီစကီ အထိ .....။ ဘီယာအမျိုးကလည်း စုံသည်။ ညအိပ်တည်း၍ရသော ရေပေါ်ဈေးဆိုင်များ ....။
ကျောက်ဖျာရွာဆိပ်သို့ရောက်တော့ ..... ညနေ ၅-နာရီခန့်ရှိပြီ။ ကျောက်ဖျာရွာ ရေဆိပ်သည်လည်း ၀ါးဖောင်ရေပေါ်ဈေးဆိုင်တန်းကြီးနှင့် ။ ၀ါးဖောင်တစ်ခုတွင် လှေဦးကပ်၍ ဆိုက်လိုက်သည်။ လှိုင်းလုံးများကြောင့် လှေက ရှေ့နောက်တွန်းထိုး၍နေသည်။ လှေက မငြိမ် .....။ လူး၍နေ၏။ လှေမှ ၀ါးဖောင်ပေါ်သို့ ချက်ချင်းတတ်၍ မရ ......။ `လှေအဆင်း` မို့ ခက်၍နေသည်။ အမျိုးသမီးခရီးသည်များက လှေလူး၍ လှေပေါ်တွင် မတ်မတ်ပင် မရပ်နိုင်။လှေငြိမ်မှ ဖောင်ပေါ်သို့ တတ်၍ရသည်။ ဤဖောင်၌ပင် ညအိပ်ကြမည်။ ကြာအင်းဆိပ်ကြီးမှ ဆန်တတ်လာသောလှေ နှစ်စီး....သုံးစီး....လည်းရှိသည်။ ခရီးသည် ၄၀-၅၀ခန့်နှင့် ရေပေါ်ဈေးဆိုင်တန်းက စီညံ၍နေသည်။ မြစ်ရေက စိမ်း၍ကြည်နေသည်။ အေးသော်လည်း စိမ့်၍မအေး .....။ မြစ်အတွင်းကူးခတ်၍ ရေချိုးလိုက်မှ ညောင်းညာကိုက်ခဲမှုများအား ပြေလျော့၍သွားသည်။
ဟင်းလျားများက စုံ၏။ တောဝက်သား၊ မျောက်ချီးခါး၊ ဖြူသား၊ တောကြက်သား .....။ ပုဇွန် ၊ငါး ..... စုံသည်။
လိမ္မော်ဖြူက .... ၀မ်းမီးအား တောက်စေ၏။ ပုဇွန်ဆီရောင်အသွေးက ဖျော့၍ .... ဖျော့၍ ....။ အမှောင်ထုက မြစ်ပြင်အတွင်းသို့ ဖြန့်ကျက်၍၀င်လာပြီ။ ဖယောင်းတိုင်မီးရောင်များက ၀ါးဖောင်ပေါ်တွင် တလက်လက် .....။ လှိုင်းပုတ်၍ ၀ါးဖောင်သည် သိပ့်သိပ့်လှုပ်နေသည်။ မြောက်ပြန်လေက ညင်းညင်းသွဲ့သွဲ့ တိုးဝှေ့တိုက်ခတ်၏။ ပုဇင်းရင်ကွဲသံတို့က ညံ၍နေသည်။ ကမ်းပါးထက်မှ တစ်တီတူးငှက်၏အော်သံအား တခါတရံ ကြားရ၏။ ကြယ်စင်တို့ကား.... မြစ်တွင်းသို့ ငုတ်ဆင်း၍ နေကြပြီ။ ညသည် တိတ်ဆိပ်၍နေသည်။ ဇမိသည် ညင်သာစွာ စီးမျောရင်း အိပ်မောကျ၍ နေလေပြီလားမသိ ....။
နောက်တနေ့ .....နံနက်စောစောပင် ကျောက်ဖျာမှ ထွက်ခဲ့ကြ၏။ မြစ်ပြင်အား `မြူ` တို့က ဖုံးအုပ်၍ထား၏။ ပါးပါးလျှလျှ ....။ ဖြူလွှလွှ ဇာပ၀ါအား လွှမ်းခြုံထားသကဲ့သို့ .....။ မြစ်ရေက အေး၍မနေ ..... နွေး၍နေ၏။ လှေဦးဖြင့် ထိုးခွဲ၍ ဖွားထွက်လွှင့်စင်လာသည့် ရေမှုန်တို့က ၀ဲယာဖြန့်၍ `မြူ` တို့အား တွန်းဖယ်၏။ ကမ်းစပ်ကိုင်းပင်များ၌ ဗျိုင်းအောက်တို့ နား၍နေကြသည်။ ကိုင်းပင်တို့က လေးကိုင်းသဖွယ် ညွှတ်ကွေး၍နေသည်။ မြစ်တွင်းမှ စူးစူးဝါးဝါး အင်ဂျင်စက်သံကြောင့် ငိုက်မြည်းနေသော `ဗျိုင်း` တို့ လန့်၍ထပျံကြ၏။ ကွေးညွှတ်နေသော ကိုင်းပင်တို့ မတ်၍သွား၏။ ရေလွှာပြင်အား ဖြတ်၍ထိုးဆင်းသွားသော တင်ကြီးငှက်အား တွေ့ရ၏။ ခဏငယ်အတွင် `ဗွား` ခနဲ ပြန်ပေါ်လာ၏။ နုတ်သီးတွင်မူ ငါးနုတ်ကလေးတစ်ကောင်အား ကိုက်ချီ၍သွား၏။ တင်ကြီးငှက်၏အသက်မွေးဝမ်းကြောင်းမှု အတတ်ပညာ .....။
မြစ်၏အရှေ့ဖက်ကမ်းနဖူးတွင် မေးတင်၍ဆောက်ထားသော တဲအိမ်များအား တွေ့ရသည်။ ဘုရားငုတ်တိုရွာ .....။ ဗမာရွာဖြစ်သည်။ အိမ်ခြေက ၂၀-၂၅ ခန့်ပင် ရှိမည်။ ဘုရားငုတ်တိုအား လွန်သော် ..... အနောက်ဖက်ကမ်း၌ တဲအိမ်စုစုများအား တွေ့ရပြန်သည်။ ရေလည်းရွာသစ် .....ဖြစ်သည်။ ရေလည်းရွာသစ်က ရှမ်းရွာဖြစ်သည်။ ဘုရားငုတ်တိုနှင့်မူ ဓါးလွယ်ခုတ် ......။ ရေလည်းရွာကြီးက ကမ်းနဖူးဘေးတွင် မဟုတ် ....။ အတွင်းပိုင်းတွင်ရှိသည်။ အိမ်ခြေ ၁၀၀-ခန့်ရှိသည်။ စက်လှေက ရေလယ်ရွာ ၀ါးဖောင်တန်းများတွင် မရပ် ....။ ရေလည်းရွာကြီးအား လွန်လျှင် ..... အရှေ့၌ ၀ဲဇလ်ီသို့ရောက်ပြီ။ ရေလည်းနှင့် ၀ဲဇလီက မီနစ် ၂၀-ခန့် စက်လှေနှင့်စုန်ဆင်းရ၏။ နေက ကမ်းပါးရှိ ကွမ်းသီးပင်များ၏အကြား မှ ခေါင်းပြူ၍ နေလေပြီ။ ၀ဲဇလီတွင် ကျနော်တို့ ဆင်းကြမည်။ ကျနော်တို့၏ခရီးက ၀ဲဇလီအထိပင်။ ၀ဲဇလီအား လွန်လျှင်..... ကြာအင်းဆိပ်ကြီးသို့ရောက်ပြီ။ ၀ဲဇလီနှင့်ကြာအင်းဆိပ်ကြီးခရီးက မီနစ် ၃၀-ခန့်ပင်ရှိမည်။ ၀ဲဇလီလှေဆိပ် ၀ါးဖောင်ဆီသို့ လှေဦးက ထိုး၍ကပ်လိုက်သည်။ လှေကြိုးအား ၀ါးဖောင်တွင်ချည်လိုက်၏။ စက်လှေက ၀ဲဇလီဆိပ်၌ စက်သတ်၍ရပ်လိုက်ပြီ .....။ မြစ်ရေတို့ကမူ စီးဆင်း၍နေဆဲ ....။ သူ့ကြောပေါ်မှ ကျနော်တို့ ဆင်းသွားသည်ကိုပင် ဇမိက သတိပြုမိဟန် မတူ .....။ စဉ်ဆက်မပြတ် ..... စီးဆင်း၍သာ သွား၏။ မကြာမီ ..... ကြာအင်းဆိပ်ကြီးသို့ရောက်မည်။ ထိုနောက် .... ချောင်းနှစ်ခွ၌ ၀င်းယော်ချောင်းနှင့် ပေါင်းဆုံမည်။ ပြီးလျှင် .... အတ္တရံမြစ်အဖြစ်နှင့် သံလွင်တွင်းသို့ တိုးဝင်၍သွားကြမည်။ ဇမိမြစ်ရေတို့က စီးဆင်းမြဲ....။ ဖောင်ပေါ်မှတဆင့် ကမ်းပါးပေါ်သို့ တတ်ခဲ့၏။ ၀ဲဇလီရွာသို့ ....။
ကျနော်တို့ခရီးကား ..... ၀ဲဇလီမှ တောင်ပေါက်သို့ .....။ ခြေလျင်သွားရမည်။ လှည်းလမ်းကြောင်းအတိုင်း....။ လယ်ကွင်းများအား ဖြတ်ရမည်။ ကြက်ပေါင်စေးခြံများအတွင်းမှ သွားရမည်။ ၃-နာရီခန့် ခရီး......။ ကျနော်တို့ ၀ဲဇလီရွာမှ ထွက်ခဲ့၏။ နေလုံးကြီးအား ကျောပိုး၍ .....။

၂၀၀၈ခုနှစ် ဖေဖော်ဝါရီလ၌ မစ္ဇျိမတွင် ဖော်ပြခဲ့သည်။