Friday, April 10, 2009

“ယွန်းစလင်း……..”

(ရွှေအိမ်စည်)

(က)
တန်ခူးလေသည် မိုးမခပင်များအတွင်း တိုးဝင်ပွတ်တိုက်၍ ရွက်ဝါ၀ါတို့အားချွှေနေ၏။ မိုးမခရွက်ကြွေတို့က သောင်ပြင် သဲဖြူပွင့်တို့အထက်၌ ဟိုသည်လွင့်ပါး၍နေသည်။ ကမ်းပါးစောက်အောက်ခြေ၌ ကပ်၍ပေါက်နေသည့် မိုးမခပင်အုပ်အုပ်များက ကမ်းပါးနှင့် သောင်ပြင်အား စည်းသား၍ ထားပေး၏။ တန်ခူး၊ကဆုန်လများ၌ ယွန်းစလင်းမြစ်ရေပြင်သည် ကျဉ်း၏။ မြစ်အလယ် ရေစီးကြောင်းအကျယ်သည် ကိုက်၅၀-မျှပင် မကျယ်တော့......။ သဲသောင်ပြင်တို့က ကမ်းပါးနှင့် ရေပြင်အကြား၌ ဖြူလွှလွှ ရင်ပြင်ဖြူ တစ်ခုသို့…..။ နေရောင်အောက်၌ သဲပွင့်တို့သည် တလက်လက်……။
ကမ်းပါးထက်မှ ကျနော်တို့ ဆင်းလိုက်ကြ၏။ ကမ်းပါးက မြေသားကမ်ပါး…..။ မိုးမခပင်အုပ်အုပ်များသည်သာ ဤနေရာတွင် အရိပ်ရစေ၏။ မိုးမခပင်အောက်၌ ကျနော်တို့ နားကြ၏။ မြစ်ပြင်အားဖြတ်တိုက်လာသည့်အတွက် ….တန်ခူးလေသည် အေးမြမှုအားပေး၏။ မွန်းမတည့်သေးသော်လည်း အပူရှိန်က ပြင်းသည်။ သဲပွင့်သောင်ပြင်သည် နေရောင်ကြောင့် အလင်းပြန်ကာ….. အမြင်တွင်ကျိန်းရှနေ၏။

(ခ)
ကျနော်တို့အဖွဲ့အား ခရီးစဉ်တလျှောက်၌ တာဝန်ယူခေါ်ဆောင်လာသည့် ဗိုလ်အောင်နိုင်သည် လမ်းလျှောက်စကားပြောစက်နှင့် ဆက်သွယ်၍စကားပြောနေသည်။ ဗိုလ်အောင်နိုင်က KNU တပ်မဟာ (၁) တပ်မဟာဆက်သွယ်ရေးတပ်စွယ်မှ ဖြစ်သည်။ သူလည်း မာနယ်ပလောသို့ သွားမည်။ ကျနော်တို့အဖွဲ့၌ ကျနော်တို့အပြင် “ထူးဝါးလူ” ဆေးရုံမှ ဆရာမနှစ်ဦးနှင့် “ဖွေးဘောလူ” အထက်တန်းကျောင်းတွင် ကျောင်းသွားတတ်မည့် ကျောင်းသူကျောင်းသား ဆယ်ယောက်ခန့်လည်းပါကြသည်။ အားလုံးမိုးမခပင်များအောက်၌ နားနေကြ၏။ ကျောင်းသူလေးများက တွတ်ထိုး၍နေကြသည်။ ကရင်လိုပြောခြင်းဖြစ်သဖြင့် နားမလည်……။ “ပရောကျိုးဖိုး”….. “ပရောကျိုးဖိုး” ….ဟူ၍ မကြာ ….မကြာ ကြားရသဖြင့် ကျနော်တို့ အကြောင်းပြောနေခြင်းဖြစ်မည်ဟု အကဲဖမ်းမိ၏။ ပရောကျိုးဖိုးဟူသည်ကား ဗမာလို “မြန်မာကျောင်းသား” ဟူ၍ဖြစ်သည်။
ကျနော်တို့ ယွန်းစလင်းမြစ်အား ဖြတ်ကူးကြမည့်နေရာက ကတိုင်တိရွာနှင့်ဆင်စွယ်ရွာအကြားမှဖြစ်သည်။ ကတိုင်တိရွာနှင့်ဆင်စွယ်ရွာက ကမမောင်း၊ ဖာပွန်ကားလမ်းနှင့် ယွန်းစလင်းမြစ်အကြား၌ ရှိသည်။ ထိုနေရာ၌ ကားလမ်းနှင့်မြစ်က မျဉ်းပြိုင်…..။ ပြိုင်လျက်ယှဉ်၍နေသည်။ ဆင်စွယ်ရွာ၏ အရှေ့ဖက်တွင်မူ ဒေါမွဲရွာရှိသည်။ ဒေါမွဲရွာက ယွန်းစလင်းမြစ်၏ အရှေ့ဖက်ကမ်း၌ရှိသည်။ ယခင်က အိမ်ခြေ ၅၀-ခန့်ရှိခဲ့သည့်ရွာ ……။ ယခုမူ ရွာပျက်ဖြစ်၍နေပြီ…..။ ဒေါမွဲရွာပျက်တွင် နအဖစစ်တပ်မှ စစ်စခန်းထိုင်၏။ နည်းဗျူဟာ ၃၃၁-လက်အောက်ခံ တပ်ရင်း ခလရ (၇၆)မှ ဒု-ဗိုလ်မှူးကြီး အောင်ကြည်က စခန်းမှူး( ယခု နအဖမှ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေးရန် ဆက်သွယ်ရေးအရာရှိအဖြစ် ခန့်အပ်ထားသူ) ဒေါမွဲရွာလယ်ရှိ ဘုန်းတော်ကြီးကျောင်းက ခလရ (၇၆) စစ်ကြောင်း(၁)၏ စစ်ကြောင်းရုံး။ ဗိုလ်မှူးအောင်ကြည်တို့ ရောက်ပြီးနောက် ဒေါမွဲရွာလည်းပျက်၏။ ဒေါမွဲရွာ၏အရှေ့တောင်ဖက်ရှိ မဲညောရွာလည်းပျက်၏။
ကျနော်တို့ကူးမည့်နေရာက မြစ်ဆိပ်မဟုတ်သည့်အတွက် ကူးတို့လှေမရှိ…..။မြစ်ရေက လူတစ်ရပ်မမှီ….။ ရေစီးက ၀ါးလုံးထိုးစီးခြင်းမဟုတ်သော်လည်း ဖြည်းဖြည်းညင်ညင်လည်းမဟုတ် …..။ရေကူးတတ်သူများအဖို့မူ မျော၍ ကူးလျှင်တော့ရမည်။ ကျနော်တို့အထဲ၌ ရေမကူးတတ်သည့်သူများလည်းပါသလို အမျိုးသမီးငယ်များလည်း ပါသည်ဖြစ်၍ မြစ်ဖြတ်ကူးရန်မှ အခက်တွေ့နေရ၏။
ခဏအကြာတွင် ဗိုလ်အောင်နိုင်တပ်ဖွဲ့မှ ရဲဘော်လေးတစ်ဦးက ၀ါးဖောင်တစ်ခုအား ရှာတွေ့ခဲ့၍ ယွန်းစလင်းမြစ်အား ကျနော်တို့ ဖောင်နှင့် ကူးကြရတော့၏။ ကျောပိုးအိတ်များအား ဖောင်ပေါ်သို့ တင်ပြီး ရေမကူးတတ်သည့်သူများက ၀ါးဖောင်အား ကိုင်၍ ကူးကြ၏။ ရေကူးတတ်သည့်သူများကမူ အလွတ်ကူးကြ၏။
အခေါက်ခေါက်အခါအခါ……..။

(ဂ)
ကမ်းပါးထက်သို့ တတ်လိုက်သည်နှင့် တောထနေသော ပိစပ်တောကြီးအားတွေ့ရသည်။ လူတစ်ရပ်ခန့်ရှိမည်။ လူသွားလမ်းမရှိ။ ပိစပ်တောအတွင်းမှပင် တိုးဝှေ့၍သွားရသည်။ ယခင်ကမူ ဤနေရာသည် လယ်မြေများဖြစ်ခဲ့မည်ဖြစ်သည်။ လယ်မလုပ်သည်မှာကြာ၍ လယ်ကွက်များအတွင်း ပိစပ်ပင်များ တောထ၍နေခြင်းဖြစ်မည်။ တစ်တီတူးငှက်မောင်နှံသည် ကျနော်တို့အား တွေ့ပြီး လန့်၍အော်မြည်၏။ ကျနော်တို့ လူတန်းကြီး၏ အရှေ့မှအနောက် ၀ဲပျံရင်း အော်နေသည်မှာမရပ်တော့ ……။
ယွန်းစလင်းမြစ်ကမ်းပါးမှ ၃-နာရီခန့်လျှောက်ခဲ့ပြီးသည့်နောက် “မဲညော်” ရွာသို့ရောက်၏။ မဲညော်ရွာက ရွာပျက်…..။ ကျနော်တို့ မဲညော်ရွာသို့ မ၀င် ၊ ရွာအား ကွင်း၍ အရှေ့ဖက်သို့ ထွက်ခဲ့၏။ မဲညော်ခီး တောင်တန်းများပေါ်မှ စီးဆင်းလာသည့် မဲညော်ချောင်းငယ်သည် မဲညော်ရွာအား အရှေ့မှ အနောက်မြောက်ဖက်သို့ ကွေ့ပတ်၍ ရစ်သိုင်းထားသည်။ ချောင်းရေက အေးစက်၍နေသည်။ ရေက ပေါင်လယ်ခန့်သာ နက်မည်။ ကျောက်တုံးများနှင့် ချောနေသည်ဖြစ်၍ ကူးရသည်မှာ လဲမကျစေရန် သတိထားသွားရသည်။ ချောင်းတစ်ဖက်၌မူ ကွမ်းသီးပင်များ ……။ ကွမ်းသီးပင်များက ရာနှင့်ချီ၍ ရှိလိမ့်မည်။ ချောင်းဘေးကွမ်းသီးခြံအတွင်း၌ပင် ကျနော်တို့ ညအိပ်ကြမည်။ ချောင်းရိုးနဘေးတစ်လျှောက် ကွမ်းသီးခြံအတွင်း စီ၍ ကျနော်တို့ နေရာယူကြ၏။ ကျနော်တို့က ရန်သူ့ စစ်စခန်း၃-ခု၏ဖိုခနောက်အလယ်တွင် ရောက်နေသည်။
ဒေါမွဲ၊ ကတိုင်တိ၊ သာလွန်……။ သာလွန်စခန်းက နည်းဗျူဟာ ၃၃၁-ထိုင်သည့်စခန်းကြီး ….။ ဗျူဟာမှူးက ဗိုလ်မှူးကြီး သောင်းဝေ( ယခု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်) ကတိုင်တိကမူ ယွန်းစလင်းမြစ်၏ အနောက်ဖက်ကမ်းတွင်ရှိ၍ စိုးရိမ်ဖွယ်မရှိ…..။
နေ၀င်သွားသည်နှင့် အမှောင်ထုသည် ကွမ်းသီးခြံအတွင်းသို့ ပြိုဆင်း၍ကျလာသည်။ ဘုတ်အီသံတို့က တဖြည်းဖြည်းတိုး၍ တိုး၍ သွားလေပြီ…..။
ပုခက်ပေါ်၌လှဲရင်း လှိုင်းတိုလေဒီယိုလေးအား ဖွင့်၍နားထောင်၏။ တိုးတိုးညှင်းညှင်း …..။ တိုးညှင်းသော်လည်း ဦးလေးကြီး ဦးဖေသန်းနှင့် ဒေါ်တင်ထားဆွေတို့၏ သတင်းကြေငြာသံက ပီပီသသ…..။ ကြည်ကြည်လင်လင်…..။
ဗိုလ်ချုပ်မောင်လှ၏ ကရင်ပြည်နယ်ထိုးစစ်အား ရပ်စဲလိုက်ကြောင်း စစ်အုပ်စု၏ ကြေငြာချက်အား မှီ၍ ဒေါ်တင်ထားဆွေက ကြေငြာသွား၏။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးအတွက် ထိုးစစ်အား ရပ်ဆိုင်းလိုက်ရသည်ဟုလည်း စစ်အုပ်စုက ဆို၏။ အမှောင်ထဲ၌ ကျနော်ပြုံးမိ၏။ “ခွေးအိပ်တောင်” အား သိမ်းပိုက်ရပြီးခါစ၌ စစ်သွေးကြွနေသော စစ်ဘီးလူးတို့၏ မာန်ဖီသံအား ပြန်၍ကြားယောင်မိသည်။
မာနယ်ပလောမှာ သင်္ကြန်ကျမယ်……။
ကရင်မတွေကို ယူကြ…….။
ရိုင်းပြစွာပြောခဲ့သည့် ဗိုလ်ချုပ်မောင်လှ၏ စကားသံများက ရက်ပေါင်း ၄၀-ပင် မပြည့်သေး……။
ထိုစဉ်က “ခွေးအိပ်တောင်”ရလျှင် မာနယ်ပလောကိုရပြီ……။ ဤသို့ထင်ခဲ့ကြ၏။ သို့သော် ထင်သလိုမဖြစ်ခဲ့……..။
အလောင်းများ အခေါင်းအတွင်း သွတ်၍သာ မင်္ဂလာဒုံသို့ အခါအခါအလီအလီ ပြန်ပို့ခဲ့ရ၏။ တပ်တွေက အမိန့်ပေး၍မရတော့……။
နော်တ စစ်မျက်နှာတွင်လည်း တိုး၍မနိုင်…..။ မဲညော်ခီးစစ်မျက်နှာတွင်လည်း ရှေ့တတ်မရ……။
အင်ဖားလမ်းမပေါ်၌ အပြိုပြိုအလဲလဲနှင့် ဆုတ်ပြေးရင်း ကြွေးကြော်နေသည့် ဆင်းမလားပြေး ဗြိတိသျှတို့၏ ပြောခဲ့သည့်အသံအား အမှတ်ရ၏။
“အောင်မြင်စွာ ဆုတ်ခွာခြင်း ….”
အမှောင်ထဲ၌ ကျနော်ပြုံးမိပြန်၏။

၂၀၀၈ခုနှစ် မတ်လ၌ Mizzima တွင်ဖော်ပြခဲ့သည်။

No comments:

Post a Comment