Thursday, April 9, 2009

အပြုံးနှုတ်သိမ်းခံထားရသော မိုနာလီဇာ ပန်းချီကား

(ရွှေအိမ်စည်)

(က)
ဒီဇင်ဘာ (၁၅)ရက်….
၁၉၉၄ ခုနှစ်။
နေ၀န်းနီနီသည် ရဟန်းပျိုသမဂကုန်းတော်ပေါ်မှ နေ၍ ခေါင်းပြူ၍ ကြည့်၏။ မယ်တုကွီချောင်းငယ်အားတွေ့မည်။ သောင်းရင်းအားမြင်မည်။ သံလွင်အား တွေ့မည်။ ပြီးလျှင် …..သောင်းရင်းနှင့်သံလွင်တို့ပေါင်းဆုံရာ မြစ်ဆုံ……သုမွဲထအားတွေ့မည်။ နီရွမ်းသော ပတ္တမြားသွေးရည်တို့၏ အောက်၌ …..မယ်တုကွီသည်၊ သောင်းရင်းသည်၊ သံလွင်သည်၊သုမွဲထသည် ရဲရဲနီနေပေလိမ့်မည်။ မြူနှင်းဖြူတို့က အနီရောင်အသွေးအောက်၌ အရောင်တမျိုးမှတမျိုး…..အမျိုးမျိုးပြောင်း၍နေတော့သည်။ သောင်းရင်းနှင့်သံလွင်ကား အငွေ့ပျံနေသော ရေငွေ့တို့နှင့် နွေးထွေးနေဆဲ……။
`နော်တ`တောင်တန်းကြီးသည် မြူပင်လယ်အတွင်း မြုပ်၍နေသည်။ အုပ်စုဖွဲ့ရွေ့လျားနေသော မြူနှင်းဖွဲ့တို့က အိပ်တန်းပြန်နောက်ကျသည့် ငှက်ငယ်များသဖွယ် …ခိုနားရာရှာမတွေ့ဖြစ်နေကြသည်။
နေလာ နှင်းပျောက်…..။
တစ်ညလုံး သော့ရမ်းခဲ့သော မြောက်လေသည် နံနက်ဦးတွင် ငြိမ်ချက်သားကောင်းနေ၏ ကျွန်းရွက်ဖားဖားကားကားကြီးများက နှင်းရည်ဝပြီး ရွဲအိ၍နေသည်။ နှင်းသီးတို့ကား ၀ါးရွက်ချွန်မြမြတို့၌ ခိုသီ၍ ရီလေးခိုနေကြ၏။
ရွက်ဖျားနှင်း……။
`မယ်တုကွီ`ချောင်းဖျားဖက်ဆီမှ ဂျီဟောက်သံအားကြားရ၏။ သဲ့သဲ့…..။ ဒေါ်အောင်ဆန်းစုကြည်လမ်းထိပ်ဆီမှ ဖြတ်မောင်းသွားသော ကားသံအား ကြားရ၏။ သောင်းရင်းအတွင်း စက်လှေသံသည် တိတ်၍နေသည်။ ယခင်နံနက်ခင်းများတွင်မူ သောင်းရင်းသည် စုန်ဆန်သန်းနေကြသည့် စက်လှေသံတို့နှင့် သက်ဝင်၍နေပြီ…..။
အလံတိုင်အရှေ့တွင် ရဲဘော်တစ်ဦး နံနက်ခင်းအလံတော်အား တင်နေ၏။ ကြယ်ဖြူကြီး နှင့် ခွပ်ဒေါင်းအလံတော်သည် တရွေ့ရွေ့နှင့် တိုင်ဖျားဆီသို့…..။ မြောက်လေသွေးသဖြင့် အလံတိုင်ထိပ်ဖျားမှ ဒေါင်းအလံနီသည် ၀ဲ၊ယာ လှုပ်ယမ်း၍နေသည်။ ဒေါင်းအလံအောက်မှ ဒေါ်အောင်ဆန်းစုကြည်လမ်းသွယ်က နံနက်ဦး၌ ငြိမ်ငြိမ်သက်သက်……။ ယခင်ကမူ …..လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ရဲဘော်အချို့ဤလမ်းသွယ်မှ ဖြတ်လျှောက်၍ `ထူးရာစိုး`ကော်ဖီဆိုင်လေးသို့ သွားကြမည်။ ဆရာတော်အရှင်ခေမာစာရသည် ကျောင်းတော်ဝင်းမှထွက်၍… လမ်းသွယ်အတိုင်းလျှောက်ခါ DAB ကုန်းဆီသို့ ကြွချီမည်။ ယခုမူ ….ဒေါ်အောင်ဆန်းစုကြည်လမ်းသွယ်က နံနက်ဦး၌သက်ငြိမ်……။
လင်းအားကြီးအချိန်မှစ၍ ပစ်ခတ်နေခဲ့သော လက်နက်ကြီးသံသည် ကျဲ၍….ကျဲ၍လာသည်။ `သုမွဲထ`သည် `လောကွားလူ`၏ ပစ်ခတ်မှုအောက်၌ ၀ပ်စင်း၍ သွားပြီလား…..။ လက်နက်ငယ်သံမကြားရ၍ သုမွဲထသည် ပုန်ကန်သူတို့၏လက်တွင်ပဲလား…..။ `လား`…..ပေါင်းများစွာနှင့် အတွေးတို့ကား အဆုံးမသတ်…..။

(ခ)
သတင်းများဝင်လာ၏။
သုမွဲထမှ ပုန်ကန်သူတို့ ဆုတ်သွားကြပြီ။ အချို့က ….မြိုင်ကြီးငူသို့ ဆုတ်ကြ၏။ အချို့က …..`မဲညောခီး`တောင်တန်းများဆီသို့ …..။ ပုန်ကန်သူတို့က အရှင်သံဝရ ကိုယ်တော်အား မြိုင်ကြီးငူသို့ဖမ်းသွားပြီ။ ဘာလို့ဖမ်းတာလဲ….။
အရှင်သံဝရက KNU မှ မဟုတ်……။ ရှစ်လေးလုံးအရေးတော်ပုံတွင် တတ်တတ်ကြွကြွပါဝင်ခဲ့သည့် ကိုယ်တော်…..။ မွန်ပြည်နယ်၊ ဘီးလင်းကဖြစ်သည်။ သူ့ကျောင်းတွင် သပိတ်စခန်းဖွင့်၏။ စစ်တပ်က အာဏာသိမ်းပြီး သပိတ်စခန်းအား ၀င်သိမ်းသည့်အခါ၌ ကိုယ်တော်သည်လည်း သပိတ်မှောက်ကျောင်းသားတို့နှင့်အတူ တောခိုခဲ့၏။ မဲလထသို့ရောက်သည်။ လူဝတ်လဲပြီး ABSDF သို့လည်းမ၀င်။ သံဃာတစ်ပါးအနေနှင့် ရဟန်းပျိုများသမဂတွင်လည်း ပါဝင်မှုမရှိ….။`သေ့လောထ` တွင် ကျောင်းသင်္ခန်းဆောက်၍ သတင်းသုံး၏။ ရဲဘော်၊ရဲဘက်ကျောင်းသားတို့၏ သာရေး၊နာရေး…..သာသနာ့အရေးတို့ဆောင်ရွက်ရင်းသီတင်းသုံးသည့်ကိုယ်တော်…..။ ABSDFက ကိုယ်တော်၏ပစ္စည်းလေးပါးဒကာများ…..။နိုင်ငံရေးအရောင်အသွေးမရှိ။ အဖွဲ့အစည်းစွဲမရှိ။ ဤသို့သော…..ကိုယ်တော်အား ဦးသုဇနသည် ဘာအတွက် ဖမ်းရသနည်း…..။
အခြေအနေက …..အရာရာအား ကြောင်းကျိုးဆက်စပ်စဉ်းစားအဖြေထုတ်၍ မရနိုင်သော အခြေအနေ…..။
ဖြစ်နိုင်သည်များလည်း …..မဖြစ်နိုင်။ မဖြစ်နိုင်သည်များလည်း ဖြစ်နေသည့်အချိန်ကာလ……။
သုမွဲထမြစ်ဆုံအား KNU မှ ပြန်၍ ထိန်းချုပ်နိုင်လိုက်ပြီ။ ရေလမ်းခရီး ပြန်ပွင့်ပြီ။ သံလွင်အတိုင်း ဆန်တတ်၍ရပြီ။ ကျနော်တို့အဖွဲ့၏အလယ်ပိုင်းတိုင်း ခမောက်တောင် စခန်းက သုမွဲထ၏အထက် သံလွင်ကမ်းနံဘေးတွင်ရှိသည်။ ABSDF `ဒေါင်းဂွင်`ဗဟိုနှင့်ကပ်လျက်…..။ `သုမွဲထ`အား ပုန်ကန်သူတို့ ထိမ်းသိမ်းထားစဉ်အခါက `ခမောက်တောင်`နှင့် အဆက်အသွယ်ပျက်နေခဲ့ရသည်။
`ဒေါင်းဂွင်`အခြေအနေကရော ဘယ်လိုလဲ….။ သုမွဲထနှင့်နီးသည့် ABSDF တပ်ရင်းအချို့က ….ထိုင်းဖက်ကမ်းရှိ မဲပေါ်မူထသို့ ရွှေ့ပြောင်းထားခဲ့ကြရသည်။
(ဂ)
ရေဒီယိုကြားဖြတ်သတင်းများအရ….. နအဖတပ်များ၏လှုပ်ရှားမှုအား သိရသည်။ ကမမောင်းရှိ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး သန်းအောင်အား ပြန်ခေါ်ပြီး တပ်မ (၃၃) ဒုတပ်မမှူးကိုယ်တိုင် ကမမောင်းတွင် လာထိုင်၏။ တပ်မ (၃၃)၏ ဒုတပ်မမှူးက ဗိုလ်မှူးကြီး သီဟသူရတင်အောင်မြင့်ဦး။ ကမမောင်းနှင့် မြိုင်ကြီးငူက သံလွင်၏ ဟိုဘက်ကမ်း….ဒီဘက်ကမ်း….။ နီးသည်။ ကမမောင်းတွင် တာဝန်ကျသည့် နအဖဗျူဟာမှူးတိုင်းသည်လည်း မြိုင်ကြီးငူမှ ဦးသုဇနနှင့် အနေနီးကြသည်သာ…..။
တပ်မ (၂၂)မှ တပ်ရင်းနှစ်ရင်းနှင့်နည်းဗျူဟာတစ်ခု လေးကေ၊ ဖာပွန်လမ်းပိုင်းသို့ထပ်ဝင်လာပြီး ကျသောင်းဆိပ်တွင် ထိုင်၏။ ဗျူဟာမှူးက ဗိုလ်မှူးကြီး စိန်ဝင်းအောင်…..။ ယခင်ကတည်းက `၀င်းတပ`တွင် ဗိုလ်မှူးကြီးလွန်းမောင်၏ နည်းဗျူဟာတစ်ခုရှိပြီး လေးကေတွင်မူ ဗိုလ်မှူးကြီး သောင်းဝေ၏ဗျူဟာတစ်ခုနှင့်ပေါင်းလိုက်ပါက ထိုလမ်းပိုင်းတွင် နည်းဗျူဟာ ၃-ခုရှိနေ၏။ ဤလမ်းပိုင်းက မာနယ်ပလောသို့ စစ်ချီရာ လမ်းပိုင်း…..။

(ဃ)
ဒီဇင်ဘာ (၂၁)ရက်…..
၁၉၉၄ ခုနှစ်။
သုမွဲထမှ ဆုတ်ခွာလာကြသည့် ပုန်ကန်သူတို့ မြိုင်ကြီးငူတွင် စုဝေးကြ၏။ KNLA ရင်း ၂၀၊ ရင်း ၁၀၄ နှင့် တပ်မဟာ (၁)မှ ပုန်ကန်သူအချို့…..။ ဦးသုဇန၏ကျောင်းတွင်ပင် ဆွေးနွေးကြပြီး …..တိုးတတ်သော ဗုဒ္ဒဘာသာကရင်အမျိုးသားများ အစည်းအရုံးအား ဖွဲ့စည်းလိုက်ကြ၏။ အင်္ဂလိပ်လိုက …..Democratic Kayin Buddhist Association ဟူ၍ဖြစ်သည်။ နယကကြီးက ဦးသုဇနပင် ….။
ဥက္ကဌက KNUသထုံခရိုင်မှ မြို့နယ်ဥက္ကဌတစ်ဦးဖြစ်ခဲ့သည့် ဖဒိုသာထူးကျော်…..။ DKBA လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူး ရွာဟေ့ အား ခန့်အပ်ခဲ့ကြ၏။ ဗိုလ်မှူး ရွာဟေ့က တပ်မဟာ (၁)မှ KNDO တပ်ရင်းမှူး…..။
ဗိုလ်မှူးရွာဟေ့လို လူမျိုးက …….လေဘယ်ဘက်ကတိုက်နေသည်ကို သိပြီး ကိုယ်ကျိုးစီးပွားရှာတတ်သည့်သူမျိုးတော့မဟုတ်…..။ ငါ့ရွာ၊ ငါ့ဆွေမျိုး၊ ငါ့လူမျိုးတွေအပေါ် ဗမာစစ်သားများက မတရားပြုလုပ်ကြသည်။ ဤသူတို့အား တော်လှန်ရမည်။ ပြန်၍တိုက်ရမည်။ ဤအသိမျှနှင့်ပင် ကရင့်တော်လှန်ရေးအတွင်းသို့ ရောက်ခဲ့သည့်သူ…..။
တော်လှန်ရေးအတွင်း၌လည်း တော်လှန်ရေးအား အလုပ်အကိုင်တစ်ခုပမာ ….၊တာဝန်တစ်ရပ်ပမာ…. လုပ်ကိုင်နေခဲ့ခြင်းနှင့် နှစ်ပေါင်းလေးဆယ်ကြာခဲ့ခြင်းဖြစ်သည်။ ဤသို့နှင့် KNDO တပ်ရင်းမှူးဖြစ်လာခဲ့ခြင်းသာ…..။ နိုင်ငံရေးမသိ…..။ အတန်းပညာမရှိ….။ ကရင့်အမျိုးသားရေးဝါဒဟူသည်ကိုပင် လေ၀မ်းကွဲအောင် သိသူမဟုတ်…..။မျက်ကန်းလက်နက်ကိုင် တော်လှန်ရေးသမားတစ်ဦးမျှသာ …..။ ထိုထက်မပို…..။ သူကား ……ဗေဒင်နက္ခကိုလည်းယုံသည်။ ယုံကြည်မှုက ဗုဒ္ဒ၏ တရားဒေသနာကဲ့သို့ ယုံကြည်ခြင်းမျိုး…..။ စစ်ကြောင်းထွက်လျှင် ……သူတတ်ထားသည့် ဗေဒင်နက္ခနည်းနှင့် တွက်ချက်၏။ ပြီးလျှင် ……နဂါးခေါင်းဘယ်အရပ်သို့လှည့်သဖြင့် ဘယ်အရပ်သို့ထွက် ….။ ဤသို့စစ်ကြောင်းအား ချီစေ၏။ အရှေ့အရပ်မှလာသော ရန်သူအားတိုက်လျှင် …..မြစ်ချောင်းအနားမှ စောင့်၍မတိုက်ရ…။ဤသို့စစ်တိုက်သော တပ်မှူး…..။ သူ့တွင်… အဆောင်လက်ဖွဲ့များက လွယ်အိတ်နှင့်တစ်လုံးရှိသည်။ လက်တွင်လည်း အဆောင်လက်စွပ်များ ၀တ်ထားသည်မှာ လက်ချောင်းတိုင်း၌……။ ချိုးမတေ…..၊ မိုးကြိုးသွား….၊ ၀က်စွယ်ပိတ်…..အားလုံးသူတွင်ရှိသည်။
ဤသို့သော လူမျိုးအား ….. ဦးသုဇနအနေနှင့် သူ့အပေါ်ယုံကြည်မှုတည်ဆောက်ရသည်မှာ မခက်ခဲ……။ စည်းရုံးရ လွယ်သည်။

(င)
နအဖသည် ၁၉၉၄ ပွင့်လင်းရာသီတွင် မာနယ်ပလောအား ထိုးစစ်ဆင်ရန် အစီအစဉ်မရှိ…..။ ဖာပွန်ရိက္ခာပို့ရေးအတွက်သာ ပြင်ဆင်လုပ်ဆောင်နေခဲ့၏။ ၉၁ ခုနှစ် …..သံလျက်စစ်ဆင်ရေးနှင့် တပ်လှန်ခဲ့ပြီးနောက် မာနယ်ပလောအားတိုက်ရန် ရွံ့နေပုံရသည်။
အမျိုးသားညီလာခံအား ခေါ်ယူပြီး ပြည်တွင်းနိုင်ငံရေးမျက်နှာစာတွင်သာ ဖိ၍လုပ်နေခဲ့ကြသည်။
သုမွဲထမှ ဆုတ်ခွာခဲ့ကြပြီး မြိုင်ကြီးငူသို့ရောက်သည်နှင့် ဦးသုဇနသည် ကမမောင်းသို့ကူးပြီး ဒုတပ်မမှူး ဗိုလ်မှူးကြီး သီဟသူရတင်အောင်မြင့်ဦးနှင့် သွားတွေ့မည်။ တွေ့ပြီးနောက် …..DKBA ဖြစ်လာမည်။ ဤတွင် …..နအဖသည် မာနယ်ပလောထိုးစစ်အား ဆင်နွှဲရန် အပူတပြင်း စီစဉ်တော့သည်။
ပြည်တပ်မ (၆၆)အား တပ်မတစ်ခုလုံး ခွေးအိပ်တောင်ခြေသို့ပို့၏။ ခွေးအိပ်တောင်ခြေရှိ `သာလွန်`တွင် တပ်မတစ်ခုလုံး အခြေပြုသည်။ တပ်မမှူးက ဗိုလ်ချုပ်ညွှန့်တင်……။ ထိုစဉ်က ရွှေမန်းသည် ….. တပ်မ (၆၆)တွင် ဗျူဟာမှူး ဗိုလ်မှူးကြီး သူရရွှေမန်း……။ သူရရွှေမန်းက သံလွင်အားကူးပြီး ဆင်ဖြူတောင်မှတဆင့် မာနယ်ပလောသို့ဝင်သည်။ ခွေးအိပ်တောင်ထိပ်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် က.က.သံ ညွှန်ကြားရေးမှူးတို့က အခြေပြုပြီး ထိုးစစ်အား ကွပ်ကဲ၏။
`နောတ`စစ်မျက်နှာသို့… စစ်ကိုင်းတပ်မ (၃၃)တစ်မလုံးဝင်၏။
`မဲညောခီး`ကျသည်။ `ဆင်ဖြူတောင်`ကျသည်။ `နောတ`ကျသည်။ `ထီးသခီး`ကျသည် ……။ …….။ ……..။ …….။

(စ)
မာနယ်ပလောသည် ခရစ်စမတ်အား တိတ်ဆိတ်ငြိမ်သက်စွာနှင့် ကုန်လွန်ခဲ့၏။ ဓမ္မတေးသံတို့နှင့် မဝေစည်……။Happy New Year က ……အပြုံးနှုတ်သိမ်းခြင်းခံထားရသော မိုနာလီဇာ ပန်းချီကားတစ်ချပ်ပမာ…….။

၂၀၀၈ခုနှစ် ဒီဇင်ဘာ၌ မစ္ဇျိမတွင်ဖော်ပြခဲ့သည်။

No comments:

Post a Comment