Friday, April 10, 2009

ပင်လယ်ရှာတွေ့သွားသော သံလွင်

(ရွှေအိမ်စည်)

(က)
ထိုစဉ်က .... စောဘအေးသည် KNLAတပ်ရင်း (၂၀)တွင် ဗိုလ်ကြီးအဆင့်နှင့်ဖြစ်ပြီး မဲလထ အကောက်ဂိတ်တွင် ဂိတ်မှူးအဖြစ် တာဝန်ယူလျက်ရှိသည်။
ကျနော်နှင့် `စ´တွေ့သည့်အချိန်၌ သူ့အသက်သည် လေးဆယ်စွန်းရုံမျှ ရှိပြီ....။ အသားဖြူဖြူ တောင့်တောင့်ခိုင်ခိုင် ခန္ဒာကိုယ်နှင့်ဖြစ်သည်။ သထုံတွင်ကြီးခဲ့သည် ဖြစ်၍ မြန်မာစကားအားရေရေလည်လည် ပြောနိုင်သည်။
သူ့အိမ်က သံလွင်မြစ်အား မျက်နှာမူထား၏။ အိမ်ဟုဆိုသော်လည်း ဈေးဆိုင်နှင့်တွဲ၍ထားခြင်းမျိုးဖြစ်သည်။ ဈေးဆိုင်က အ၀တ်အထည်၊ ဖိနပ်၊ ထီး၊ မိုးကာ၊ ဆေးလိပ်၊ ကွမ်းပေါင်၊ ကွမ်းသီး....စသည့် ထိုင်းနှင့်မြန်မာ ကုန်ပစ္စည်းအမျိုးစုံ ရောင်းသည့်ဆိုင်ဖြစ်သည်။
ငွေလည်း လဲသည်။
သူနှင့်တွေ့တော့ .... သူ့ အိမ်ဆိုင်အား အသစ်ပြန်၍ ဆောက်ပြီးကာစ ဖြစ်သည်။ အချို့အခင်းများသည်ပင် အပြည့်အစုံ မခင်းရသေး။ သူ၏အရင်အိမ်ဆိုင်လေးသည်လည်း မဲလထ စစ်တလင်းတွင် စစ်အုပ်စု ဗုံးဒဏ်အောက်၌ မီးလောင်ခဲ့ရသည်။
ဗိုလ်အောင်နိုင်က ကျနော်တို့အား ဗိုလ်ကြီးဘအေးနှင့် မိတ်ဆက်ပေး၏။ မာနယ်ပလောသို့ သွားရန်အတွက် ဗိုလ်ကြီးဘအေးမှဆက်၍ စီစဉ်ပေးမည်ဖြစ်သည်။
ဗိုလ်ကြီးဘအေးက မာနယ်ပလောသို့ ကြိုးမဲ့ကြေးနန်းနှင့်ဆက်သွယ်၍ ပေးမည်။ မာနယ်ပလောမှ အကြောင်းပြန်ကြားလာသည်အထိ ကျနော်တို့ မဲလထမှ စောင့်ရမည်။ တစ်ရက်နှစ်ရက် ကြာကောင်းကြာလိမ့်မည်။
ကျနော်တို့ မဲလထတွင် နေထိုင်ရေးအတွက် ဒု-အရာခံဗိုလ်ကျော်သန်းအား ဗိုလ်ကြီးဘအေးမှ တာဝန်ပေးသည်။ ဒုအရာခံဗိုလ်ကျော်သန်းသည်လည်း KNLAတပ်ရင်း (၂၀)မှပင်ဖြစ်သည်။
ထိုစဉ်က .... ဒုအရာခံဗိုလ်ကျော်သန်းသည် မဲညောခီးစစ်မျက်နှာ၌ တာဝန်ကျသည့် တပ်ရင်း (၂၀)မှ တပ်ဖွဲ့များအတွက် ရိက္ခာထောက်ပို့ရေးတာဝန်အား မဲလထတွင် ထိုင်၍ ဆောင်ရွက်နေသည်။
ဗိုလ်ကြီးဘအေးနှင့် ဒုအရာခံဗိုလ် ကျော်သန်းတို့ နှစ်ယောက်စလုံး ယခုအခါ ၌ KNUတွင် မရှိတော့ ....။ ၁၉၉၅ ခုနှစ် မြစ်ဆုံအရေး၌ မြိုင်ကြီးငူနှင့်ပေါင်းပြီး DKBAဖွဲ့စည်းရာတွင် သူတို့ ပါဝင်ခဲ့ကြ၏။ ဗိုလ်ကြီးဘအေးက DKBAအတွင်း၌ပင် ကွယ်လွန်ခဲ့ပြီး ကျော်သန်းက DKBAတွင် စစ်ဦးစီးချုပ် ဟူ၍ ဖြစ်နေသည်။
ကျနော်တို့ ဗိုလ်ကြီးဘအေး၏ အိမ်ပေါ်မှ ပြန်ထွက်ခဲ့ကြ၏။ နေလုံးကြီးက မယ်ညောခီးတောင်တန်းများ အကြား ထိုးဆင်း၍သွားလေပြီ။
မဲလထ၏ညနေခင်းသည် ခြောက်သွေ့၍နေ၏။ လေပွေမွှေ့သဖြင့် ပြာမှုန်များ လိပ့်၍ လိပ့်၍ ၀ဲကတော့သဏ္ဍာန်လွှင့်ပျံတတ်သွားသည်။ ပြီးလျှင် .... ပြာမှုန်များက ပြန့်ကျဲ၍ ကျလာကြပြန်၏။

(ခ)
ဒုအရာခံဗိုလ်ကျော်သန်း၏တဲက ဆန်အိပ်များ၊ ငပိပုံးများနှင့်ပြည့်ကျပ်၍နေသည်။ မဲလထဈေးတန်း၌ ဗုံးဒဏ်ကြောင့် မပျက်စီးပဲကျန်ခဲ့သည့် တစ်လုံးတည်းသော တဲဖြစ်သည်။ တဲက မဲလထချောင်းနှင့် သံလွင်မြစ်ဆုံရာ ကြက်လျှာစွန်း၌ ဆောက်ထား၏။ တဲပေါ်မှ ကြည့်လျှင် သံလွင်အားမြင်ရ၏။ တဲ၏နောက်ဖက် ရေကပြင်သည် မဲလထချောင်းကမ်းပါးနှင့် ထိကပ်လျက်ရှိသည်။ ချောင်း၏တစ်ဖက်ကမ်းပါးက ကျောက်တောင်....။ ကျောက်တောင်က ပျဉ်းပြားတစ်ချပ်အား ထောင်ထားသကဲ့သို့ မတ်မတ်.....။ဤသဘာဝအကာအရံကြောင့်ပင် ကျော်သန်း၏တဲသည် လေယာဉ်ဗုံးဒဏ်မှ လွတ်ခဲ့ခြင်းဖြစ်မည်။ တဲ၏၀န်ကျင်း၌ သံပရာ၊ မာလကာ၊ ပိန္နဲ၊ သရက်၊ သဘောင်္ ၊ ပင်ပျိုတို့ စိုက်ထား၏။ ဥယျာဉ်ခြံငယ်လေးတစ်ခုကဲ့သို့ ဖြစ်နေသည်။
ချောင်းငယ်အတွင်း၌ ခရုဖင်ချွန်များကောက်လျှင် ရမည်။ ယက်သဲ့နှင့်ငါးနုတ်လေးများအားသဲ့၍ ရနိုင်မည်။ သို့သော် .... ကျနော်တို့ ချောင်းအတွင်းသို့ ဆင်း၍ မရှာစားရဲ ....။ မဲလထအား ဗုံးကျဲစဉ်က စစ်အုပ်စု၏လေယာဉ်များသည် မဲလထချောင်းအားခွ၍ ဗုံးကျဲခဲ့ကြ၏။ အချို့ဗုံးသီးများက မပေါက်ကွဲပဲ ချောင်းအတွင်း၌ ရှိနေကြသေး၏။ မိုးမကျသေး၍ မျှစ်လည်းချိုး၍ မရသေး.....။ ဤတွင် ကျနော်တို့၏ နေ့စဉ်ဟင်းလျာက .... ငပိနှင့်သဘောင်္သီးပြုတ် ....။ ငပိအား အမျိုးမျိုးလုပ်စားကြ၏။ မီးဖုတ်၍ထောင်းသည်။ အရည်ကြို၍ ချက်သည်။ ငရုတ်သီးက မရှိ ....။ စပ်ရန် ` ပဒဲကော´ များအား ထောင်း၍ ငပိရည်တွင် ထဲ့ဖျော်စားရသည်။ `ပဒဲကော´ က ငရုတ်သီးကဲ့သို့ စပ်ခြင်းမဟုတ် ...။ ပူ၏။ ဘာဘဲဖြစ်ဖြစ် ထမင်းတော့ မြိန်သည်သာ ....။
ကျော်သန်းသည် မနက်စောစောထလေ့ရှိ၏။ သူနိုးသည်နှင့်ရေနွေးအိုးကြိုသည်။ ရေနွေးအား လေးထောင့်သံစည်ပုံးနှင့် ကြိုခြင်းဖြစ်သည်။ `ခပ်´စရာလက်ဖက်ခြောက်ကမရှိ။ `လောက်သေ´ရွက်များအား အခြောက်လှန်း၍ `ခပ်´သည်။ `လောက်သေရွက်´ ရေနွေးကြမ်းက အရောင်မှာမူ နီညိုညို.....လက်ဖက်ခြောက်အရောင်ပင်....။ အနံ့ကမူ ....စိမ်းရွှေရွှေအနံ့ နည်းနည်းရ၏။ ကျနော်တို့အားလုံး ရေစိမ်းမသောက်ကြ ။ လောက်သေရွက်ရေနွေးကြမ်းကိုသာ သောက်ကြ၏။
ဆေးပေါ့လိပ်က ဗိုလ်ကြီးဘအေး၏ဈေးဆိုင်တွင် ရောင်းသော်လည်း ကျနော်တို့ ၀ယ်မသောက်နိုင်....။ ကျနော်တို့ ဆေးလိပ်သောက်တတ်မှန်းသိ၍ ကျော်သန်းသည် ဓါးလှီးဆေးနှင့် ဘန့်ဘွေးရွက်များရှာ၍ ယူလာပေး၏။ သူကမူ ဆေးလိပ်မသောက် ....။ ဘန့်ဘွေးရွက်နှင့် `ပွတ်ချွန်း´ လိပ်ရသည်မှာ မလွယ် ...။ လိပ်ရင်းနှင့်ပင် ပြေပြေ၍သွား၏။
ကျနော်တို့ မဲလထတွင် ရောက်နေသည်မှာ တစ်ပါတ်ခန့်ရှိပြီ။ မာနယ်ပလောမှ ကြေးနန်းက ပြန်မလာသေး....။ စောင့်ရမည်သာ ....။ ဖတ်စရာ စာအုပ်က မရှိ....။ အချိန်သည် ကြာမြင့်လှသည်ဟု ထင်မိ၏။ ညနေ ...နေချိုလျှင် ကျနော်တို့ သံလွင်သို့ ဆင်းကြ၏။ တန်ခူး၊ကဆုန်လများဖြစ်၍ သံလွင်မြစ်ရေသည် မြစ်လယ်ရေစီးကြောင်းအတွင်း၌သာ ရှိ၏။ ကမ်းပါးနှင့်ရေစပ်သည် ဘောလုံးကွင်းတစ်ကွင်းစာမျှ အလှမ်းကွာ၏။ သဲသောင်ပေါ်၌ ကျောက်တုံးကျောက်ဆိုင်များသည် ထိုးထိုးထောင်ထောင် ....။အချို့ ကျောက်တုံးများက လူတစ်ရပ်ကျော်သည်အထိ မြင့်၏။ မိုးမခပင်များက ကျောက်ဆိုင်များနှင့်ကပ်၍ ပေါက်နေကြသည်။ ကျောက်တုံး၊ ကျောက်ဆိုင်များက မြစ်ရေလျှံသည့်အချိန်၌ ရေအောက်တွင်မြုပ်နေကြသည်ဖြစ်၍ ရေညှိများနှင့်မဲလျက်ရှိသည်။ အဝေးမှကြည့်လျှင် ကမ်းပါးနှင့် မြစ်ရေစပ်အကြား သဲသောင်ပြင်သည် ဖြူလွှသောအောက်ခံ၌ အမဲစက်များ ဆေးစက်တို့ထားသည်နှယ် ......။
နေလုံးသည် မဲညောခီးတောင်တန်းများအကြားငုတ်ဆင်း၍ သွားပြီဖြစ်သော်လည်း အလင်းရောင်က သံလွင်မြစ်ပြင်ပေါ်ဝယ် ဖြန့်ကျက်လွှမ်းမိုးထားဆဲဖြစ်၏။ သံလွင်က ဒေါသကြီး၏။ မြစ်ပြင်အတွင်းထိုးထွက်နေသော ကျောက်ဆောင်များအား အဟုန်နှင့် ပြေးဆောက်၏။ ဖွာလွင့်သွားသော်လည်း အိနြေ္ဒမပျက် ဆက်၍ စီးဆင်းသွားမြဲ....။ ၀ဲကတော့ကြီးများဖြစ်၍ လှည့်ပတ်ရင်းနှင့်လည်း စီးဆင်း၏။ မြစ်ရေက မကြည်မြ....။ ညိုညစ်ညစ်....။
ကျနော်တို့ ညနေတိုင်း ..... သဲသောင်တွင်ထိုင်၍ သံလွင်အားကြည့်ကြ၏။ ကျနော်တို့အရှေ့မှ ဖြတ်စီးသွားသော မြစ်ရေသည် ခဏငယ်အတွင်း `ဘောသရော´သို့ ရောက်မည်။ ခဏငယ်ပေါင်းများစွာတွင် `ကမမောင်း´သို့ ဆိုက်မည်။ မြိုင်ကြီးငူအားကျော်မည်။ ပြီးလျှင် ....မော်လမြိုင်အားလွန်၍ ပင်လယ်သို့ ၀င်မည်။
သံလွင်က ....အဆုံး၌ ပင်လယ်အား ရှာတွေ့သွားမည်ပင် .....။

၂၀၀၈ခုနှစ် ဧပြီလ (၂၅)ရက်နေ့၌ Mizzimaတွင်ဖော်ပြခဲ့သည်။

No comments:

Post a Comment